Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၅ ရက် မြောက်နေ့ မြင်ကွင်း



Photo  - ရောဘတ် (FFSS)

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၅၊ ၂၀၂၁

ကာကွယ်ဆေး၊ ကိုဗစ် နိင်ငံရေး

သြဂုတ်လဆန်း ၄/၅ ရက်ရောက်ရှိလာတဲ့အခါ ရန်ကုန်မြို့မှာ အရေးပေါ် လူနာတင်ကားအသံတွေ ကြားရတာ အနည်းငယ်ကျဲသွားပြီး ပရဟိတ နာရေးကူညီမှု အသင်းတွေရဲ့ ပြောဆိုမှုတွေ အရ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ နှိုင်းယှဥ်ရင် သေဆုံးမှုတွေသိသာစွာ လျော့ကျလာတယ်လို့ ဆိုပါတယ်။ သြဂုတ်လ ၅ ရက်နေ့ က ရေဝေးသုဿန်မှာ ရုပ်အလောင်း လာပို့ကြတဲ ပရဟိတကားတွေ အတော်လေးရှင်းလင်းနေကြောင်း ရေးသားထားတာတွေ့ရှိရပါတယ်။

ရန်ကုန်မြို့မှာ ခုတတိယလှိုင်း ကိုဗစ်ကူးစက်မခံရတဲ့ မိသားစု ၊ အိမ် အတော့်ကို ရှားပါးသွားပြီဖြစ်ပါတယ်။ ဆယ်အိမ်မှာ ၈ အိမ်လောက်က တယောက် နှစ်ယောက် သော်လည်းကောင်း အတူနေ တအိမ်လုံးသော်လည်းကောင်း ကိုဗစ်ကူးစက်ခံရပြီး ဖျားနာပြီး ဖြစ်နေကြပါပြီ။ အဲဒီလို ကူးစက်ခံကြရစဥ်မှာ ဆေးရုံတင်ခွင့် ရသူ၊ ကိုဗစ်ကွာရင်တိုင်းစင်တာ သွားခွင့်ရသူက အနည်းစုလေးပဲ ရှိပါတယ်။ ဒီနေရာမှာ လူနာတွေ ကူးစက်ခံရသူတွေ အနေနဲ့ ရောဂါလက္ခဏာ မပြင်းထန်လို့ ဆေးရုံတက်ခွင့်မရကြတာမျိုးမဟုတ်ပဲ ဆေးရုံတွေ လက်ခံနိုင်စွမ်းမရှိတာ၊ ကူးစက်မှုကို စစ်ဆေးပေးတဲ့ ဒေသန္တရကျန်းမာရေးဌာန မှာ သော်လည်းကောင်း တခြား အသိအမှတ်ပြုပုဂ္ဂလိက ဆေးခန်း ဓါတ်ခွဲခန်းမှာသော်လည်းကောင်း စစ်ဆေးပြီး ပေါ့ဇတစ် အထောက်အထားပါမှ ဆေးရုံတက်ဖို့ လက်ခံဖို့ စဥ်းစားမယ်ဆိုတဲ့ သဘောကြောင့်လည်း အများစုက ဆေးရုံတက်ခွင့်ရဖို့ဆိုတဲ့ မျှော်လင့်ချက်ကို သိပ်မထားကြတော့ပဲ အိမ်မှာပဲ ရင်ဆိုင်ကြမယ်ဆိုတဲ့ အနေအထားမျိုး ရောက်ကုန်ကြရပါတယ်။

ခုနေခါ ကိုဗစ်ဖြစ်ပြီး ဆေးရုံတက်ခွင့်ရတဲ့ လူနာဆို အဆက်အသွယ်ကောင်းလို့ သော်လည်းကောင်း၊ အာဏာပိုင်၊ ရာထူး အထိုက်အလျောက်ရှိတဲ့ အစိုးရဝန်ထမ်း ဖြစ်လို့သော်လည်းကောင်း မှတ်ယူကြပါတယ်။ လိုင်စင်ရ ပုဂ္ဂလိက ဆေးရုံတွေလည်း ငွေရှိတိုင်း တက်ခွင့်မရကြပဲ တက်ခွင့်ရမယ်ဆိုခဲ့ရင်လည်း သိန်းရာဂဏန်းချီ ကုန်ကျခံနိုင်ရမယ်ဆိုတာ ဆေးရုံက အသိပေးချက်ကို သိရှိနားလည်ပြီးမှ တက်ကြရတာ ဖြစ်ပါတယ်။

ပထမလှိုင်းတုန်းကလို ပြင်းထန်စွာ ရောဂါဒဏ်ခံစားရတဲ့ ကိုဗစ်လူနာတွေ အနေနဲ့ ပြည့်သူ့ဘဏ္ဍာနဲ့ အိုင်စီယူ တက်ရောက်ကုသခံယူခွင့်ကို လူတိုင်းမရရှိနိုင်တော့တဲ့ အနေအထားဖြစ်ပါတယ်။

အထက်က အခြေအနေတွေ အကြောင်းအချက်တွေကြောင့် စဖြစ်တဲ့ဆီကနေ နေအိမ်မှာပဲ နေထိုင်ပြီး ဆရာဝန်ကို အွန်လိုင်းက ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ကုသမှု ယူကြရသူတွေ၊ ရပ်ကွက်ထဲ မြို့နယ်ထဲက ရှားရှားပါးပါးဖွင့်တဲ့ ဆေးခန်းကို တန်းစီပြီး ပြသကြရသူတွေ၊ အောက်စီဂျင်လိုအပ်တဲ့အခါ ပရဟိတ အသင်းအဖွဲ့တွေဆီ အကူအညီတောင်းခံကြရတာတွေ၊ တချို့သော အခြေအနေမှာ အောက်စီဂျင် ပေးဝေတဲ့ နေရာဆီ လူနာကို ကားနဲ့တင်ခေါ်သွားပြီး ပေးရှူရတာမျိုးတွေ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကြားသိ မြင်တွေ့နေခဲ့ကြရတာလည်း ဖြစ်ပါတယ်။

ရန်ကုန်က အဆိုးဆုံးကာလကို ဖြတ်သန်းခဲ့ပြီလို့ ဆိုရမယ်လို့ထင်ပါတယ်။ သို့သော် ပြီးခဲ့တဲ့လကစလို့ ကူးစက်ခံရကာ ရောဂါ ဒဏ်ခံစားကြရာက အသက်ဆုံးရှုံးကြရတဲ့ မိမိအသိမိတ်ဆွေတွေ၊ လူသိများထင်ရှားသူတွေ အကြောင်း အသိပေးခြင်းတွေလည်း ခုရက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ တွေ့နေရဆဲဖြစ်ပါတယ်။

ရန်ကုန်အဖို့ တတိယလှိုင်းရဲ့ အဆိုးဆုံးကာလကို ကျော်ဖြတ်ပြီးလို့ ဆိုနိုင်သော်လည်း မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေမှာ ကိုဗစ်တတိယလှိုင်းရဲ့ အစကာလ ၊ အလယ်ကာလ ဆိုတာတွေကို ယခုမှ ဖြတ်သန်းနေကြရတယ့် လက္ခဏာတွေလည်း တွေ့မြင်နေရပါတယ်။ ကိုဗစ်ဖြစ်ပွားမှုရဲ့ တစိတ်တပိုင်းကိုသာ ကိုယ်စားပြုဖေါ်ပြတဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ တနိုင်ငံလုံး အတိုင်းအတာ နဲ့ လျော့နည်းသွားခြင်း မရှိသေးတာကို ကြည့်ရင် သိနိုင်ပါတယ်။

နယ်မြို့တွေ အနေနဲ့ ရန်ကုန်က သင်ခန်းစာ ယူသင့်တာတွေ ရှိပါတယ်။ ဘာတွေလဲလို့ဆိုရင် ကိုဗစ်ကူးစက်မှု အဆိုးဆုံးကာလမှာ ရန်ကုန်မှာ အောက်စီဂျင် မလုံလောက်တာ၊ ဆေးဝါး ဝယ်ယူဖို့ခက်ခဲတာ ထက်မံမကူးစက်အောင် ကူးစက်မှု အရှိန်တန့်သွား ကျသွားအောင် ကူးစက်မှု ကွင်းဆက်တွေ ဖြတ်ဖို့ စုပေါင်းကာကွယ် လုပ်ဆောင်မှု အားနည်းတာတွေကို နယ်မြို့တွေက သင်ခန်းစာယူ ပြင်ဆင်နိုင်မယ်ဆို သေဆုံးမှုကို လျော့ချနိုင်မယ့် သဘောလည်း ဖြစ်ပါတယ်။

ကိုဗစ်ရဲ့ နောက်မျက်နှာစာ တခုကတော့ ကာကွယ်ဆေး ထိုးခြင်းပဲ ဖြစ်ပါတယ်။ အာဏာမသိမ်းမီ စတင်ကြိုးစားလုပ်ဆောင်ခဲ့တဲ့ ကာကွယ်ဆေး ရရှိဖို့ ကြိုးစားမှု၊ ရရှိတဲ့ ၃ သန်းကို အရေအတွက်တခုထိ ထိုးပေးနိုင်ခဲ့ပေမယ့် စစ်အာဏာသိမ်းမှု ဖြစ်ပွားအပြီး ကာကွယ်ဆေးက နိုင်ငံရေးနဲ့ဆက်နွယ် စဥ်းစားကြတဲ့ ကိစ္စတရပ်သဖွယ် ဖြစ်လာခဲ့ပါတယ်။ ကာကွယ်ဆေးကို ထိန်းချုပ်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီကို မယုံကြည်ခြင်းကြောင့်လည်း ယခု နှစ်ဆန်းပိုင်း ကူးစက်မှု တတိယလှိုင်းမမြင့်တက်ခင် ကာလတွေမှာ ထိုးလိုသူ အလွန်နည်းပါးခဲ့တာလည်း ဖြစ်ပါတယ်။

နိင်ငံတကာက စစ်အာဏာသိမ်းမှုကို ထောက်ခံခြင်းမပြုကြတာကြောင့်လည်း မြန်မာစစ်ကောင်စီကို ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်လို့ နိုင်ငံတကာက အကူအညီ မပေးကြတာ၊ စစ်ကောင်စီကိုယ်၌က အာဏာ တည်ဆောက်ဖို့သာ စိတ်စောနေပြီး အိန္ဒိယနိုင်ငံကတဆင့် ကိုဗစ်ကူးစက်လာတဲ့ အရိပ်လက္ခဏာတွေ ရှိနေပေမယ့်လည်း ဘာပြင်ဆင်မှုမှ မလုပ်ခဲ့တာကြောင့် ခုလို ကိုဗစ်ဒဏ်ကို ခါးစည်းခံကြရတာလည်း ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အခြေအနေပေးလာတဲ့အချိန်မှာ ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းတယ်လို့ ယေဘူယျ သဘောထားနိုင်ပါတယ်။ ကာကွယ်ဆေးဘယ်က ရရ သက်ကြီးရွယ်အိုတွေ ထိုးထားသင့်တယ်လို့ သဘောထားပေးကြသူတွေ ရှိပါတယ်။ တိုင်းရင်းသားနယ်မြေတွေနဲ့ လွတ်မြောက်နယ်မြေက NUG အစိုးရအဖွဲ့အစည်းတွေက ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေလည်း များမကြာမီ ကြားသိကြရမယ်လို့ မျော်လင့်ပါတယ်။

ကိုဗစ်အလွန် နာလံထူနိုင်မှုကိုလည်း ခုကတည်းက စဉ်းစားဆွေးနွေး ပညာပေးကြဖို့ လိုတယ်လို့ ပညာရှင်များက ပြောပါတယ်။ ကိုဗစ်ကနေ ကုသလွန်မြောက်ပြီးနောက် နာလံထ ကာလမှာ သက်ကြီးရွယ်အိုတွေကအစ လူရွယ်တွေ (၃၀၊ ၄၀၊ ၅၀) တန်းတွေ ရုတ်တရက် အားယုတ်ပြီး ကွယ်လွန်ကြတာကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။ ခန္တာကိုယ်တွင်း ခုခံအားဟန်ချက်မညီဖြစ်ပြီးနောက် ကိုယ်တွင်းကလီစာများ ထိခိုက်ခြင်း၊ သွေးခဲခြင်းတို့ကြောင့် အချိန်တိုတွင်း ကွယ်လွန်ကြရတယ် ဆိုပါတယ်။ Cytokine Storm ဆိုပြီး ထုတ်ဖော်ပြောဆိုသံတွေ ဆိုရှယ်မီဒီယာမှ ကြားနေရပါတယ်။ အစကတည်းက စနစ်တကျ ကုသမှု မရခြင်း၊ အဲသည်ထဲက ပြန်နေကောင်းလာသော်လည်း စနစ်တကျ နာလံထကုသမှုကို မသိရှိခြင်း၊ ကိုဗစ်ပညာပေး အစီအစဉ်များ ပြည်သူကြားထဲသို့ ကျယ်ပြန့်စွာ မရောက်နိုင်ခြင်းတို့ကို ယခုစစ်ရေး နိုင်ငံရေးအကြပ်အတည်းကာလမှာ သတိပြုရမှာ ဖြစ်ပါတယ်။

အိမ်စောင့်စစ်အစိုးရ တဖြစ်လဲ စစ်ကောင်စီက မီဒီယာမဏ္ဍိုင်ကို ဖြိုလှဲထားလိုက်တာကြောင့် ကျန်းမာရေးပညာပေးအစီအစဉ်တွေ တင်ပြချက်တွေ ပညာရှင်ဟောပြောချက်တွေကို main stream ပင်မရေစီးမီဒီယာကြီးတွေကနေ အင်ပြည့်အားပြည့် မတင်ဆက်နိုင်တော့ပါဘူး။ alternate media အခြားရွေးစရာ မီဒီယာမျိုးစုံကလည်း အဲသည်လစ်ဟာချက်ကို ဝင်အစားမထိုးနီုင်ကြပါဘူး။ စစ်ကောင်စီ ပြန်ကြားရေးကလည်း ဒါကို လစ်လျူရှုထားပါတယ်။ စင်ပြိုင်အစိုးရ NUG ၏ ရုပ်သံ မီဒီယာတွေကနေ ထုတ်လွှင့်နေတာကလည်း လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ သည်တော့ ပြည်သူတွေက ဆိုရှယ်မီဒီယာ လက်လှမ်းမီရာ ဆေးမြီးတိုကော အချင်းချင်းလက်တို့ရာ ဆေးနည်းတွေ ကုထုံးတွေကို အားကိုးဖြန့်ချိနေကြတာ မဆန်းဘူး ဆိုရမှာပါ။ တော်သေးတာက လူထုအချင်းချင်း ရိုင်းပင်းကူညီ ပြည်သူ့ကနေပြည်သူ စိတ်ဓာတ်တွေကြောင့် ပံ့ပိုးမှုတွေကြောင့်သာ လူထုမဏ္ဍိုင် မလဲကျဘဲ အစွမ်းကုန် ထောင်မတ်နေတယ်လို့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ Delta varient မျိူးကွဲကနေ Delta Plus မျိူးကွဲပလတ်စ် အသစ်တိုးတခု ထပ်တွေ့နေပြီလို့ ကြေညာလိုက်ပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့သူတွေကိုယ်တိုင် ကူးစက်ခံရလို့ ဖျားနာကြတယ်လို့ သိရပါတယ်။ ကာကွယ်ဆေးမထိုးတဲ့သူတွေကတော့ ကုသမှု ခံယူတဲ့ကြားကကို အသေအပျောက်ပြင်းထန်တယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်တွေက သတိပေးမှု အဆင့်မြှင့်ပြီး ပြည်သူတွေကို အစိုးရပြန်ကြားရေး သတင်းစာရှင်းလင်းပွဲ ပုဂ္ဂလိက သတင်းစာ ရုပ်မြင်သံကြားတွေကနေ အမြဲမပြတ် ပြောဆို သတင်းပေး ဆွေးနွေးနေကြပြန်ပါပြီ။ အဲသည်လို အချိန်ကာလအခြေအနေမှာ မြန်မာပြည်မှာ အစိုးရနဲ့ ဆိုင်ရာအဖွဲ့အစည်းတွေ၏ ထိရောက်သော အကူအညီထောက်ပံ့မှု မရှိဘဲ မြန်မာပြည်သူတွေ၏ ကိုယ်ထူကိုယ်ထ နိုးကြားတက်ကြွ ရုန်းကန် ရှင်သန်လိုမှုကို တကမ္ဘာလုံးက အလေးပြုကြရမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar