Breaking News

ဖုန်းမြင့် - ''ပြည်သူသာအမိ ပြည်သူသာ အဖ'' -(၈)-လေးလုံးအရေးတော်ပုံတွင်ပါဝင်ခဲ့သည့် တပ်မတော်(လေ)မှတပ်သားဟောင်းကြီးတဦး၏ အတွေ့အကြုံမှတ်တမ်း"

Photo - Crd
ပြည်သူသာအမိ ပြည်သူသာ အဖ 
ဖုန်းမြင့် 
(မိုးမခ) သြဂုတ် ၆၊ ၂၀၂၁

 "၁၉၈၈ (၈) -လေးလုံး လူထုအရေးတော်ပုံ တပ်မတော်လေ တပ်သားဟောင်းကြီးတဦးရဲ့ ၈-လေးလုံးကာလမှသည် စစ်အာဏာသိမ်းကာလအထိ အတွေ့အကြုံမှတ်တမ်း"
-

ဤစာစုမှတ်တမ်းသည် မြန်မာ့သမိုင်းတွင် ၁၃၅၀ ပြည့်အရေးတော်ပုံဟုဆိုစမှတ်ပြုခဲ့ကြသည့် ၁၉၈၈ လူထုအရေးတော်ပုံကာလကအတွင်း တပ်မတော်(လေ) မှစစ်သည်များ မည်သို့မည်ပုံ ပြည်သူလူထုနှင့်တကွ ကျောင်းသားသမဂ္ဂများနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပုံကို စာရေးသူ တပ်မတော်(လေ)တပ်သားဟောင်းကြီး ဖုန်းမြင့်က '' ပြည်သူသာ အမိ ပြည်သူသာ အဖ" ဟူသည့်အမည်ဖြင့် မှတ်တမ်းအမှတ်တရ ရေးသားထားချက်များ ဖြစ်ပါသည်။
ဤမှတ်တမ်းကို ထိုင်း-မြန်မာ နယ်စပ်ရှိ နိုင်ငံရေးအင်အားစုကြီးတခုက ၂၀၀၄- ခုနှစ်ဝန်းကျင်တွင် အများသူငါဖတ်ရှုနိုင်ရန် အိတ်ဆောင်စာအုပ်ငယ်လေးအဖြစ်ထုတ်ဝေခဲ့ဖူးသည်။

ဤမှတ်တမ်းကိုရေးသားသည့် စာရေးသူ ဘုန်းမြင့်နှင့် ၁၀ နှစ်ကျော် အဆက်အသွယ်ပြတ်တောက်နေပါသဖြင့် ယခုလိုဖော်ပြတင်ဆက်နိုင်ရန် ကြိုတင်အကြောင်းကြားနိုင်ခြင်းမရှိခဲ့ပါ။
ချစ်ခင်လေးစားရသော ရဲဘော်(ကို)ဖုန်းမြင့်အနေနှင့် မိုးမခ၏စေတနာနှင့်ဆောင်ရွက်ချက်ကို နားလည်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
မိုးမခ
-

ပြည်သူသာအမိ ပြည်သူသာ အဖ
(ပထမပိုင်း)
ဖုန်းမြင့်

ယခုဆိုလျှင် သမိုင်းဝင်ရှစ်လေးလုံး၏သက်တမ်းကာလသည် (၁၆) နှစ်ပြည့်မြောက်၍ (၁၇)နှစ်အတွင်းသို့ပင် စွန်းထင်း ဝင်ရောက်ချင်နေပြီ။ သို့သော်ရှစ်လေးလုံး၏ အကျည်းတန်မှု၊ ရက်စက်မှု၊ ခါးသီးမှု၊ လူမဆန်မှု၊ ယုတ်မာရိုင်းစိုင်းမှု၊ ကြေကွဲမှု၊ နာကျည်းမှု စသည့် စသည့် အနိဋ္ဌာရုံများနှင့် နဖူးတွေ့ ဒူးတွေ့ ရင်းနှီးထိတွေ့ ကြားသိခဲ့ ရသော လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကျောင်းသားကျောင်းသူ၊ ရဟန်းရှင်လူ ပြည်သူ အပေါင်းတို့သည် ထိုအချိန် ထိုကာလမှ အကြောင်းအရာများကို သူတို့အသက်ရှင်နေ သရွေ့ကာလပတ်လုံး မေ့ပျောက်ခြင်းငှာတတ်နိုင်မည်  မဟုတ်သကဲ့သို့ သူတို့၏သားစ ဉ်မြေးဆက် ပြောပြ၍လည်း ဆုံးနိုင်မည်မဟုတ်၊ ထိုရှစ်လေးလုံး၏ များပြားလှစွာသော လမ်းကြောင်းများအနက်မှ လမ်းကြောင်း  တကြောင်းအတွင်းသို့ ဝင်ရောက်လျှောက်လှမ်းခဲ့ဖူးသော ကျွန်တော်သည်လည်း ထိုလမ်းကြောင်းအတွင်းမှ သက်ဝင်လှုပ်ရှားမှု များကို ပြန်၍မြင်ယောင်ကြားယောင် နေဆဲပင်။ 
ရှစ်လေးလုံး၏ ပေါင်းဆုံ စီးဆင်းရာ လမ်းကြောင်းများနှင့် ပုံရိပ်များသည် ကောင်းကင်မှကြယ်အစုံ ကို ကြည့်မိသကဲ့သို့ အချို့မှာ ထင်ရှားလျက်၊ အချို့မှာမှုန်ဝါးလျက်၊ အချို့မှာ မပီဝိုးတဝါးနှင့်။
+++++
မတ်လ(၁၆)ရက် ရုံးတက်သောနေ့တွင် စက်မှုတက္ကသိုလ်သို့ လုံထိန်းနှင့် စစ်တပ်မှ ဝင်ရောက်ရိုက်နှက် ဖမ်းဆီးသည့် သတင်းကိုလည်း ကြားရပြန်သည်။ နောက် ဆက်ကာဆက်ကာဆိုသလို အင်းလျားကန်ဘောင် တံတားဖြူတွင် လုံထိန်းများက ကျောင်းသားကျောင်းသူများကို ကမ်းကုန်ရက်စက်စွာ ရိုက်နှက်သတ်ဖြတ်မှု၊ ရန်ကုန်တက္ကသိုလ်ဝင်းထဲ လုံထိန်းနှင့် စစ်သားများဝင်စီးကာ ကျောင်းသားကျောင်းသူများကို အဓမ္မဖမ်းဆီးခေါ်ဆောင်မှု၊ အလုံပိတ်အချုပ်ကားထဲတွင် ကျောင်းသား များ မွန်းကြပ်သေဆုံးမှုတို့မှာ ကြားရသူတိုင်းကို အံ့သြတုန်လှုပ် ချောက်ချားစေကာ ပြင်းထန်စွာ ထိခိုက်ခံစား ရစေပါသည်။ 
ဤအရေးအခင်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့ရဲဘော်များကို ကာကွယ်ရေးဝန်ကြီးဌာနခမ်းမသစ်ကြီးတွင် ခေါ်ယူပြီး ဗိုလ်မှူးကြီးများ တယောက်ပြီးတယောက် စင်မြင့်ပေါ်တက်ကာ သူတို့လိုချင်သောပုံစံများဖြင့် ရှင်းလင်း သွားခဲ့သည်။ သို့သော် ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနမှစစ်သည်များသည် အပြင်တွင်နေခွင့်ရကြသူများဖြစ်ကြ၍ အဖြစ်မှန်များကိုသိထားနှင့်ကြပြီးဖြစ်ရာ ဤရှင်းလင်းပွဲကို စိတ်မဝင်စားကြ၊ ဗိုလ်မှူးကြီးတယောက်က ပြောပါသေးသည်။

 “ ဒီလိုမြို့တွင်း အရေးအခင်း တွေနဲ့ပတ်သက်ရင် ကာကွယ်ရေး ဝန်ကြီးဌာနမှာရှိတဲ့ အရာရှိစစ်သည်တွေမှာလည်း တာဝန်ရှိတယ်၊  နောင် ဒီလိုအရေးအခင်းမျိုးတွေထပ်ဖြစ်လာရင် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တာဝန်ယူရလိမ့်မယ်။ ဒါကြောင့်အခုကစပြီး လုံခြုံရေးတပ်ရင်းတွေဖွဲ့မယ် ”ဟုပြောပါသည်။ “ အော်-ဒါကြောင့်လည်း ငါတို့ကို မွမ်းမံသင်တန်းတွေမကြာခဏ တက်ခိုင်းတာကိုး” ဟု ခံပြင်းစွာတွေးမိသည်။ 
ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းရှိ ကြည်း၊ ရေ၊ လေ စစ်သည်များသည် မကြာခဏဆိုသလို ဖောင်ကြီးလေ့ကျင့်ရေး(၁) နှင့် ချိုးဖြူတိုင်းဗဟိုတို့တွင် စစ်ပညာမွမ်းမံသင်တန်းများ သွားတက်ရသည်။   ဘယ်နှစ် ဘယ်သင်တန်းတွင်မဆို အထူးဦးစားပေးသင်တာကတော့ လူထုအုံကြွမှု (သို့မဟုတ်) ဤကဲ့သို့သော အရေးအခင်းမျိုးတွင် အရပ်ဘက်အုပ်ချုပ်ရေးမှမထိန်းသိမ်းနိုင်တော့သဖြင့် စစ်ဘက်သို့လွှဲအပ်ပြီး နှိမ်နင်းစေ သော သင်ခန်းစာဖြစ်သည်။

ဆန္ဒပြလူအုပ်ကြီးချီတက်လာပုံ၊ အရပ်ဘက်အုပ်ချုပ်ရေးမှတားဆီးပုံ၊ နောက်ဆုံး မတားနိုင်တော့သဖြင့် စစ် တပ်ကို လွှဲအပ်ပုံ၊ စစ်ကားများ ဆန္ဒပြနေရာသို့ရောက်ရှိလာပုံ၊ ဝတ်စကုတ်အနီဝတ်လက်ဖြောင့် တပ်သားများက သေနတ်ကိုမုဆိုးဒူးထောက်အနေ အထားဖြင့် ဆန္ဒပြလူအုပ်ကြီးဘက်သို့ချိန်ရွယ်ထားပုံ၊ အထက်အရာရှိက အသေပစ်ရန် ခရာဖြင့် အမိန့်ပေးပုံ၊ ဆန္ဒပြသူများ လဲကျ သေဆုံးပုံ၊ သရုပ်ပြပွဲကို ထိုရှင်းလင်းပွဲ နားထောင်ရင်း ပြန်မြင်ယောင်လာကာ “အော်- ဒို့ကို ဒီသင်တန်းတွေ မကြာခဏတက်ခိုင်းတာ တိုင်းပြည်ရဲ့အညွန့်အဖူး ကျောင်း သားများကိုပစ်သတ်ခိုင်းဖို့ပါလား၊” ဟု နာကျင်စွာတွေးတောမိပြီး “ အကယ်၍သာ ဒီလိုအရေးအခင်းတွေ  ထပ်ဖြစ်ပြီး ငါတို့ကိုနှိမ်နင်းဖို့တာဝန်ပေးခဲ့ရင်ဘယ်လိုလုပ်ရပါ့” ဟု တဆက်တည်းစဉ်းစားမိပြီး ရင်ထဲလေးလံထိုင်း မှိုင်းသွားခဲ့ရသည်။ 
အလျ ဉ်းသင့်၍ပြောရပါ်လျှင် တပ်တွင်းရဲဘော်များသည် ဤအရေးအခင်းမပေါ်မီကတည်းက စစ်အစိုးရနှင့်ပတ်သက်၍ မကျေနပ်မှုများ ပေါ်ပေါက်ခဲ့ဖူးသည်။
ကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနတွင် လုပ်အားပေးများ အမြဲလိုလိုရှိ နေတတ်သည်။ သို့သော် ပြည်သူ့အကျိုးပြုလုပ်ငန်းများတော့မဟုတ်၊ ဒူးယားတဘူး၊ ဆပ်ပြာတတောင့်ပေးပြီး အရာရှိကြီးများနေထိုင်ရာ (  ဥပမာ-အဏ္ဏဝါရိပ်သာ၊ ပြည်ထောင်စုရိပ်သာ)  ပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများနှင့် ညစ်ပတ်ပေရေနေသောနေရာများကို ရှင်းလင်းခိုင်းခြင်းသာဖြစ်သည်။
ရဲဘော်စစ်သည်များအတွက်မူ ဘာမျှဆောင်ရွက်မပေး၊ ယုတ်စွအဆုံး တပ်တွင်းလူပျိုလိုင်းရှိ ရေချိုးကန်အိမ် သာများကိုပင် ကောင်းကောင်း မဆောက်ပေး၊ မပြင်ပေး၊ မြစိမ်းရောင်၊ ရွှေဝါမြေ စစ်ဆင်ရေးများတွင် အကြိမ် ကြိမ်ပါဝင်ခဲ့ဖူးသဖြင့် တောင်သူလယ်သမားများ၏ အခွင့်အရေးဆုံးရှုံးမှုများ၊ နစ်နာချက်များကို ရင်နင့်စွာ ကြား သိမြင်ခဲ့ရသည်။
ကိုယ်ချင်းစာခဲ့ရသည်။ ငါတို့လုပ်နေတာ ပြည်သူအတွက် တိုင်းပြည်အတွက်မဟုတ် ဆိုတာကို သိခဲ့ရသည်။ တောင်သူလယ်သမားများမှာ သေနတ်ကြောက်၍သာငုံ့ခံခဲ့ရသည်။ 
( ဥပမာ - မာဃစီမံကိန်း) သည်အတွေ့အကြုံ၊  သည်ခံစားချက်များသည် ထက်အောက်ဆက်ဆံမှုများတွင် လေးစားမှုများလျော့နည်းခဲ့ရသည်။
 ၂၅ိ၊ ၃၅ိ နှင့် ၇၅ိ တန် ငွေစက္ကူများ တရားမဝင်ကြောင်း ကြေညာလိုက်ခြင်းကလည်း အောက်ခြေရဲဘော်များသာမက အထက်အရာရှိများအတွင်းတွင်ပင် မကျေနပ်မှုများ ပေါ်ပေါက်ခဲ့ရသည်။ 
+++++

ဇွန်လ မြေနီကုန်း အရေးအခင်းများပြီးနောက် အမှတ်(၅၀၂) လေတပ်စခန်းနှင့်ပြု ပြင် ထိန်းသိမ်းရေးလေတပ်စခန်း (လပထ)မှ စစ်သည်များကို အရေးအခင်းများ နှိမ်နင်းရေးအတွက် လုံခြုံရေးတာဝန်များပေးလာသည်။ သို့သော် ခိုင်းသာခိုင်းရသည်၊ လေတပ်နှင့်ရေတပ်ကို မယုံကြ။ 
သို့ဖြစ်၍ မြို့လယ်ခေါင်နှင့် ကျောင်းသားများနှင့်နီးစပ်သော နေရာများတွင် လုံခြုံရေး တာဝန်မပေးရဲ၊ တောင်ဥက္ကလာလို မြို့အစွန်များတွင် တာဝန်ပေးသည်။ အခြားတပ်များက မည်သို့သဘောထားသည်ကို ကျွန်တော်မသိ။ ကျွန်တော်နှင့်ထိတွေ့ရင်းနှီးမှုရှိခဲ့သော (လပထ) လေတပ်စခန်းရှိ ရဲဘော်များ၏သဘောထားကတော့ ပြတ် သည်။
“ ဟေ့- ငါတို့ကတော့ အထက်အမိန့်မို့သာသွားရတာ၊ လုံးဝဆန္ဒမရှိဘူး၊ ငါတို့ကို ပစ်မိန့်ပေးလို့ကတော့ ဆောရီးဘဲ၊ လုံးဝမပစ်ဘူး၊ ပြည်သူတွေ ကျောင်းသားတွေရှေ့မှာ သေနတ်ကိုဒီအတိုင်းပစ်ချပေးလိုက်မယ်၊ နောက်မှ ဘယ်လိုအပြစ်ပေးပေး၊ နောက်မှကြည့်ရှင်းမယ်။” ဟူ၍အချင်းချင်း လျှို့ဝှက်ညှိနှိုင်းထားကြသည်။ 
သို့သော် တချို့တလွဲ ဆံပင်ကောင်းသူများကတော့ “ငါတို့တော့ သူ့ဆန်စားထားရတာ၊ သူတို့ခိုင်းတာလုပ်ရမှာပဲ” ဟုပြောသံကြား ရကြောင်း ပွင့်လင်းစွာ ဝန်ခံပါသည်။
+++++

ရှစ်လေးလုံးအရေးအခင်းသည် ကျွန်တော်တို့ရဲဘော်များနှင့် အရာရှိအသိုင်းအဝိုင်းထိ ဝင်ရောက်ခါ နာကျည်းမှုများနှင့်အတူ စစ်အစိုးရအား ပုန်ကန်ထကြွချင်စိတ်များ တဖွားဖွားပေါ်ပေါက်စေခဲ့သည်။ 
၁၉၈၈ ခုနှစ် သြ၈ုတ်လ(၈) ရက်နေ့သည် ရုံးဖွင့်ရက်ဖြစ်သဖြင့် ကျွန်တော်တို့ ရုံးတက်ကြရသည်။ ရုံးသာတက်ရသည်၊ ဘယ်သူမှ  အလုပ်ကိုစိတ်မဝင်စားကြ၊ အထွေထွေသပိတ်မှောက်ရန် ကြေညာထားသောနေ့ဖြစ်၍ ယင်းကိစ္စနှင့်ပတ်သက်ပြီး စိတ်ဝင်စားစွာ ပြောဆိုဝေဖန်မှုများသည် မနက်ကင်တင်းတွင်ထိုင်ချိန်မှစ၍ ရုံးပေါ်ရောက်သည် အထိ ပြောဆိုဝေဖန်နေကြတုန်းပင်။

မနက်(၁၀) နာရီခန့်တွင် တောင်ဘက် ရွှေတိဂုံဘုရားလမ်းမှ “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊” “တပါတီစနစ်အလိုမရှိ”၊ “ဒီမိုကရေစီချက်ချင်းပေး၊ ချက်ချင်းပေး” စသောကြွေးကြော်သံများကိုကြားရသဖြင့် ကျွန်တော်တို့သည် ရုံးပြတင်းပေါက်များနားသို့ အလိုလိုရောက်သွားကာ ကြည့်မိ ကြသည်။
ရှေ့ဆုံးတွင် ခွပ်ဒေါင်းအလံ နှင့် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံများကို ကိုင်ဆောင်ထားကြသော အဖြူအစိမ်း ကျောင်းဝတ်စုံနှင့် ငယ်ရွယ်သောကျောင်းသူကျောင်းသားများသည် ကြွေးကြော်သံများကို အသံကုန် အော်ဟစ်တိုင်ဖေါက်ကာ တက်ုကြွစွာ ချီတက်လာကြသည်။ သူတို့နောက်မှ များစွာသောလူထုကြီး၊ လူထုကြီးနောက်မှ ရဟန်းသံဃာပေါင်းများစွာကလည်း ကြွေးကြော်သံများ ဖြင့်ချီတက်သွားရာ စတီးဝပ်၊ ဂျူဗလီလမ်းတလျှောက် နှင့်ကျွန်တော်တို့ ရုံးပတ် ပတ်လည်တွင် လူပင်လယ်ကြီးဖြစ်နေတော့သည်။ 

ဆန္ဒပြလူထုကြီးသည် ကျွန်တော်တို့ စစ်သားများကိုလက်ဝှေ့ရမ်း နှုတ်ဆက်ကြသည်။ “ပြည်သူ့တပ်မတော် ဒို့တပ်မတော်”၊ “တပ်မတော်သားများ ပြည်သူလူထုနှင့် ပူးပေါင်းပါ ” “ ရပ်ကြည့်နေလို့ အမြတ်မရှိဘူး၊ ပြည်သူတွေနဲ့ပူးပေါင်းမှ ဒီမိုကရေစီရမယ် ” စသဖြင့် အော်ဟစ်သွားကြသည်။

ညနေရုံးဆင်းချိန်တွင် ကျွန်တော်တို့အိမ်ပြန်ရန် အခက်ကြုံရတော့သည်။ ဤမျှများပြားလှသော လူအုပ်ကြီးများ ကြားမှနေ၍ ကျွန်တော်တို့အဘယ်သို့ပြန်ရပါမည်နည်း။ (ကျွန်တော်တို့ ရုံးသူရုံးသားများကို နေ့စ ဉ် ဖယ်ရီဖြင့်အóကိအပို့ လုပ်ပေးသည်။) ကားများ ဘယ်လိုထိုးဖောက်ထွက်နိုင်မည်နည်း။

စစ်သားဆိုအမုန်းကြီးမုန်းနေသောလူထုကြီးကို ကျွန်တော်တို့ ထိုးဖောက်သွားဖို့ခက်နေပြီမဟုတ်ပါလား။ ရုံးဝင်းအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့များကတော့ Stand by ဘဝအနေအထားဖြင့် အထက်အမိန့်ကိုစောင့်နေကြသည်။ မကြာမကြာဆိုသလို အသံချဲ့စက်တပ် တီအီးအလဲဗင်း ( TE 11 ) စစ်ကားများဖြင့် မြို့တွင်းမြို့ပြင်သို့တစီးပြီးတစီး ထွက်သွားတတ်သည်။ ည (၇) နာရီကျော်သည်နှင့် ကျွန်တော်တို့ အိမ်ပြန်ရေးအတွက် စခန်းမှူးဗိုလ် မှူးကြီးဘဆန်းနှင့် သူ၏အထက်အရာရှိများက စီစဉ်ပေးသည်။ ဤသို့ဖြင့် ည(၈)နာရီခန့်တွင် ဘရင်းကယ်ရီယာနှင့် လုံခြု့ရေးတပ်ဖွဲ့များ ရှေ့နောက်ခြံရံကာ ဖယ်ရီကားတစီးတွင် လုံခြုံရေးစစ်သား (၄)ယောက် စောင့်ကြပ်၍ အိမ်ပြန်ခရီးကို စခဲ့ရသည်။ 

မင်္ဂလာဒုံတွင်နေသော ကျွန်တော်အပါအဝင် စစ်မှုထမ်းများသည် ( ၁၅ ) စီးသော ဘီအမ်( BM) ဖယ်ရီကားတန်းဖြင့် အစောင့် အရှောက်များခြံရံကာ ရွှေဂုံတိုင်၊ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်ခဲ့ရာ လမ်းတလျှောက်တွင် ဧရာမ လူအုပ်ကြီးများနှင့် တိုးပါတော့ သည်။ များပြားလှသောလူအုပ်ကြီးသည် ကားသွားနိုင်ရုံ လောက်သာ လမ်းဖွင့်ပေးထားပြီး တဖက်တချက်တွင်ညှပ်ထားသည်။ ကမ္ဘာအေးဘုရားလမ်းအဆုံး ရှစ်မိုင်၊ မရမ်းကုန်း လမ်းဆုံရောက်သည်အထိပင်။ စစ်သားများကို အန္တရာယ်ပြုဖို့တော့ မဟုတ်ပေ။ 
ကျွန်တော် ထင်သည်။ ဤ (၈) ရက်နေ့ည ကျွန်တော်တို့ပြန်ချိန်အထိ ပြည်သူလူထုသည် (တပ်မ -၂၂ မှလွဲ၍) ခါးခါးသီးသီးမမုန်းသေး။

 ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုကြီးသည် တပ်မတော်သားများကို အားကိုးကြောင်း၊ သူတို့နှင့် ပူးပေါင်းရန်လိုလားကြောင်း၊ သူတို့၏ အပြုအမူများကို မျက်ဝါးထင်ထင် မြင်လိုက်ရသော ကြောင့်ပင်ဖြစ်သည်။
 “ပြည်သူ့တပ်မတော် ဒို့တပ်မတော် ” “တပ်မတော်နှင့် ပြည်သူ ပူးပေါင်းရေး ဒို့အရေး၊ ဒို့အရေး”၊ “တပ်မတော်သားများကျန်းမာပါစေ”၊ စသဖြင့် အော်ဟစ် ကြွေးကြော်ရင်း လက်ခုပ်သြဘာပေးကာ လက်များကိုအားရပါးရ ဝှေ့ရမ်းပြကြသည်။ အချို့လျှင် ကျွန်တော်တို့ အပြန်လမ်းကို တမင်စောင့်နေကာ အက အခုန်များဖြင့်ကြိုဆိုကြသည်။ အချို့ဆိုလျှင် ပန်းများဖြင့်  ပစ်ပေါက်ကြသည်။ ကျွန်တော်တို့လည်း ပြန်၍ လက်များဝှေ့ရမ်းပြသည်။ 

(ကျွန်တော်တို့ကားများတွင် အရာရှိများ လုံးဝမပါ။) သို့သော် လက်များကို လွတ်လွတ်လပ်လပ်အပြင်ထုတ်မပြနိုင်ခဲ့၊ ဂျင်ဂလိအန္တရာယ်ကြောင့် ကားမှန် ပြတင်းပေါက်များကို ပိတ်ထားရမည်ဟူသော အမိန့်ကြောင့်ဖြစ် သည်။ ကျွန်တော်တို့နေထိုင်ရာ ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်းသို့ ရောက်သောအခါ အဆောင်နေ ရဲဘော်များက မြို့တွင်းအခြေအနေကို လာရောက်မေးမြန်းကြသည်။ ည(၁၁)နာရီခန့်တွင် လျှို့ဝှက်ဆွေးနွေးမှုများပြု လုပ်ကာ ကျောင်းသားများနှင့် ဆက်သွယ်ပြီး လှုပ်ရှားမှုများပြုလုပ်ရန်နှင့် အခွင့်ကြုံလျှင်ကြုံသလို လူထုအတွင်းပါဝင်ရန် ဆုံးဖြတ်ကြသည်။ 

နောက်တနေ့ ရုံးအတက်တွင် သတင်းဆိုးများကိုကြားရတော့သည်။ (၈) ရက်နေ့ည (၁၁) နာရီနှင့် (၁၂) ရီကြား နေဝင်း၏ လက်မရွံ့အာဏာသားများက မြို့တော်ခန်းမအနီး ဆန္ဒပြသူ လူအုပ်အတွင်းသို့ မောင်းပြန်ဂျီသရီး၊ ဂျီဖိုးများဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခြင်းသတင်းပင်။ 
ကျွန်တာ်တို့တရုံးလုံး (မဆလ ဒေါက်တိုင်များမှလွဲ၍) စိတ်ထိခိုက်စွာ ခံစားကြရသည်။ အခြားအဆင့်စစ်သည် (other rank) များမှအစ အရာရှိကြီးများပင် စစ်တပ်၏လူမဆန်မှုများကို ပစ်ပစ်ခါခါ ဆဲဆိုပြစ်တင် ဝေဖန်ရှုံ့ချကြသည်။ ရုံးပတ်ဝန်းကျင် ဘယ်နေရာပဲသွားလိုက်သွားလိုက် ဤအသံများကိုသာ ကြားရသည်။ 
( ဤအချိန်က ထောက်လှမ်းရေးသူသျှိုများ စိမ့်မဝင်သေး၊ လွတ်လပ်စွာ ပြောဆိုနိုင်သည်။)၊ 

(၈) ရက်နေ့ညက ကျွန်တော်တို့ကို လှိုက်လှဲစွာ ကြိုဆိုလက်ကမ်း လာသော ပြည်သူလူထုကြီးတရပ်လုံးသည် (၉) ရက်နေ့တွင် စစ်သားဆိုလျှင် အသံကိုပင်မကြားချင်လောက်အောင် အမုန်းကြီးမုန်း၊ အရွံကြီးရွံသွားကြလေပြီ။ အချို့ရပ်ကွက်များမှာဆိုလျှင် စစ်သားမှန်း သိလျှင်ဝိုင်းအရိုက်ခံရသည်။ အချို့ဆိုလျှင်ရပ်ကွက်ထဲမှာမနေရဲတော့၍ တပ်တွင်းသို့ပြောင်းနေကြရသည်။ 

+++++
Photo - Crd

ပြည်သူ့တပ်မတော်အမည်ခံထားပြီး ပြည်သူဘက်မှမရပ်တည်ခဲ့သော၊ ပြည်သူကိုအကျိုးမြုပခဲ့သော၊ ပြည်သူတို့၏ အားကိုးရာမဖြစ်ခဲ့သော ကျွန်တော်တို့တပ်မတော်သားများသည် ငါးခုံးမတည်းဟူသော လက်မရွံ့ အာ ဏာသားများကြောင့် လှေကြီးတလှေလုံးပုတ်ခဲ့ရပြီ၊ ဤအရေး အခင်း၏ အကျိုးဆက်ကြောင့် ပြည်သူလူထု အရပ်သားဝန်ထမ်းများနှင့် ဆက်ဆံရသောအခါ များစွာမျက်နှာငယ်ရပြီး အရှက်ကြီးရှက်ခဲ့ရသည်။ 
ကျွန်တော်သည်ဘဏ်များတွင် ငွေသွင်းငွေထုတ် ကိစ္စဖြင့် သွားရတတ်လေရာ အခြားဝန်ထမ်းများမဆိုထားနှင့်၊ ကျွန်တော်နှင့်ရင်းနှီးသော စာရေးဝန်ထမ်းများကပင် လိုလားဟန်မပြ၊ လူကိုမုန်း၍မဟုတ်၊ စစ်သားဟူသောအမြင်ဖြင့် မုန်းတီးရွံရှာစွာအကြည့်ခံရသည်။ ငွေစာရင်းကိစ္စနှင့် ပဲခူးကလပ်ရှိ CEA ( ကာကွယ် ရေးငွေစာရင်းဝန်ရုံး) ထိုသို့သွားရာတွင်လည်း ဤနည်းနှင်နှင်ပင်။ 

အချို့ရင်းနှီးသော စာရေးဝန်ထမ်းနှင့် ရုံးအုပ်အရာရှိများက “ ဘယ်လိုလဲ ဒီအရေးအခင်းမှာ ခင်ဗျားတို့ ဘာမှမလှုပ်ရှားဘူးလား၊ ကျောင်းသူ ကျောင်းသားနဲ့ ပြည်သူလူထု တရပ်လုံးက သတ္တိရှိရှိ တောင်းဆိုမှုတွေ၊ လှုပ်ရှားမှုတွေ၊ ဆန္ဒပြမှုတွေလုပ်နေကြပြီ၊ ခင်ဗျားတို့လည်းပါဝင်သင့်ပြီ၊ ပြည်သူဘက်က ရပ်တည်သင့်ပြီ ” ဟု ပြောဆိုခြင်းခံရသည်။ ကျွန်တော်လည်းရှက်ရှက်ဖြင့် “အခွင့်အရေးတော့ စောင့်နေတုန်းပဲ၊ အခုလောလောဆယ် အခြေ အနေမပေးသေးဘူး၊ အခြေအနေပေးတာနဲ့ လှုပ်ရှားဖို့ အဆင်သင့်ပြင်ထားပါတယ်” ဟုပြောခဲ့ရသည်။ 

ကျွန်တော်တို့သည် ဤသို့လျှင် ပြည်သူလူထုအကြားတွင် မတိုးရဲ၊ မတိုးဝံ့၊ မုန်းတီးရွံရှာသောအကြည့်များကို မခံရဲ၊ မခံဝံ့ဖြင့် အရှက်ကြီး ရှက်၊ အခက်ကြီးခက်ရပေပြီ။ စိတ်ဓာတ်လည်း အကြီးအကျယ်ကျခဲ့ရပြီ၊ ကြည့်ပါအုန်းတော့၊ တပ်မတော်သားဆိုတဲ့ ကျွန်တော်တို့အဖြစ်၊ ရုံး တက်ရုံးဆင်းချိန်တွင် အရပ်ဝတ်ဖြင့် ဆင်းတက်ရပြီး ရုံးကျမှ ယူနီဖောင်း လဲရသည်။ 
ဘယ်လောက်ရှက်စရာကောင်းပြီး ဘယ်လောက်ရယ်စရာကောင်းပါ သလဲ၊ ရှက်စရာ ကောင်းပြီး ရယ်စရာ ကောင်းတာကတော့ အရပ်ဝတ် ဝတ်ပြီး ဘီအမ်စစ်ဖယ်ရီများဖြင့် ရုံးတက်ရုံးဆင်းရခြင်းပင်၊ ပြည်သူ လူထု၏ စူးစမ်း၊ ထူးဆန်းသောအကြည့်၊ လှောင်ရီထေ့ငေါ့သော မျက်နှာပေးများကို မမြင်ချင်ဆောင်ထားရသည်။ “အခုမှကြောက်နေပြီလား” ဆိုသော အသံများကိုလည်း ကြားရသည်။ 
စစ်ရုံးမှစစ်သားများ ဖယ်ရီတွေ တသီတတန်းကြီးဖြင့် ရုံးတက်ရုံးဆင်းကြမှန်း ရန်ကုန်တမြို့လုံးက ပြည်သူတွေသိနေကြပြီ။ အော်- ပြည်သူတွေဘက်မှ အစ ဉ်ရပ်တည်နေပါသည်ဆိုသော တပ်မတော်သည် ယခုအခါတွင် ပြည်သူတွေကြားတွင် မဝံ့မရဲဖြင့် ခိုးကြောင်ခိုးဝှက် သွားလာနေကြရပြီ၊ ပြည်သူ့ချဉ်ဖတ်ဖြစ်နေပြီ၊ ရင်နာစရာ ကြေကွဲ စရာကောင်းလေစွ။   
+++++

Photo - Crd

ဆန္ဒပြပွဲများအနက် လူအစည်ကားဆုံးနေ့ကို ပြောပါဆိုလျှင် ဒေါ်အောင် ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် သြဂုတ်လ (၂၆) ရက်သောကြာနေ့ ဟုပြောရမည်ထင်သည်။
ဘာကြောင့်လဲဆိုတော့ ယင်းနေ့မနက် (၅)နာရီလောက်ကတည်းက သိန်းသောင်းမကသော လူအုပ်ကြီးသည် ရွှေတိဂုံဘုရားလမ်းအတိုင်း အနောက်ဘက်မုခ်သို့ ချီတက်သွားကြသည်မှာ တနေ့လုံးမဆုံးနိုင်တော့။
ကျွန်တော်တို့လည်း မနက်(၉)နာရီကျမှ တပ်ပြင်ထွက်ခွင့်ရသောကြောင့် ထိုအချိန်ကျမှ ယင်းဟောပြောမည့်နေရာသို့သွားရာ နဲနဲနောနောမဟုတ်သော ဧရာမလူအုပ်ကြီးကို တွေ့ရသည်။ တိုး၍ပင်မပေါက်၊ ဤမျှကျယ် သောကွင်းပြင်ကြီးတွင်ပင် နေရာမဆန့်တော့ဘဲ လူများအပြင်သို့ပြည့်လျှံထွက်ကာ လမ်းတခုလုံး ခြေချစရာမရှိလောက်အောင် ပြည့်နှက်နေခဲ့သည်။ 
ဒေါ်အောင်ဆန်းစုကြည်ရောက်လာသောအခါ ပရိတ်သတ်၏ သြဘာသံသည် နားကွဲတော့မလားထင်ရအောင် ကျယ်လောင်ပြင်းထန် လှသည်။ ဒေါ်အောင်ဆန်းစုကြည် ဟောပြောစ ဉ်တွင် သဲသဲကွဲကွဲမမြင်ရတော့ဘဲ အသံသာကြားနေရသည်။ 
များပြားလှသောလူအုပ်ကြီးကြောင့် အသံချဲ့စက် မြောက်မြားစွာ တပ်ထားပါလျက် မကြားတချက် ကြားတချက်ဖြစ်နေသည်။ လက်ခုပ်သံများကသာ ဖုံးလွှမ်းနေတော့သည်။ 
မှတ်မိလိုက်တာတချို့ကတော့ “နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတာလေး အတွက်ကြောင့် ကျမတိုင်းပြည်အပေါ်မှာထားတဲ့ မေတ္တာဟာ ဘယ်လို နည်းနဲ့မှကျဆင်းမသွားနိုင်ပါဘူး၊ နိုင်ငံရေးနဲ့ ဝေးဝေးကင်းကင်းနေခဲ့ချင်ပေမယ့် ဒီအရေးအခင်းက တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့အရေးအခင်း ဖြစ်နေပါတယ်။ ကျမလည်းဖေ့ဖေ့သမီးလုပ်နေပြီး ခေါင်းရှောင်နေလို့ မဖြစ်တော့ဘူး။ တကယ်တော့ဒီအရေးအခင်းဟာ ဒုတိယလွတ်လပ်ရေး တိုက်ပွဲကြီး ခေါ်ရင်လည်း ဖြစ်ပါတယ်။ ” ဟူသော စကားသံများ ပင်ဖြစ်သည်။ 
+++++

Photo - Crd

စက်တင်ဘာ(၈)ရက်နေ့တွင် (လပထ) ပြုပြင်ထိန်းသိမ်းရေးလေတပ်စခန်း၊ မင်္ဂလာဒုံမှပါဝင်လှုပ်ရှားရန် အခြေ အနေတရပ်ကမမျှော်လင့်ဘဲ ဖန်တီးပေးလာသည်။ ထို့အတူ ကျွန်တော်လည်း ထိုဆန္ဒပြပွဲတွင် ပါဝင်လာရန်အခြေအနေက သူ့အလိုအလျောက် ဖန်တီးပေးလာသည်။ ထိုနေ့မနက်ကကျွန်တော်သည် ကာကွယ်ရေးဝန် ကြီးဌာန ကာကွယ်ရေး  ဦးစီးချုပ်ရုံး (လေ) တွင်ရှိနေပါသေးသည်။  မနက်(၁၀)နာရီတွင် မင်္ဂလာဒုံတပ်နယ် လုံòခံရေးတပ်ဖွဲ့များအတွက် အင်အားဖြည့်ရိက္ခာများ သွားပို့ရန် အစီအစ ဉ်တရပ် ပေါ်လာသည်။ ထိုအဖွဲ့တွင် ကျွန်တော်လည်း ပါဝင်သည်။ (၅၀၂) လေတပ်စခန်းတွင် ရိက္ခာများချ ပြီးနောက် (လပထ) သို့ ဝင်သည်။ 
ကျွန်တော်သည်ထိုတပ်လူပျိုဆောင်တွင် နေသောကြောင့်  ရုံးချုပ်သို့ ပြန်လိုက်မသွားတော့။ ညနေ(၃)နာရီလောက်တွင် ထူးခြားမှုတရပ် ပေါ် ပေါက်လာသည်။ (ကျွန်တော်တို့ လူပျိုများနေသော မာဃဆောင် အပေါ် ထပ်မှကြည့်လိုက်လျှင် ပန်းခြံကုန်းရှိ ကားလမ်းကို အတိုင်းသား မြင်နေရသည်။ ) ရန်ကုန်မြို့တွင်း ဆန္ဒပြပြီး ထောက်ကြံ့၊ မှော်ဘီသို့ ပြန်လာကြသော ကားတန်းကြီးဆီမှ အော်ဟစ်ကြွေးကြော်သံများ ကျယ်လောင်လှ လေရာ ကျွန်တော်တို့ တဆောင်လုံးထွက်ကြည့်ပြီး ကျယ်လောင်သော သြဘာလက်ခုပ်သံများ၊ လက်ခေါက် မှုတ်သံများဖြင့် အော်ဟစ် အားပေးကြသည်။ 

ထိုစဉ် လေ-၁၃၈၅ ဒုဗိုလ်မှူးကြီးဇော်ဝင်း ဘယ်လိုကဘယ်လို ရောက်လာသည်မသိ။
 “ဟေ့-ဘာလို့လက်ခုပ်တီးကြတာလဲ၊ မင်းတို့ကို ကောင်းကောင်းကျွေးထားတာ ကောင်းကောင်း နေကြ၊ ဆူဆူပူပူမလုပ်နဲ့၊ အကုန်ဖမ်း ချုပ်လိုက်မယ်” ဟုပြောလိုက်ရာ ရဲဘော်အချို့က “ကျုပ်တို့ငတ်လို့ တပ်ထဲဝင်လာတာမဟုတ်ဘူး၊ ဘွဲ့ရရင်ထွက်မယ့်ကောင်တွေချည်းပဲ” ဟုပြန်ပြောသည်။
ဇော်ဝင်းမှာ အလွန်ဒေါသ ထွက်သွားသော်လည်း များပြားလှသောလူအုပ်အရှိန်ကြောင့် ဘာမျှပြန်မပြောတော့ဘဲ ချာခနဲလှည့်ထွက်သွား သည်။ ရဲဘော်များလုံးဝမကျေနပ်ကြ။
 နဂိုကတည်းကအခွင့်အရေးစောင့်နေကြသူများဖြစ်၍ မကြာမီပင် “ဒီမိုကရေစီရရှီရေး ဒို့အရေး ဒို့အရေး ” “တပါတီစနစ်အလိုမရှိ ”၊ “ဒို့ရဲဘော်တွေညီရဲ့လားဟေ့-ညီတယ်ဟေ့၊ ညီတယ်ဟေ့” စသဖြင့် အော်ဟစ်ပါတော့သည်။ 

မကြာမီပင်ရဲဘော်(၂)ယောက်အချုပ်ခံရရာ မကျေနပ်မှုများ ပိုမိုပြင်းထန်လာသည်။ ရဲဘော်များဘာလုပ်ကြမည်ကို တိုင်ပင်ကြလေပြီ။
ညနေ ၆ နာရီခွဲလောက်တွင် ဇော်ဝင်းထပ်ရောက်လာပြီး အဆောင်မှူး တပ်ကြပ်အောင်စည်ရှိရာ မာဃဆောင် အခန်း(၁)သို့သွားပြီး ပြစ်တင်ကြိမ်းမောင်း ခြင်းနှင့် ညွှန်ကြား ချက်များပေးနေသည်မှာမဆုံးတော့၊ ရဲဘော်များ ကလည်း သူဝင်လာကတည်းက အောင်းဆန်းဆောင်ရှိရဲဘော်များကို သွားစည်းရုံးထားပြီး စီစဉ်မှုများပြုလုပ်ထားသည်။ ( အချိန်က ည(၇) နာရီကျော်ပြီဖြစ်၍ မှောင်နေသည်။ အဆောင်မီးနှင့်ကော်ရစ်ဒါမီးများကို ထွန်းထားသည်။) 
ရဲဘော်များအားလုံး အကျႌချွတ်၊ ကတောင်းကျိုက်(ခါးတောင်းကျိုက်) ထားကြပြီး အခန်း(၁၀)အပြင်ဘက် ကော်ရစ်ဒါ တွင်အသင့်စောင့်နေကြသည်။ 
သူထွက်လာပြီဖြစ်ကြောင်း ရဲဘော်တယောက်ကအချက်ပြလိုက်သည်နှင့် ရှိသမျှမီးများမှိတ်သွားပြီး တပြိုင် နက်တည်း တုတ်၊ ခဲ ပစ်ပေါက်သံနှင့်အတူ “ တပါတီစနစ်အလိုမရှိ၊ ” “ဒီမိုကရေစီရရှိရေး၊ ဒို့အရေး၊ ဒို့အရေး” “ ငဖားဇော်ဝင်း အလိုမရှိ” ဖမ်းချုပ်ထားသူ အခုလွှတ်၊ အခု လွှတ်” စသဖြင့် အော်ဟစ်သံများ ပွက်လောရိုက်ဆူ ညံသွားသည်။ ဇော်ဝင်းလည်း အလွန်ထိတ်လန့်သွားကာ အပြင်သို့အမြန်ထွက်သွားသည်။
ခဏအကြာတွင် အင်အား(၃ဝဝ) နီးပါးရှိ ကျွန်တော်တို့ရဲဘော်ထုကြီးသည် အချုပ်ခန်းကိုသွားဝိုင်းရန်နှင့် အိမ် ထောင်သည်လိုင်းသို့ ချီတက်ရန် ကြွေးကြော်သံများဖြင့် ထွက်လာကြပါပြီ။ 

(၅) မိနစ်ပင်မကြာလိုက် ထမင်းစားဆောင်ဘက်အရောက်တွင် ဓာတ်မီးရောင်လက်ခနဲ မြင်ရသဖြင့် “ဟေ့ဘယ်ကောင်လဲမီးထိုးတာ၊ အခုပိတ်” ဟု ပြောရင်းရှေ့သို့ပြေးတက်သွားကြရာ “ဟေ့-ဒုဗိုလ်မှူးကြီးဇော်ဝင်းပါကွ၊ မင်းတို့ သိပ်ဒေါသသိပ်မကြီးကြနဲ့၊ ပြေပြေလည်လည်ရှင်းကြတာပေါ့၊ ” ပြောသံကြားရာ “ဟေ့ကောင် -ဇော်ဝင်း၊ မင်းအသံမကြားချင်ဘူး၊ အခ ု တို့ရှေ့ကဖယ်စမ်း” ဟုပြောရင်း ရှေ့တက်သွားစဉ် “ နေပါအုံး ကိုယ်ပြောတာလည်းနားထောင်ပါအုံး၊” ဆိုသော အခြားအသံတခုကိုကြားလိုက်ရာ ဒုဗိုလ်မှူးကြီးခင်မောင်မြင့် (စာကလေး) မှန်းကျွန်တော်တို့ချက်ချင်းသိလိုက်သည်။ 

ရဲဘော်များခေတ္တငြိမ်သွားခိုက် “ မင်းတို့ဘာဖြစ်ချင်သလဲပြေလည်အောင် လုပ်ပေးမယ်၊ အေးအေးဆေးဆေးပြောကြတာပေါ့ ” ဟု ပြောသည်။  
“ချုပ်ထားတဲ့ ရဲဘော်(၂) ယောက်ကို  အခုလွှတ်ပေးပါ၊ ကျွန်တော်တို့ အခုချီတက်ဆန္ဒပြမယ်၊ စခန်းမှူးအိမ်သွားမယ်၊ အိမ်ထောင်သည်လိုင်း အထိ ချီတက်ဆန္ဒပြမယ်၊” ဟုပြောရင်းဆိုရင်း ကြွေးကြော်သံများ အော်ဟစ်ပါတော့သည်။ 
စာကလေးက “ ဟေ့-မင်းတို့ပြောမရဘူးလား၊ ဒီမှာ- ဒီမိုကရေစီ ဆိုတာ ဘာလဲ ဆိုတာကော သိကြရဲ့လား” ဟုပြောသောအခါ ရဲဘော်များ အလွန်ဒေါသ ထွက်သွားကြပြီး “ ဟေ့- ဆယ်တန်းအောင်လို့ တပ်ထဲဝင် လာတာကွ၊ မင်းထက်နားလည်တယ်၊ ဟေ့-ကြာတယ် ရဲဘော်တို့ ချီတက်ကြမယ်” ဟု ပြောပြောဆိုဆိုချီတက်မည်အလုပ် ကားမီးရောင် မြင်သဖြင့် “ ဟေ့-ဘာလို့မီးဖွင့်တာလဲ” ဟုပြောရင်း ကားဆီသို့ ပြေး တက်သွားသည်။ ကားလည်းမီးမှိတ်သွားပြီး “ ရဲဘော်တို့ ခဏလေးသီးခံပြီး နားထောင်ကြပါ။” ဟုအသံကြားသဖြင့် စခန်းမှူး ဗိုလ်မှူးကြီးချစ်သန်းမှန်း သိလိုက်ကြသည်။ 

“ မင်းတို့ရဲ့အသံကို အဝေးကြီးကကြားနေရတယ်။ ကဲ- မင်းတို့ ဘာလုပ် ချင်ကြသလဲ ” 

“စခန်းမှူး-ဖမ်းထားတဲ့ ရဲဘော်(၂)ယောက်ကို အခု ချက်ချင်းလွှတ်ပေးပါ၊ ကျွန်တော်တို့ တညလုံး စခန်းကိုပတ်ပြီးဆန္ဒပြ မယ်။ မနက်òမိ့ထဲထွက်ပြီး ချီတက်ဆန္ဒပြမယ်။ ကျွန်တော်တို့ကို မနှောင့်ယှက်ပါနဲ့ "

” “အေး- မင်းတို့ကိုငါနားလည်ပါတယ်။ မင်းတို့ကိုလည်းလေးစားပါတယ်။ ငါ့စကားကိုနားထောင်ကြပါ။ အခုလောလောဆယ်အဆောင်ပြန်ပြီး အေးအေး ဆေးဆေး အနားယူကြပါ။ မင်းတို့ဘာအန္တရာယ်မှမဖြစ်ဖို့ ငါတာဝန်ယူတယ်၊ မင်းတို့ ဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်ပေးမယ်လို့ငါ ကတိပေးတယ်” ဟုပြောရာ ...

“ စခန်းမှူး-တကယ်တာဝန်ယူသလား၊ ကျွန်တော်တို့ကိုအချိုသပ်ဖို့တော့ မကြိုးစားပါနဲ့၊ အခုနေမှာ ကျွန်တော်တို့ ဘာကိုမှမကြောက်ဘူး။ ဘာကိုမှလည်း ဂရုမစိုက်ဘူး ” 

တိုတိုပြောရလျှင် စခန်းမှူးနှင့် တော်တော်ကြာညှိနှိုင်းပြောဆိုပြီးနောက် ကျွန်တော်တို့အဆောင်သို့ပြန်ရောက် လာကြသည်။ သို့သော်လည်း ကျွန်တော်တို့အေးအေးဆေးဆေး အနားယူကြသည်တော့မဟုတ်။ မာဃဆောင်အခန်း(၄)တွင် အားလုံးစုရုံးတိုင်ပင်ကြသည်။

“ဟေ့-ငါတို့တော့စခန်းမှူးစကားကိုမယုံဘူး။ ဒီပြဿနာမသေးဘူး၊ ဟိုကောင် ဇော်ဝင်းနဲ့စာကလေး အန္တရာယ်ကလည်းမသေးဘူး၊ ငါတို့ကိုဒုက္ခပေးမှာသေချာတယ်။ ဒီတော့ ငါတို့ဘာဆက်လုပ်ကြမလဲ၊ ကျောင်းသားသမဂ္ဂနဲ့လည်း ဆက်သွယ်ထားပြီးဆိုတော့ ဖြစ်ချင်ရာဖြစ်ကွာ ရှေ့ဆက်ကြမ်းဖို့ပဲရှိတော့တယ်” ဟု ဒုတပ်ကြပ်သန့် စင်က ပြောသည်။ 

ထိုအချိန်တွင် ဂျူတီပို့စ် အသီးသီးတွင် လုံခြုံရေးတာဝန်ယူနေကြသော ရဲဘော်များရောက်လာကြပြီး “ ဟေ့-မင်းတို့အော်သံတွေ အိမ်ထောင် သည်လိုင်းထိတောင် ကြားရတယ်၊ ဟိုမှာအကုန်လှုပ်လှုပ်ရွရွဖြစ်ကုန်ပြီ၊ မင်းတို့နဲ့လာပေါင်းဘို့တောင်လုပ်နေတာ၊ ဟေ့-မင်းတို့လုပ်ချင်တာ လုပ်သာလုပ်၊ နောက်ဆုတ်ဘို့စိတ်မကူးကြနဲ့၊ ငါတို့အကုန်တာဝန်ယူ တယ်။ ဂျူတီပို့စ်တိုင်းမှာသေနတ်မောင်းတင်ပြီး အဆင်သင့်ပြင်ထား ကြပြီ၊ ဝင်လာတဲ့ကောင်မှန်သမျှ အကုန်ရှင်းပစ်မယ်” ဟုနေဒွန်းအောင် ကပြောသည်။ 
လက်နက်တိုက်တာဝန်ခံတင်ဦးကလည်း “ ဟေ့- လက်နက်တိုက် အဆင် သင့်ဖွင့်ထားပေးမယ်။ ကြိုက်တဲ့လက် နက်သာ ယူထုတ်ပေတော့၊ အရေးကြုံရင် လက်မနှေးကြစေနဲ့ ” ဟုပြောသည်။ 

အမှတ်(၁) ဗဟိုဂိတ်တွင် တာဝန်ကျသော တပ်ကြပ် မြင့်အောင်က “ စခန်းမှူးကား ဂိတ်ဝ ဝင်လာတော့ ဂိတ်ဖွင့်မပေးဘဲ အားလုံးသေနတ် တွေနဲ့ချိန်ထားပြီး စခန်းမှူး ရဲဘော်တွေကိုဒုက္ခမပေးဘူးလို့ကတိပေးပါ၊ ရုတ်ရုတ် ရက်ရက်ဖြစ်ရင် ဒီမှာတွေ့လား၊ အတွဲလိုက်ဖြုတ်ပစ်လိုက်မယ်၊ ပြောတော့ စခန်းမှူးတော်တော်ဖြုံသွားတယ်။ သူ့ဆီကကတိရမှ ဂိတ်ဖွင့်ပေးလိုက်တယ် ” 

(ဂျူတီပို့စ် အသီးသီးမှ ရဲဘော်များသည် အစောကြီးကတည်းက အခြေအနေအရပ်ရပ်ကိုသိထားကြပြီး လူတိုင်း ဒေါသထွက်ကာ မကျေမနပ်ဖြစ်နေကြသည်။)

တပ်ကြပ်တင်ကြိုင်က “စခန်းမှူးက ဘယ်လောက်တာဝန်ယူတယ် ပြောပြော ခင်ဗျားတို့လည်း တပ်ထဲကြာပြီပဲ။ စစ်တပ်အကြောင်း သိပါ တယ်။ ဒီတော့ ကျွန်တော်တို့မနက်ဖြန်စောစော မြို့ထဲထွက်ချီတက် ဆန္ဒပြကြမယ်။ ပြည်သူတွေနဲ့ပူးပေါင်းမယ်။ ကျွန်တော်တို့ ပြည်သူတွေ ရဲ့အမုန်းမခံနိုင်ဘူး၊ အားလုံးရဲ့ဆန္ဒဘယ်လိုရှိသလဲ”  ဟုပြောရာ အထွေ အထူးစည်းရုံးရန်ပင်မလို၊နဂိုကမှ အခွင့်အရေးစောင့်နေသူများမို့ မနက် စောစောထွက်ရန် အတည်ပြုလိုက်ကြသည်။ 

+++++

တညလုံး ဘယ်သူမှမအိပ်လိုက်ရပါ။ ပြင်ဆင်တာရှိတာပြင်ဆင်ကြရင်း၊ သတိလည်းထားကြရင်း၊ တင်းပြည့်ပါတီကဒ်များကိုလည်း မီးရှို့ဖျက်ဆီး ကြရင်း၊ မနက်(၄)နာရီတွင် ( စိတ်မဝင်စားသူ၊ ရှောင်လိုသူ၊ စိုးရွံ့သူ၊ စာကလေး၊ ဇော်ဝင်းတို့၏ အတွင်းလူများမှအပ) အားလုံးအဆင်သင့် ဖြစ်နေကြပြီ။ 
တပ်ကြပ်တင်ကြိုင် ဦးဆောင်သော ဆန္ဒပြစစ်ကြောင်းသည် လုံခြုံရေး စစ်သားများရှိရာ BCMP ဂိတ်ကိုကွင်းပြီး တပ်နောက်ဘက်မှ ထွက်ကာ ခပ်တည်တည်ချီတက်ကြ ပါတော့သည်။

အားလုံးအင်အား(၂ဝဝ)၊ အချိန်က စက်တင်ဘာလ(၉) ရက် သောကြာနေ့  နံနက်(ဝ၄း ၃၀) နာရီ။
+
(ဒုတိယပိုင်းကို နက်ဖန် ဆက်ဆက်တင်ပေးပါမည်။ )
-

 Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar