Breaking News

သီအိုဇော် - ကုလသမဂ္ဂအရေးနဲ့ ဝေးဝေးနီးနီး ဆက်လျှောက်ရမယ့်ဒီခရီး - ၂

သီအိုဇော် - ကုလသမဂ္ဂအရေးနဲ့ ဝေးဝေးနီးနီး ဆက်လျှောက်ရမယ့်ဒီခရီး - ၂

(မိုးမခ) ဩဂုတ် ၂၀၊ ၂၀၂၁

အာဖရိကန်နိုင်ငံများအုပ်စု


ဒီနိုင်ငံများနဲ့ပတ်သက်ပြီးတော့ ရှည်ရှည်ရေးသားရမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Credentials Committeeမှာ အာဖရိက(၂)နေရာရထားပါတယ်၊ ကုလသမဂ္ဂ အဖွဲ့ဝင်စုစုပေါင်း (၁၉၃) နိုင်ငံအနက် အာဖရိက နိုင်ငံများက (၅၄) နိုင်ငံရှိတဲ့အတွက် ဒီဒေသအုပ်စု အနေနဲ့ (၂၈)ရာခိုင်နှုန်းရှိတယ်လို့ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် Credentials Committee အတွက်သာမက တစ်နိုင်ငံတစ်မဲနှုန်းနဲ့ မဲခွဲကြမယ်ဆိုရင်လည်း အာဖရိကနိုင်ငံတွေ ဆီက အားကောင်းတဲ့ ထောက်ခံမှု ရရှိဖို့ လိုအပ်ပါလိမ့်မယ်။အထွေထွေညီလာခံကြီးရဲ့ထောက်ခံမှု ရဖို့အ တွက် အနည်းဆုံး (၉၇) နိုင်ငံက NUG ကိုမဲပေးကြရမှာဖြစ်ပါတယ်။ အာဖရိကန်နိုင်ငံအားလုံးကထောက်ခံရင် နောက်ထပ်(၄၃) နိုင်ငံပဲ လိုတော့တယ် ဆိုတဲ့သဘောပါ။သူတို့ဆီက တသံတည်းထွက်ဖို့ဆိုတာ သိပ်တော့မ လွယ်လှပါဘူး။ ’အီဂျစ်’၊ ‘လစ်ဗျား’၊’မာလီ’၊’တိုဂို’၊’ယူဂန္ဓာ’၊’ဇင်ဘာဘွေ’၊ အယ်လ်ဂျီးရီးယား’၊’ဆိုမာလီ’၊ အီသီ ယိုးပီးယား’အစရှိတဲ့ နိုင်ငံတွေဟာ ဇွန်လ(၁၈)ရက်နေ့တုန်းကလည်း ကြားနေခဲ့သူတွေပါ။ ဘာပဲဖြစ်ဖြစ် ကြိုး စားအားထုတ်ကြည့်ရမှာကတော့ ကိုယ့်တာဝန်သာဖြစ်ပါတယ်။

အလယ်အာဖရိကနိုင်ငံတခုဖြစ်တဲ့ ‘ကင်မရွန်း’နိုင်ငံဟာ (၇၁) ကြိမ်နဲ့ (၇၅) ကြိမ်မြောက်မှာအလှည့်ကျအဖွဲ့ဝင် ပါ။ အရှေ့အာဖရိကနိုင်ငံများနဲ့ အနောက်အာဖရိကနိုင်ငံတွေက အဖွဲ့ဝင်မကြာခဏဖြစ်တတ်ပါတယ်။ ‘နိုင်ဂျီး ရီး ယား’၊’အီသီယိုးပီးယား’၊’အီဂျစ်’၊‘ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ’တို့ဟာ အာဖရိကန်နိုင်ငံ လူဦးရေစုစု ပေါင်းရဲ့ (၃၈) ရာခိုင်နှုန်းလောက်ရှိပြီး အလှည့်ကျအဖွဲ့ဝင်မဖြစ်တာ အ‌တန်ကြာနေပါပြီ။ Credentials Committee အဖွဲ့ဝင်ဖြစ်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှု၊ မျှတကောင်းမွန်သောပုံရိပ်ရှိမှု စတာတွေကို ထည့် သွင်းစဥ်းစားရတဲ့ သဘောရှိတဲ့အတွက် အချို့ နိုင်ငံတွေ ကျန်ရစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

အစဥ်အလာအားဖြင့် မြန်မာနိုင်ငံနဲ့ အာဖရိကန်နိုင်ငံများဟာ နီးနီးကပ်ကပ်ဆက်ဆံရေး သိပ်မရှိဘူးလို့ ယူဆ ရပါတယ်။ သိရသလောက်တော့ မြန်မာနိုင်ငံမှာ သံရုံးထားရှိတာ အာဖရိကန်နိုင်ငံများထဲက ‘အီဂျစ်’တစ်နိုင်ငံ တည်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း အာဖရိကတိုက်မှာ ‘အီဂျစ်’နဲ့ ‘တောင်အာဖရိက’နိုင်ငံတွေမှာပဲ သံ ရုံးထားရှိပါ တယ်။အာဖရိကန်သမဂ္ဂမှာ စုစုပေါင်းအဖွဲ့ဝင် (၅၅) နိုင်ငံရှိပြီး မြန်မာနိုင်ငံနဲ့ သံတမန်အဆက် အသွယ် ထားရှိတာ (၂၁) နိုင်ငံပဲရှိတယ်လို့ သတိထားမိပါတယ်။

ပထမဦးဆုံး သံတမန်ဆက်သွယ်ခဲ့တဲ့ အာဖရိကနိုင်ငံကတော့ ‘အီဂျစ်နိုင်ငံ’ဖြစ်ပြီး ၁၉၅၃ ခုနှစ်က စတင်ခဲ့ တာပါ။ နောက်ဆုံးအပြန်အလှန်ဆက်သွယ်ခဲ့တဲ့နိုင်ငံတွေက ‘ဘီနင်’နဲ့ ‘တိုဂို’တို့ဖြစ်ကြပြီး ၂၀၁၉ ခုနှစ် အတွင်း ကပါ။ ဒီနှစ်နိုင်ငံနဲ့အတူ ပြည်ထောင်စုလွှတ်တော်က သံတမန်ဆက်သွယ်ကြဖို့ အတည်ပြုခဲ့တဲ့ အထဲမှာ ‘ကွန်ဂိုဒီမိုကရက်တစ်သမ္မတ’နိုင်ငံလည်း ပါပေမယ့် အခုအချိန်အထိ တရားဝင် သံတမန်ဆက်သွယ်မှု မပြု လုပ်ကြရသေးဘူးလို့ ယူဆရပါတယ်။

လူ့သဘောသဘာဝအရ ကိုယ်နဲ့ ဖြတ်သန်းခဲ့ရတဲ့ နောက်ခံအတွေ့အကြုံ၊ အသက်မွေးဝမ်းကျောင်း အစ ရှိသဖြင့်မှာ တူညီနီးစပ်မှုတွေရှိရင် ပြောဆိုဆက်ဆံကြရာမှာ ပိုပြီးစိတ်သက်တောင့်သက်သာ ရှိတတ်ကြစမြဲ ပါ။ နိုင်ငံတကာမှာလူဝင်မဆန့်တဲ့ စစ်ကောင်စီအနေနဲ့ စစ်အာဏာသိမ်းနိုင်ငံတွေ၊ စစ်ခေါင်းဆောင်ကနေ အရပ်ဖက်ပြောင်းလာတဲ့ နိုင်ငံအကြီးအကဲတွေကို ပိုပြီးချဥ်းကပ်ချင်စိတ်ရှိနိုင်ပါတယ်။ အာဖရိကန်နိုင်ငံတွေ မှာ ဒီလိုအခြေအနေတွေနဲ့ မကင်းတဲ့နိုင်ငံတွေရှိပါတယ်၊ ဥပမာပြောရရင် လက်ရှိ‘ နိုင်ဂျီးရီး ယား’ သမ္မတဟာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ဖြစ်ပါတယ်။သမ္မတ ဘူဟာရီ က သူအာဏာ သိမ်းစဥ်က နိုင်ငံခြားရေးဝန်ကြီး အဖြစ်ခန့်အပ်ခဲ့ဖူးသူကို အခုသမ္မတရဲ့ ဝန်ထမ်းအကြီးအကဲ (Chief of Staff) ခန့်အပ်ထားပါတယ်။ အရေးပါတဲ့နိုင်ငံရေးရာထူးမျိုး မဟုတ်ပေမယ့် နီးနီးကပ်ကပ် ဆက်ဆံရေးရှိတဲ့ အနေ အထားပါ။သူကနေတဆင့် မြန်မာနိုင်ငံအကြောင်း၊မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ စိတ်နေစိတ်ထားကို ‘ဘူဟာရီ’ က ကောင်းစွာသိနိုင်မှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ထိုသူဟာ တချိန်ကမြန်မာ့နိုင်ငံရေးမှာ သူ့နံမည်ကိုမသိသူ မ ရှိလို့ ဆိုနိုင်မယ့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်’ ဂမ်ဘာရီ’ ဖြစ်နေလို့ပါ။ ‘ဘူဟာရီ’ ကိုယ်တိုင်ကလည်း ၂၀၁၇ခုနှစ်က ကုလသမဂ္ဂမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဘောစနီးယား၊ ရဝမ်ဒါ တို့မှာဖြစ်ခဲ့တဲ့ လူမျိုး တုန်း သတ်ဖြတ်မှုနဲ့ နှိုင်းယှဥ်ပြောကြားခဲ့ဖူးလေတော့ စစ်ကောင်စီအနေနဲ့ အလွယ်တကူ ချဥ်းကပ်စည်းရုံးလို့ ရနိုင်မယ်မထင်ပါ။

ရိုဟင်ဂျာအရေးနဲ့ဆက်စပ်ပြီး ‘ဂမ်ဘီယာ’ဆိုတဲ့ အာဖရိကန်နိုင်ငံကို မြန်မာပြည်သူတွေ ပိုသိလာကြတယ်ဆို ရင်မမှားနိုင်ပါ။ ဂမ်ဘီယာဟာ Organization of Islamic Cooperation (OIC) အဖွဲ့ဝင်ဆိုတာကိုလည်း အမှတ်ရ ကြမှာပါ၊ အဖွဲ့ဝင်(၅၇)နိုင်ငံ ရှိတဲ့ အိုအိုင်စီ မှာ အာဖရိကန်နိုင်ငံ(၂၆)နိုင်ငံ ပါဝင်ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီအတွက် အာဖရိကန်နိုင်ငံများကို သူ့ကိုမဲပေးအောင် ဘယ်လိုကြိုးစားနိုင်မလဲဆိုတာ စိတ်ဝင်စားစ ရာပါ။ NUG အတွက်လည်း အလွန်သိမ်မွေ့တဲ့ ချဥ်းကပ်မှုမျိုး ဖြစ်ရပါလိမ့်မယ်၊ ICJ မှာ ထိပ်တိုက်တွေ့ခဲ့ကြ တဲ့ ပြီးခဲ့တဲ့ NLD အစိုးရဝတ်ရုံကို အတတ်နိုင်ဆုံး ခွာချဆက်ဆံ ကြဖို့လိုအပ်ပါမယ်။ ပြဿနာရဲ့အရင်းအမြစ် ကို အိုအိုင်စီအဖွဲ့ဝင်တွေ ကလည်း သဘောပေါက်ပြီးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

အမျိုးဘာသာသာသနာဆိုပြီး တွင်တွင်ကြွေး‌ကြော်နေတဲ့ စစ်ကောင်စီနဲ့ အိုအိုင်စီအဖွဲ့ဝင်တွေနဲ့ဆက်ဆံကြတဲ့ အခါ အပြန်အလှန်စိတ်မသက်မသာ ဖြစ်ကြမယ်ထင်ပါတယ်။ စစ်ကောင်စီက ချွင်းချက်အနေနဲ့‌တော့ အိုအိုင် စီရဲ့ စောင့်ကြည့်လေ့လာသူ အဖွဲ့ဝင်နိုင်ငံတစ်ခုကို ထားရှိနိုင်ပါတယ်။အဲဒီနိုင်ငံကတော့ စစ်ကောင်စီ နဲ့ အလွန် တရာမှ နွေးထွေးတဲ့ဆက်ဆံရေးရှိတဲ့ရုရှားနိုင်ငံပါ။ ရုရှားနိုင်ငံဟာ အိုအိုင်စီရဲ့ စောင့်ကြည့်လေ့လာသူ အဖွဲ့ဝင် အဆင့်ရှိပါတယ်။ အတိအကျပြောကြားဖို့ခက်ခဲတဲ့အတွက် မော်စကိုတိုင်း(မ်)သတင်းစာမှာတောင် ရုရှားမှာ အစ္စလာမ်ဘာသာဝင် (၁၄)သန်းကနေ (၂၀)သန်းအထိ ရှိနိုင်တယ်လို့ အကြမ်းဖျဥ်းခန့်မှန်းခဲ့ဖူးပါတယ်။ ရုရှားအနေနဲ့ အိုအိုင်စီမှာ စစ် ကောင်စီအတွက် နောက်ကွယ်ကနေ လော်ဘီများ လုပ်ပေးနေမလားဆိုတာ ကတော့ ထည့်စဥ်းစားရမယ့် အချက်ပါ။

ဒီလိုဆိုရင် Belt and Road Initiative (BRI) စီမံကိန်းတွေနဲ့ အာဖရိကမှာ ခြေလှမ်းစိတ်နေတဲ့ တရုတ်အနေ အထားကိုလည်း စောင့်ကြည့်သင့်ပါတယ်။ ပေါ်ပေါ်ထင်ထင် မဟုတ်ရင်တောင်မှ နောက်ကွယ်မှာ သူနဲ့ နီးစပ် တဲ့အာဖရိကန် အစိုးရတွေကို စစ်ကောင်စီအတွက်လော်ဘီလုပ်ပေးနိုင်ပါတယ်၊ လျှော့တွက်လို့မရတဲ့ အနေ အထားပါ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar