Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၆ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၁

အာဖဂန်နစ္စတန် နိုင်ငံကဘူးလ်မြို့တော်ရဲ့ ဟာမစ် ကာဇိုင် (Harmid Karzai) လေဆိပ်နဲ့ လေဆိပ်နားက ဘာရွန်ဟိုတယ် အနီးဗုံးဖောက်ခွဲမှုဟာ ISIS-K အိုင်းဇက်ကေ အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ အမေရိကန်အခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။ ဒါဇင်နဲ့ချီသေဆုံးခဲ့ရတဲ့ ကြာသပတေးဗုံးဖောက်ခွဲမှုမှာ အမေရိကန်စစ်သား ၁၃ ယောက်ပါဝင်ပါတယ်။ ၁၁ ယောက်က မရိန်းတပ်သားတွေဖြစ်ပြီး ဆေးတပ်သားတစ် ယောက်လည်းပါပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့ ဒီတိုက်ခိုက်မှုကို ဘယ်လိုမှ "ခွင့်လွှတ်နိုင်စရာအကြောင်းမရှိ" လို့ ပြောထားပါတယ်။ ပြီးတော့ ဒီဖောက်ခွဲမှုမှာတာဝန်ရှိတဲ့သူတွေ တွေ့အောင်ရှာပြီး လက်တုံ့ပြန်မယ်လို့ ဆိုထားပါတယ်။

မြန်မာပြည်ပရောက်တွေ တခဲနက်အားပေးနေတဲ့ ယုံကြည်ရာခြေတလှမ်း ကံစမ်းမဲကို သြဂုတ်လ ၁၂ ရက်မှ စတင်ရောင်းချခဲ့ရာ ၁၇ ရက်တွင် စောင်ရေ ၁၄၀၀၀၀ ကျော် ရောင်းချခဲ့သလို၊ သြဂုတ် ၂၀ တွင် ၂၅၅၀၀၀ ကျော်၊ ၂၅ ရက်တွင် စောင်ရေ ၄၉၇၀၀၀ ကျော်နှင့် ယနေ့သြဂုတ်လ ၂၆ ရက်တွင် သတ်မှတ်စောင်ရေ ၅ သိန်း (ဒေါလာငါးသန်း ပြည့်မီကျော်လွန်သည်အထိ) အလှူခံရောင်းချ နိုင်ခဲ့ကြောင်း CRPH-OFP Fundraising Program မှ ထုတ်ပြန်လိုက်ပါတယ်။ သြဂုတ်လ ၁၂ ရက်မှ စတင်ရောင်းချခဲ့သည့် လက်မှတ်များကို သတ်မှတ်ချိန် သြဂုတ်လ ၂၈ ရက်နေ့၊ည ၁၂ နာရီတိတိတွင် ပိတ်သိမ်းသွားမည်ဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း စစ်ကောင်စီ၏ လူမဆန်မှုကြောင့် အသက်မဆုံးရှုံးသင့်ဘဲ သေဆုံးခဲ့ရသည့် ပြည်သူလူထု၏ စာရင်းကို WE COUNT အဖွဲ့မှ တာဝန်ယူ၍ ဇူလိုင်(၁၉)ရက် မှ စတင်ပြီး ကောက်ခံပြုစု မှတ်တမ်းတင်လျက်ရှိသည်မှာ သြဂုတ်လ(၂၅)ရက် အထိ စုစုပေါင်း (၄၂၈၃) ဦးရေခန့် ရရှိပြီး ဖြစ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

ယ​​နေ့ကျ​ရောက်သော မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာပြည်သူများ လူမျိုးတုံးသတ်ဖြတ်ခံရမှု ၄နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ရိုဟင်ဂျာများအတွက် တရားမျှတမှုနှင့် ထည့်သွင်းဆောင်ရွက်မှုများကို ဆောင်ရွက်ရန် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းပေါင်း (၁၆)ဖွဲ့မှတောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများကို လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ရက်နေ့တွင် မြန်မာစစ်တပ်မှ ဆိုးရွားတဲ့ အစုအပြုံလိုက်လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်ခဲ့သဖြင့် ရိုဟင်ဂျာပြည်သူ ၇၂၅,၀၀၀ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်ဟု တောင်းဆိုချက်တွင် ပါရှိပါတယ် ။ ယနေ့အချိန်တွင် ဒုက္ခသည်တစ်သန်းသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွင် ခိုလှုံနေရပါတယ်။

ကချင်အမျိုးသား ကွန်ဂရက်(KNC)ပါတီ ဥက္ကဌ ဒေါက်တာအမ်ကောန်လကို ဩဂုတ်လ ၂၅ရက်နေ့၌ နေပြည်တော်တွင် စစ်ကောင်စီမှ ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

နေပြည်တော် သပြေကုန်းရှိ ၎င်း၏ဆေးခန်းမှအပြန် လမ်းခုလတ်တစ်နေရာတွင် ဖမ်းဆီးခံခဲ့ရကြောင်း KNC ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မင်္ဂလာဒုံ အန်အယ်လ်ဒီကိုယ်စားလှယ်တွေဖြစ်ကြတဲ့ မခင်မြတ်သူ နဲ့ မနီနီမေမြင့်တို့ကို ဖမ်းဆီးပြီးနောက် ဒေါ်ဖြူဖြူသင်း၊ ဒေါက်တာဝေဖြိုးဟန်တို့၏ Network ကနေတဆင့် CDM ဝန်ထမ်းထောက်ပံ့နေသူများ PDF ပံ့ပိုးနေသူများကို ဖော်ထုတ်ဖမ်းဆီးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ထို့အတူ ကယားပြည်နယ်အတွင်းက PDF အဖွဲ့တွေကို ခေါင်းဆောင်နေတဲ့ ကိုခွန်ဘီထူးနဲ့ ကိုချစ်ထွန်းတို့ ကွန်ယက်တွေထဲက အဖွဲ့ဝင် ၁၀ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်းလည်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ စီဒီအန်များ ပီဒီအက်ဖ်များကို ထောက်ပံ့နေသူတွေကို စစ်ကောင်စီကို တိုးပြီး ဖမ်းဆီးနှိမ်နင်းမှုတွေ လုပ်လာပါတယ်။

စစ်ကောင်စီမှာ နိုင်ငံတကာက ဖိအားများ စစ်ရေး နိုင်ငံရေးဖိအားများ ပိုပြီး ပိလာသလို လူထု၏ ဆန့်ကျင်မှုများ ခုခံမှုများလည်း တိုးမြှင့်လာပါတယ်။ NUG CRPH PDF အပေါ်ထောက်ခံမှုတွေ တိုးနေဆဲ ဖြစ်ပါတယ်။ သည်တော့ စစ်ကောင်စီဟာ သူရဲ့ လက်ပါးစေတွေ လက်မရွံ့တွေ အောက်ခြေအကြမ်းဖက်စစ်သည်တွေကို ပြည်သူလူထုတွေကြားထဲကို စေလွှတ်ပြီး အစွမ်းကုန် ကြမ်းရမ်း သတ်ဖြတ် နှီပ်စက်မှုတွေ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေ တိုးလုပ်နေပါတယ်။ သည်လို လုပ်လို့လည်း စစ်ကောင်စီကို လူထုက ပီုပြီး ထောက်ခံလာကြမှာ မဟုတ်မှန်း သူတို့သိပါတယ်။ သူတို့က ပြည်သူတွေကို သူတို့လက်ခုပ်ထဲက ရေလိုပဲ သဘောထားကြောင်းကို ထင်ရှားအောင် တိုးပြီး သက်သေပြနေခြင်းသာ ဖြစ်ပါတယ်။

သည်လိုမျိူး ပြည်သူတွေအပေါ် ဖိအားတွေ နှိမ်နှင်းသတ်ဖြတ်မှုတွေ တိုးလာချိန်မှာ လွတ်မြောက်နယ်မြေတွေကနေ တဆင့် တတိယနိုင်ငံလို့ ခေါ်တဲ့ အမေရိကန် ဥရောပ ယူကေ စတဲ့ လူ့အခွင့်အရေးတန်ဖိုးထားတဲ့ နိုင်ငံကြီးတွေဆီကို သွားရောက်ခိုလှုံခွင့် လျောက်ထားကြပြီး ခွင့်ပြုချက်ရကြလို့ ရွှေ့ပြောင်းသွားကြတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ စာပေသတင်း အနုပညာရှင်တွေ အကြောင်းကိုလည်း ဆိုရှယ်မီဒီယာပရိသတ်အချို့က ပြောဆိုဝေဖန်ချက်တွေ ထွက်လာတာလည်း ကြားရပါတယ်။ သူတို့တွေဟာ စစ်ကောင်စီ၏ လိုက်လံ ဖမ်းဆီးမှုကြောင့် လက်လွတ်ထွက်ပြေး တိမ်းရှောင်ရင်း ဘေးကင်းလုံခြုံရာ ရောက်ရှိသွားတာကို တချို့ကတော့ သူတို့ယုံကြည်ချက်တွေ ပြောဆိုဟောပြောရေးသားမှုတွေကနေ သွေဖီသွားကြသလိုမျိုး စွပ်စွဲကြပါတယ်။ တကယ်တန်းပြန်တွေးကြည့်ရင် စစ်အစိုးရတွေလက်ထက် အဆက်ဆက်မှာ ထွက်ပြေးတိမ်းရှောင်ကြရတဲ့ စစ်ဘေးရှောင်တွေ စစ်ဘေးဒုက္ခသည်တွေ တပြည်တရွာကို တိမ်းရှောင်ရသူတွေဟာ သန်းဂဏန်းရှိနှင့်ပြီး ဖြစ်ပါတယ်။ လူထုထောက်ခံ အားကိုးမှုတွေ မဲတွေ ရထားတဲ့ ကတိကဝတ်တွေ ပေးထားခဲ့တဲ့ လွှတ်တော်အမတ်တွေ အစိုးရဝန်ကြီးတွေ ကိုယ်တိုင်လည်း ဟိုခေတ် ဟိုအချိန်တုန်းကလည်း တိုင်းပြည်ပြင်ပကို ထွက်ပြေးခဲ့ကြဖူးပါတယ်။ ဘယ်လိုပဲဖြစ်ခဲ့ပါစေ သည်နွေဦးတော်လှန်ရေးမှာ မြန်မာပြည်တွင်း ပြည်ပက သိန်းချီသောအင်အားတွေက ပြန်ပြီး ဝန်းရံ ဆောင်ရွက်နေကြတဲ့ အရှိန်အဟုန်ကြီးမားပြင်းထန်မှုကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

Photo - သြဂုတ်လ ၂၇ ရက်​နေ့ ကလေးမြို့ သပိတ်စစ်ကြောင်း


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar