Breaking News

စေတ - ကဗျာဆရာ၊ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ဆိုတာ ...

Image- The Guardian
ကဗျာဆရာ၊ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ဆိုတာ ...
စေတ
(မိုးမခ) သြဂုတ် ၂၂၊ ၂၀၂၁

တခါကစာပေလောမှာ (အထူးသဖြင့်ကဗျာလောကမှာ) ကျွန်တော်စိုးရိမ်မိတာတခုရှိဖူးတယ်။ အမှောင်ခေတ်ရယ်၊ အာဏာရှင်စနစ်ရယ်၊ ငွေဖောင်းပွမှုရယ်၊ ကုန်စျေးနှုန်းမတန်တဆမြင့်တက်နေမှုရယ်၊ မပြောပလောက်တဲ့စာမူခရယ်၊ စာဖတ်သူရှားပါးမှုရယ်ကြောင့် ကဗျာဆရာတွေစာရေးဆရာတွေ လုံးပါးပါးပြီး ပျောက်ကွယ်သွားနိုင်တယ်ဆိုပြီး။

အခုဒီနေ့မှာကျွန်တော့်အထင်လွဲသွားပါတယ်။ စာပေအပေါ်စစ်မှန်တဲ့စေတနာထားပြီး ခေတ်ဆိုးကြီးရဲဒဏ်ကိုတောင့်ခံ ရေးနေသူတွေလည်း ကွယ်ပျေက်မသွားဘဲ ပါရမီအခံရှိသူကဗျာဆရာမျိုးဆက်အသစ်တွေ ဆက်၍ ဆက်၍ ပေါ်ထွန်းလာခဲ့လို့ပါပဲ။

ကမ္ဘာ့စာပေမှာပဲကြည့်ကြည့်ဗမာ့စာပေမှာပဲကြည့်ကြည့်ကဗျာဆရာစာရေးဆရာတစ်ယောက်ဟာကိုယ့်ရဲ့စာဖတ်ပရိတ်သတ်အခိုင်အမာရအောင်ထူထောင်နိုင်ဖို့ (established poet ဖြစ်လာဖို့ ) နှစ်ကာလအတန်ကြာကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုပြင်းတဲ့ လှိုင်းဒဏ်လေဒက်ကိုခုခံပြီး ကိုယ်ကိုယ်တိုင်မြန်မာရော နိုင်ငံ တကာစာပေပါ နှံ့စပ်အောင်ဖတ်မှတ်ရပြီး ကိုယ်တိုင်ရေးသားမယ့်စာပေအနုပညာတစ်ရပ်ကို ဖန်တီးရေးသားရတာဖြစ်ပါတယ်။

အမေရိကန်စာရေးဆရာမကြီးမာဂရက်မစ်ချယ်လို တစ်ပုဒ်တည်းရေးပြီး တစ်ပုဒ်တည်းနဲ့ ကမ္ဘာ့စာဖတ်ပရိတ် သတ်ကြီးကိုဖမ်းစားထားနိုင်တဲ့ "Gone with the wind" လိုမျိုးနိုဗယ်ဝတ္ထုကြီးတစ်ပုဒ်ရေးနိုင်သူမျိုးကတော့ ခြွင်းချက်ပေါ့လေ။ သူ့ရဲ့အတွေ့အကြုံတွေကလည်း အံ့မခန်းနိုင်လောက်ပါတယ်။
ခုအချိန်မှာကျွန်တော်တီု့ဆီကစာရေးသူစာဖတ်သူတွေကိုလေ့လာဆန်းစစ်ကြည့်ဖို့ စူးစမ်းရှာဖွေရမယ့် မေးခွန်းတချို့ ခေါင်းထဲပေါ်လာခဲ့ပါတယ်။
စာရေးဆရာတစ်ယောက်ရဲ့စာရေးတဲ့သူ့ရည်ရွက်ချက်က ဘာလဲပေါ့။ စာဖတ်သူဖတ်ချင်နေတာကရော ဘာလဲပေါ့။

ဒီနေရာမှာ စာရေးသူရောစာဖတ်သူပါအမျိုးအစား ကွဲပြားစွာရှိနေနိုင်တာတွေ့ရနိုင်ပါတယ်။
အဲဒီစာရေးဆရာရဲ့ဝမ်းစာက ဘာ‌တွေလဲပေါ့။ အဲဒီစာရေးဆရာကိုယ်တိုင်က ဘယ်လိုစာပေအမျိုးအစားကိုဖတ်သလဲပေါ့။
ပြည်တွင်းပြည်ပရသစာပေကိုထဲထဲဝင်ဝင်ဖတ်လာသူဟာ သူရေးတဲ့စာဟာဒေါသသင့်တဲ့စာမဖြစ်ဘဲ စာရေးသူရဲ့ကြည်လင်တဲ့အမြင်နဲ့ စေတနာဟာ စာဖတ်သူရဲ့ရင်ထဲကို စီးဆင်းသွားမှာအမှန်ပါပဲ။
အချိန်ကာလနှစ်ပေါင်းမျးစွာမှောင်မည်းလာတဲ့ခေတ်ဟာ ပျက်ယွင်းမှုတခုဆီကို ကြောက်ခမန်းလိလိဦးတည်နေသလိုခံစားရပါတယ်။ ဒါကခုမှချက်ချင်းထဖြစ်တာမျိုးတော့မဟုတ်ဘဲ အချိန်ကာလအတန်ကြာကတည်းက အကြောင်းရင်းတွေ စုဆောင်းလာခဲ့တာဖြစ်နိုင်ပါတယ်။

စာဖတ်ပရိတ်သတ်ဆိုတာကလည်း ဘယ်လိုစာမျိုးတွေဖတ်တဲ့စာဖတ်ပရိတ်သတ်လဲ။ ကိုယ်ဖတ်ချင်တဲ့စာက entertainment လား creation လား နှစ်ခုလုံးများလားစသဖြင့်ပေါ့။
ဒီနေ့ဗမာပြည်မှ ာတကယ့်စာရေးဆရာကဗျာဆရာတွေဟာ audience အရေအတွက်များများရဖို့မလွယ်ဘူးဆိုတာ တကယ့်လက်တွေ့မှာ အထင်အရှားပါပဲ။လူဦးရေသန်း ၅၀ သန်း ၆၀ ရှိတဲ့ဗမာပြည်မှာ ကဗျာရော ဝတ္ထုရော အုပ်ရေ ၁၀၀၀ ရောင်းရဖို့အိပ်မက်တောင် မက်လို့မရနိုင်ပါဘူး။

ဒါပေမဲ့တခါမှမရေးဖူးတဲ့ နိုင်ငံရေး၊ ရုပ်ရှင်၊ ဂီတ နယ်ပယ်တွေထဲက celebrity တစ်ယောက် စာ‌ပေအမျိုးအစားတခုခုကိုချက်ချင်းထရေးရင် စောင်ရေအများအပြားတက်သွားမှာသေချာပါတယ်။ အတိတ်ကိုပြန်ကြည့်လည်း ပူပူနွေးနွေးဖြစ်ခဲ့တာတွေ တွေ့နိုင်ပါတယ်။

အံ့အားသင့်စရာကောင်းလှအောင် စာဖတ်ပရိတ်သတ်အရေအတွက်နည်းပါးတဲ့ကဗျာအမာခံကဗျာသမားတွေအတွက်တော့ ကိုယ့်ရဲ့စစ်မှန်တဲ့အလုပ်တွေနဲ့ ကိုယ့်အလံကိုယ် ဆက်လက်ထူထားရမှာပါပဲ။ တကယ်တော့ ကျွန်တော်တို့ဟာ တကယ့်တိုက်ပွဲထဲရောက်နေတာပါ။
အများသိပြီးသားကိစ္စတွေတော့ ဘာညာမပြောလိုတော့ပါဘူး။ ပြောရင်လည်းကောင်းကွက်တစ်ခုမှပါမှမဟုတ်လို့ပါပဲ။ ပြီးတော့ ကဗျာကနတ်ကြီးပါတယ်။ ကဗျာဆရာတစ်ယောက်ကို အချိန်ကစီရင်ဆုံးဖြတ်ပေးပါလိမ့်မယ်။

ကျွန်တော်တို့အစ်ကိုကြီးကဗျာဆရာမောင်ချောနွယ်(ကွယ်လွန်) အပါအဝင် ကျွန်တော်တို့ကဗျာဆရာတွေပြောခဲ့တာရှိပါတယ်။ လောကကြီးမှာလူတွေ(လူလည်တွေ)ဟာ သူတို့ရဲ့ရာထူးဂုဏ်ဒြပ်စည်းစိမ်ဥစ္စာအတတ်ပညာတွေဘယ်လောက်ကြီးကြီး မတင်းတိမ်ကြဘူး။ မသေခင်တချိန်ချိန်မှာ ကဗျာဝတ်ရုံကိုလာပြီးခြုံကြည့်တတ်ကြပါတယ်။ ကဗျာဆိုတာတန်ဖိုးဖြတ်လို့မရတဲ့အရာတစ်ခုမဟုတ်လား။

စေတ
စာကြွင်း။ ။ ကဗျာဆရာတွေရဲ့တကယ့်ဘဝဟာအလွန်ခက်ခဲကြမ်းတမ်းပါတယ်။
Edited on 21- 8 -2021
- စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar