Breaking News

ဆာသော်ဒိုး - ဆင်ဖြူတော်


ဆင်ဖြူတော်
ဆာသော်ဒိုး
(မိုးမခ) သြဂုတ် ၂၂၊ ၂၀၂၁


      "သက်ဦးဆံပိုင်ဘုရင်ခေတ်" ကို သတိရမိသည်။ "ရေမြေ့ရှင်" တွေရဲ့ခေတ်ပေါ့ခင်ဗျာ။
အရာရာကို သူပိုင်၏။ မြေပေါ်မြေအောက် ရှိရှိသမျှ ရတနာမှန်သမျှ သူပိုင်၏။ နောက်ပိတ်ဆုံး ရှိရှိသမျှ မိန်းမတွေတောင်မှ သူပိုင်၏။
     တိုင်းခန်းလှည့်လည်ရင်း သူ့ကိုထွက်၍ဖူးမျှော်နေကြရသည့် မိန်းကလေးတွေထဲမှသူမျက်စိကျသူကို လက်ညှိုးထိုးကာ သူ့ကိုငါယူမယ်ဟု "တော်ကောက်တော်မူ" ကြသည်မှာလည်း အစဉ်အဆက်ကိုးဗျ။
     ဘုရင်တွေက သူတို့ခေတ်သူတို့လက်ထက်တော်မှာ အလွန်တရာဂုဏ်ယူစရာကိစ္စဖြစ်ရပ်ကား "ဆင်ဖြူတော်" ပေါ်ထွန်းခြင်း ဖြစ်၏။ ဆင်ကား "အမည်း" ကောင်များပြားပြီး "အဖြူ " ကောင်ကား ရှားလှ၏။
     သူ၏ " လက်ထက်တော် " မှာ သူပိုင်နယ်မြေတနေရာရာမှနေ၍ "အဖြူရောင်ဆင် " များဖမ်းဆီးရမိပါက အလွန်တရာဝမ်းမြောက်ဝမ်းသာဖြစ်ကာ မျက်နှာပွင့်ပြီးသကာလ အတိုင်းတိုင်းအပြည်ပြည်အထိသတင်းလွှင့်ကြေညာ၍ ပီတိဖြာဂုဏ်ယူတတ်ကြတာမျိုးကလား။
     "ဆင်ဖြူရှင်" ဘွဲ့ကား အဖိုးတန်လှပုံရပါ၏။ "မင်းကောင်းမင်းမြတ်" တို့တက်သည့်အချိန်အခါ ခေတ်ကာလမှသာ အနှီ " ဆင်ဖြူတော်" ဆိုတာ ထူးထူးခြားခြားပေါ်တတ်သည်ဟု အယူရှိကြတာကိုးဗျ။
     ကျနော်ကား အနှီဘုရင်ခေတ်ကို မမီခဲ့ပါ။ သို့ပေသော်ငြား "ဆင်ဖြူတော်" တွေကိုတော့ မီခဲ့ပါလေ၏။ သည်ဘက် အာဏာသိမ်းပြီးတက်လာသည့် အာဏာရှင်တွေခေတ်စနစ်လက်ထက်တော်အဆက်ဆက်မှာ ပေါ်လိုက်ပါတဲ့ သူတို့ပြောတဲ့ "ဆင်ဖြူတော်" တွေ ဆိုတာများ ဟောတစ်ကောင် ဟောတစ်ကောင် ဟောတစ်ကောင်ကိုးခင်ဗျ။
     အနှီအာဏာသိမ်း "မင်းကောင်းမင်းမြတ်မင်းသေနတ်" တွေရဲ့တခေတ်တခါမှာ အဲသည် " ဆင်ဖြူတော် " ဆိုတဲ့ ဝါကျင့်ကျင့်ညစ်ထေးထေး ပြာနှမ်းနှမ်း "အဲလီးဖင့်" အဆန်းတွေကို "တဲနန်း" ကြီးတွေ အခိုင်အမာသေသေ ချာချာဆောက်ကာ အကျအနထားတာကိုးခင်ဗျ။
     "ဆင်ဖြူတော်တင်းကုတ်တော်" ဖွင့်ပွဲနေ့မှာလည်း အာဏာသိမ်းခေါင်းဆောင်အကြီးဆုံးက " ကြံတော် " ဦးစွာကျွေးပြီး နောက်မှာ သူတို့ရဲ့ဖွားဘက်တော် ဝါးကြောဆွဲဖော် စားဖော်သောက်ဖော် "ခရိုနီ ခရိုပြာ ခရိုဝါ" တွေက ရှေးယခင်ဘုရင်ခေတ်ကလို "တောင်ပြင်သူဌေးကြီး၊ မြောက်ပြင်သူဌေးကြီး၊ အနောက်ပြင်သူဌေးကြီး" ရယ်လို့ ဘွဲ့ထူးတွေခံယူကာပွဲထဲက ဇာတ်ဝတ်စုံဖားဖားရားရားကြီးတွေဝတ်ပြီး "ဖရဲသီးတော်" တို့ "ငှက်ပျောဖီးတော်" တို့ ဆက်ကျွေးကြတာ မြင်ရပါသဗျ။
     စာရှုသူမိတ်ဆွေ မှတ်မိနေပါလိမ့်အုံးမယ်။
အဲသည် လက်ထက်တော် အဆက်ဆက်ခေတ်တလျှောက်မှာ ပေါ်ပေါက်လိုက်ပါတဲ့ "ဆင်ဖြူတော်" ဆိုတာတွေဟာ " အရှေ့ရိုးမ " က ပေါ်လိုက် "အလယ်ရိုးမ" က ပေါ်လိုက် " အနောက်ရိုးမ" က ပေါ်လိုက် "မြစ်ဝကျွန်းပေါ်" ဘက်ကနေပေါ်လိုက်နဲ့ လေးငါးဆယ်နှစ်အတွင်းမှာ လေးငါးဆယ်ကောင်အထိကို ရှိခဲ့ပါသဗျ။
    ခုထိလည်း ရန်ကုန်မှာကော နေပြည်တော်မှာပါရှိနေပါလိမ့်အုံးမယ်။ ဟိုးအရင်ကလို ဂရုစိုက်ခံရခြင်းဂရုစိုက်မခံရခြင်းကတော့ အများပြည်သူ သိမြင်တော်မူကြရတဲ့အတိုင်းပါပဲ ခင်ဗျ။
     " အ င်း . . . . . . "
     အခုခေတ်ကာလမှာ " ဆင်ဖြူတော် " တကောင်တမြီးမှ ပေါ်ထွန်းလာတယ်လို့ မကြားရတဲ့အခါ ရင်ထဲမှာတကယ့်ကို "ဟာတာတာကြီး" နဲ့ နေမထိ ထိုင်မသာဖြစ်နေရကြောင်းပါ မိတ်ဆွေခင်ဗျာ။              ။

    ဆာသော်ဒိုး
    19-8-21(Thur) 3:31 Pm

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar