Breaking News

မိုးမခအက်ဆေး - မိုးရင့် " ချည်တိုင်၏အဝေးသို့ထွက်ပြေးနေသော "

မိုးမခအက်ဆေး
သြဂုတ် ၂၄၊ ၂၀၂၁

ချည်တိုင်၏အဝေးသို့ထွက်ပြေးနေသော
မိုးရင့်

             စက္ကန့်တံလေးသည် မပျင်းမရိခြေလှမ်းမှန်မှန်ဖြင့် ဒိုင်ခွက်အဝိုင်းအား လှည့်ပတ်သွားလာနေသည်။ ပြေးလမ်းအား မည်မျှပတ်မိသည်ဆိုသည်ကိုမိနစ်လက်တံက ဆက်လက်ညွှန်ပြနေမည်။ နာရီ၊ ရက်၊ လ အဖြစ် ဆက်လက်ရွေ့လျားနေကြမည်။
အသွင်မပြတ်တရွ့ရွေ့စီးနေသောအချိန်မြစ်ထဲတွင် ကျွန်တော်လည်း ပျောက်ရှကျန်ရစ်ခဲ့နိုင်ပါသည်။ နေ့မြင်ညပျောက် ခုမြင်ခုပျောက် ကာလဆိုးတွင် ရင်းနှီးသောမျက်နှာများ၊ မကျွမ်းဝင်သောသူစိမ်းများ မည်မျှပျောက်ရှကျန်ရစ်ခဲ့သည်ကို အဘယ်နှလုံးသားက လက်ချိုးရေတွက်နိုင်မည်နည်း။
အသွားအလာအကန့်အသတ်မူများ တားမြစ်ထားကြပြီ။ အိမ်တွင်းအောင်းနေသည့် ကာလကြာမြင့်သည်နှင့်အမျှ ပျင်းရိအထီးကျန်ခြင်းက ထူထူထဲထဲကျရောက်နေသည်။
             ကိုဗစ်ကြောင့် အသွားအလာထိန်းသိမ်းကြရသည်။ အလည်အပတ်ခရီးများ ခြေရိုက်ချိုးခံရသည်။ ချစ်ခင်ရသူများနှင့် လွယ်လင့်တကူမတွေ့ဆုံနိုင်ကြသည်အထိ အထိအတွေ့များအား ငတ်မွတ်ရသည်။ ထိုအကြောက်တရားများ တဖြည်းဖြည်းပေါ့လျော့လာကြပြီး ပုံမှန်နေထိုင်ရန်အသင့်အနေအထားတွင် (၂၀၂၁ နွေဦး) ချောက်ထဲကျခဲ့ရသည်။ အောက်ကိုဆွဲချနေသော်လည်း ပြည်သူလူထုတရပ်လုံး အုံကြွလမ်းပေါ်ထွက်လာကြသည်။ ကိုဗစ်ကို ဂရုမထားကြတော့။ လေထုထဲကအသံတိတ်လူသတ်ကောင်အား မကြောက်မရွံ အသံကုန်ဟစ်ယအော်ကြွေးကြော်တိုက်ပွဲဝင်ကြသည်။ ခရီးလမ်းတပိုင်းတွင် အသက်ပေး စွန့်လွတ်အနစ်နာခံသွားသည့်သူရဲကောင်းများစွာအတွက် ရင်နင့်ကြရသည်။ အသားမာများတက်သည်အထိ တောက်ခတ်ကြရသည်။ အံသွားများပဲ့ကြွေသည်အထိ အံတင်းတင်းကြိတ်ကြရသည်။ ပြန်လည်တိုက်ခိုက်ပုန်ကန်လိုစိတ်ကို ဓားအိမ်ဆွဲထုတ်မည်အလုပ်၌ တတိယလှိုင်းက အရှိန်ပြင်းပြင်းလာဆောင့်သည်။
              မောင်းချဓားတစ်ချောင်းလို အိမ်တွင်းခွေနေရသည့်နေ့ရက်များ။ စက္ကန့်တံလေးသည် မပျင်းမရိခြေလှမ်းမှန်မှန်ဖြင့် ဒိုင်ခွက်အဝိုင်းအား လှည့်ပတ်သွားလာနေသည်။ ခြေဖဝါးများကို လော့ဒေါင်းချထားသည်။ မိုးကတဖွဲဖွဲ၊ ငလျင်ဘေး၊ အောက်ဆီဂျင်ကျဆင်းပြီးသေဆုံးသူများ။ သေခြင်းတရားအမျိုးမျိုးသည် ကျွန်တော်တို့ပတ်ဝန်းကျင်လက်တကမ်းမှ စောင့်ကြိုနေသည်။ ပျံသန်းလိုစိတ်၊ နှလုံးမသာယာခြင်း၊ လက်တု့ံပြန်ချင်မူ၊ ငြီးငွေ့ဒေါသတရားများသည် ဆံဖျားမှ ခြေဖျားထိတဆစ်ဆစ်ကိုက်ခဲနေသည်။ ဂဏှာမငြိမ်လူးလွန့်နေသောစိတ်များ အနည်ထိုင် ငြိမ်သက်စေရန် ထွက်သက်ဝင်သက်များစောင့်ကြည့်မိသည်။ အာနာပါန ရှုမှတ်နေရင်း ...

"ချည်တိုင်နဲ့ဝေးဝေးမှာထွက်ပြေးနေတဲ့အရာ"

ဝင်သွားတဲ့လေနောက်လိုက်မသွားနဲ့
အထွက်ကိုလည်းမကြည့်ငေး
ထိနေတာကို သိနေဖို့ပဲ
ထိုင်နေတာတော့ကြာပြီ
လွင့်နေလွတ်မြောက်နေဆဲ
မထိန်းချုပ်နိုင်သေး

နွေဦးကို မလိုချင်ပဲလက်ခံထားရတယ်
လှေလူးပေါ်က နေ့ရက်တွေရယ် ဖြောင့်ဖြူးပါ့မလား
မနက်ဖြန်မိုးအလင်းစားကျက်ထဲဆင်းရဦးမလား
ခြေဖဝါးတွေကတော့ လော့ဒေါင်းချထားဆဲ
လက်သုံးချောင်းအလံတိုးဝှေ့ဖြတ်သန်းလာတဲ့လေထဲ
အောက်ဆီဂျင်ဘယ်လောက်သားထည့််ပါးလိုက်သလဲ
လောင်အားပြင်းပြင်းနဲ့ညှော်နြံပင်းတဲ့ ကာမအတွက်
အသက်ရှုချိန်လေး
အရေးတော်ပုံအောင်ရမည်

ဆီဟာ အပေါက်ရှာသလိုမျိုး
စိတ်ကိုစောင့်ကြည့်ရတဲ့အလုပ် မလွယ်တာ သေချာတယ်
ထွက် ထွက်ပြေးနေတာ ဖမ်းရ ထိန်းရ သိပ်သိပ်ခက်တယ်

စိတ်အနည်ထိုင်အောင်စိတ်တံခါးဝ
ချောင်းကြည့်ပါတယ်ဆိုကာမှ
အတွေးတွေက မျောလွင့်နေပြန်
ပြန်စ
ထိတယ် သိတယ်

နားထဲကို အကောင်တစ်ကောင်ကောင်
တိုးဝင်သွား
ယားယံစေတဲ့ အကောင်တစ်ကောင်ကောင်
ခန္ဓာအနှံလိုက်ကိုက်နေ
ခြေတွေထုံထိုင်းလာတာ ခံရခက်လိုက်တာ

တည့်တည့်စိုက်ကြည့်
အလင်းတုလွတ်ထားလိုက်
ချည်တိုင်ဆီ နီးလာစေ

နွံအိုင်လေးထဲ တစ်ခုခုပြုတ်ကျသွားပြီး
ခဏငယ်လေးပျက်
မူရင်းပုံပြန်ဖြစ်သွား
အနာတွေဟာ နာနေရင်းကသာလာ
သာယာတာနောက်လည်းမလိုက်ရဘူးတဲ့
ဥပါဒ် ဌီ ဘင်
ဖြစ်  တည်  ပျက်
ငြိမ်းအေးတဲ့အရသာလေးများ

မိုးရင့်
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar