Breaking News

လှကျော်ဇော - တရုတ် ကိုဗစ်-၁၉ကာကွယ်ဆေးအကြောင်း သိကောင်းစရာများ။

လှကျော်ဇော - တရုတ် ကိုဗစ်-၁၉ကာကွယ်ဆေးအကြောင်း သိကောင်းစရာများ

(မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၁

အခုတလော ဗမာပြည်မှာ တော်တော်များများရလာတဲ့ တရုတ်ကာ ကွယ်ဆေးများထိုးဖို့ စကစ ကစီစဉ်တဲ့အခါ ပြည်သူအတော်များ များက(စကစအပေါ် မကျေလည်မှုအခြေခံပြီး)မထိုးချင်ကြပါဘူး။ ကောလာဟလတွေကြောင့် တရုတ်ဆေးအပေါ်မယုံကြည်တာလည်း ပါဟန်ရှိ ပါတယ်။ (သူတို့တရုတ်ပြည်မှာတောင် အစိုးရက ကောလာဟလတွေမယုံဖို့၊ စိတ်ချလက်ချကာကွယ်ဆေးထိုးဖို့ အတော်ဟောပြောနေရတာပါ။ ပြီးခဲ့တဲ့ တပတ်တွင်းက အသက်(၁၀၀)ကျော် အဘိုးတဦး ကာကွယ်ဆေးထိုးနေတဲ့ပုံနဲ့ ရောဂါကူးစက်ခံရရင်အန္တရာယ်ရှိလို့အသက်ကြီးရင့်သူများလည်းထိုးနှံကြဖို့ လှုံ့ဆော်ထားတဲ့ သတင်းတပုဒ်လာသွားပါသေးတယ်။)

တကယ်တော့-ဒီကာကွယ်ဆေးထိုးရေးဟာ ကျန်းမာရေးပြဿနာသာ ဖြစ်တဲ့အတွက် သိပွံနည်းကျစဉ်းစားဖို့လိုပါတယ်။

တရုတ်ပြည်မှာ ၂၀၀၃ခုနှစ် ဆားစ်ရောဂါဖြစ်ပြီးကတည်းက ဒီလိုမျိုးရောဂါပိုးတွေ (အထူးသဖြင့် ဗိုင်းရပ်အသစ်အဆန်းတွေ အချိန်မရွေးပေါ်ပေါက်လာနိုင်လို့) အတွက် ကာကွယ်ဆေးထုတ်လုပ်ရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေကို (အစိုးရကငွေအလုံးအရင်းထုတ်ပြီး) အတော်အားစိုက်လုပ်နေခဲ့ပါတယ်။ (WHO)နဲ့ရော တခြားနိုင်ငံတကာက ပညာရှင်များနဲ့ပါ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ အမေရိကန်ကပညာရှင်များတောင် (ထရန့်ပြန်ခေါ်သွားတဲ့အထိ) ပါ ပါတယ်။

အဲဒီသုတေသနလုပ်ငန်းက ထွက်လာတဲ့အကျိုးအမြတ်ကလည်း များပါ တယ်။ ဥပမာအားဖြင့် …

၁။ နှစ်စဉ် ဆောင်းအဝင်မှာထိုးရတဲ့ အအေးမိ တုပ်ကွေး (influenza) ကာကွယ်ဆေး

တရုတ်ပြည်မှာ အသက်(၆၀)ကျော်သူတိုင်း အခမဲ့ နှစ်စဉ်ထိုးပေးနေတာပါ။ ဗိုင်းရပ်စ်အမျိုးပေါင်း (၇-၈) မျိုးလောက် နှစ်စဉ်အပြောင်းအလဲလုပ်ပီး ထိုးပေး

နေတာ။ ဒီဆေးထိုးထားသူများဟာ အအေးမိတုတ်ကွေးဖြစ်လည်း သိပ်မပြင်းထန်ပါဘူး။

၂။ ဘက်တီးရီးယား အဆုပ်ရောင်ရောဂါအမျိုးမျိုး ကာကွယ်ဆေး

အဆုပ်ရောင်ရောဂါပိုး (pneumococci ... မျိုးကွဲများ) အတွက် ကာကွယ်ဆေး ၅နှစ်တကြိမ် ထိုးရပါတယ်။ အသက်(၆၀)ကျော်သူများကို အခမဲ့ ထိုးပေးပါတယ်။ ကျန်သူများ ငွေ (ယွမ် ၂၀၀ကျော်) ပေး ထိုးနိုင်ပါတယ်။

၃။ တုတ်ကွေးကုသတဲ့ ဗိနွောဆေးများ

ဗိုင်းရပ်ကြောင့်ဖြစ်တဲ့အတွက် အနောက်တိုင်းပဋိဇီဝဆေးများ မတိုးပါဘူး။ ဒါကြောင့် လက္ခဏာလိုက် ကုသတဲ့ တရုတ်ဗိနွောဆေးတွေ အသုံးတဲ့ပါတယ်။ အထူးသဖြင့် ဗိုင်းရပ်အသစ်အဆန်းတွေကြောင့် ဖြစ်လာရင် စမ်းသပ်ကုသရင်းက နာမည်ရလာတာပါ။ အခုတလောလူပြောများတဲ့ (Lianhua Qingwen) လျှံဟွချင်ဝင် ဆိုရင် ဆားစ်ရောဂါမှာစတင်သုံးရင်း က တဖြည်းဖြည်းလူကြိုက်များလာတာပါ။ အပူကြီးရင် ၊ကိုယ်ခန္တာ ခုခံမှုအားနည်းရင် စမ်းသုံးကြည့်ရင်းက အောင်မြင်လာတဲ့ဆေးတွေပါ။ ကိုဗစ်အတွက်လည်း အသုံးတဲ့နေပါတယ်။

ဒါတွေက ဥပမာတချို့ပါ။

အခုလည်း ကိုဗစ်-၁၉ စဖြစ်တဲ့ ဝူဟန့်ကို တပြည်လုံးက ဆေးအဖွဲ့ တွေနဲ့အတူ ကာကွယ်ဆေးသုတေသနအဖွဲ့ကြီး (လူ၃၀၀ ကျော် ပါတယ်) လည်း အစောကြီး ရောက်သွားတာပါ။ ဒီအဖွဲ့ကပဲ ဒီဗိုင်းရပ်ပိုးရဲ့မျိုးဗီဇ (genome) ကို အစောဆုံးရရှိပြီးတာနဲ့ ကမ္ဘာကိုကြေညာပေးလိုက်တာပါ။ ဒီအပေါ်အခြေခံပြီး ကျန်နိုင်ငံများက ရောဂါရှိမရှိ စစ်ဆေးတဲ့ (nucleic test kids) ကိုရော၊ ကာကွယ်ဆေးအမျိုးမျိုးကိုရော ထုတ်လိုက်နိုင်တာဖြစ်ပါတယ်။

ဒီကာကွယ်ဆေးကို တရုတ်က စောစောစီးစီးရရှိလိုက်ပြီး စမ်းသပ်စစ် ဆေးမှုအဆင့်အသီးသီး (ပြည်တွင်းမှာရော၊ပြည်ပမှာပါ) မှာ လုပ်ဆောင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ (W.H.O) ထောက်ခံမှုကို ရခဲ့ပါတယ်။

ဒီနောက်မှာ သူ့တိုင်းပြည်တွင်း (အသက် ၁၈ - ၆၀ ကြား) ရှိလူများကို အခမဲ့ထိုးပေးခဲ့ပါတယ်။ အခုအခါ (၂ကြိမ်ထိုးပြီးလို့) အပြည့်အဝ ကာကွယ်ဆေးထိုးပီးသူသန်း (၇၇၀) ရှိသွားပြီ လို့ အရင်အပတ်တွင်းက ကြေညာသွားပါတယ်။

ဒါ့အပြင် တရုတ်ရဲ့သဘောထားက ဒီကိုဗစ်ရောဂါဟာ ကမ္ဘာကပ်ရောဂါ ဖြစ်တဲ့အတွက်ကြောင့် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအ၀၀ကို နိုင်ငံအားလုံး ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပြီးဒီရောဂါကာကွယ်ဆေးဟာလည်း လူထုအကျိုး ( public good)အတွက် လုပ်ရမှာဖြစ်တယ် တဲ့။

ဒါကြောင့် တရုတ်ထုတ် ကာကွယ်ဆေးများကို တရုတ်က ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားကို လှူလည်း လှူ၊ ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးတဲ့အပြင် တချို့နိုင်ငံများ (ဥပမာ - အီဂျစ်၊ ကွာတာ၊ အင်ဒိုနီရှား … စတဲ့)နဲ့ ပူးတွဲထုတ်လုပ်တာ တွေတောင် လုပ်ဆောင်နေပါတယ်။ ( ဒါတွေကြောင့် အရင့်အရင်ခေတ်များက တကမ္ဘာလုံးက ဆေးဝါးဈေးကွက်ကို လွှမ်းမိုး လက်ဝါးကြီးအုပ်ထားတဲ့ အနောက်နိုင်ငံက ဆေးကုမွဏီကြီးများက မလိုမလားဖြစ်တာတွေ၊ ကောလာဟလအမျိုုး မျိုးလွှင့်တာတွေ လုပ်လာတာပါ။ ကမ္ဘာ့မီဒီယာကိုလည်း သူတို့က လွှမ်းနိုင်တယ် လေ။)

အခု နောက်ဆုံးထွက်ပေါ်လာတဲ့ (C.G.T.N) သတင်းအရ တရုတ်ပြည် အနေနဲ့ နိုင်ငံပေါင်း(၆၀)ကျော်ကို ကာကွယ်ဆေး အလုံးသန်း(၈၀၀) နီးပါး ပို့ဆောင်ပြီး ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုဗစ်ကာကွယ်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့ (COVAX) ကိုဗက်အတွက်လည်း ကာကွယ်ဆေး (၂) ဘီလီယံလှူမယ် လို့ ကတိပြုထားပါတယ်။

တရုတ်ရဲ့ ပြည်တွင်းကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများဟာ အလွန်အသေးစိတ်ပြီး သိပ်စနစ်ကျပါတယ်။ ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းသာမက ကျန်အဆင့်အသီးသီးမှာလည်း ကွက်လပ်မကျန်အောင်ကို ဘက်စုံက ပြည့်စုံအောင်လုပ်ဆောင်နိုင်တာပါ။

စာရင်းဇယားတခုကိုကြည့်ရအောင် -

၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ချိန် လူ့သက်တမ်း - ၄၇နှစ်။

၁၉၇၆ ခုနှစ် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့် ပေါ်လစီ စ ချိန် - သက်တမ်း - ၆၉နှစ်။

၂၀၂၁ ခုနှစ် - တရုတ်ကွန်မြူနစ်ပါတီ အနှစ်(၁၀၀)ပြည့်ချိန် - အမျိုးသား - ၇၆နှစ်။ အမျိုးသမီး - ၇၈နှစ်။

ဒါကိုကြည့်ရင် တရုတ်အစိုးရရဲ့ကျန်းမာရေးဆိုင်ရာလုပ်ဆောင်ချက်များ အကျိုးသက်ရောက်မှု ရှိမရှိ နဲ့ အောင်မြင်မှုအခြေအနေတွေကို သုံးသပ်ကြည့် နိုင်ပါတယ်။

ဒါကြောင့် တရုတ်ရဲ့ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများကို စနစ်တကျ စိတ်ချလက်ချထိုးကြဖို့ တိုက်တွန်းအပ်ပါတယ်။

ကူးစက်ရောဂါကာကွယ်ဆေးများကို ဘာဆေးပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံကပဲဖြစ်ဖြစ် လက်လှမ်းမီလို့ကတော့ ထိုးသာထိုးကြပါ။ ဒီကာကွယ်ဆေးများကြောင့်သာ လူသားတွေရဲ့ သက်တမ်းဟာ တဖြည်းဖြည်း ရှည်ရှည် လာတာပါ။ ဒါပေမဲ့ ဘယ်ကာကွယ်ဆေးမှ ရာနှုန်းပြည့်ကာကွယ်နိုင်တယ် ဆိုတာ မရှိပါဘူး။ဆေးထိုးပြီး တုံ့ပြန်မှု အနည်းအများလည်း ရှိနိုင်ပါတယ်။ ရာနှုန်း အလွန်နည်းပါတယ်။ ကောင်းကျိုးက ပို များပါတယ်။

လှကျော်ဇော
၂၂-၈-၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar