Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၉ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၉၊ ၂၀၂၁

လက်နက်ကိုင်တိုက်ပွဲ၊ လုပ်ကြံသတ်ဖြတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ


ဒီနေ့သတင်းတွေထဲ ယမန်နေ့က တိုက်ပွဲ ဖြစ်ပျက်ခဲ့တဲ့ မုန်းကိုးမြို့နယ်ထဲက ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ MNDAA တပ်တွေထပ်မံ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုတဲ့ သတင်း၊ သတင်းပေးတွေလို့ ဆိုတဲ့သူတွေ နေ့စက် လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်းမှာ စစ်ကိုင်းတိုင်း ရွှေဘို နဲ့ တန့်ဆည်၊ ရန်ကုန်တိုင်း လှိုင်မြို့နယ်တို့မှာ အသတ်ခံရတဲ့ သတင်း၊ ရန်ကုန်မြို့မှာ ပီဒီအက်ဖ် နဲ့ သူတို့နဲ့ ဆက်နွယ်သူ ၄၁ ဦးဖမ်းဆီးထားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာတဲ့ သတင်း၊ တရုတ်နိုင်ငံက တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်မှု နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အဖြစ် NLD က သဝဏ်လွှာပေးပို့ခဲ့ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီက NLD ပါတီကို ကျေးဇူးတင်ကြောင်း အကြောင်းပြန်ကြားစာ ပြန်လည်ပေးပို့လာတာ ဖြစ်ပါတယ်။

ဒါအပြင် အခြားသော တရုတ်ကွန်မြူနစ်ပါတီနဲ့ နီးစပ်သူတွေက အန်အယ်လ်ဒီပါတီဝင်တချို့နဲ့ ဆက်သွယ်ပြောဆိုရာမှာ တရုတ်အစိုးရက အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းဖို့ စစ်ကောင်စီက ပြောဆိုနေမှုတွေ အပေါ် တရုတ်နိုင်ငံအနေနဲ့ မလိုလားကြောင်းသဘောထား ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဘက်က အခုလို သူတို့သဘောထားကို စစ်ကောင်စီဆီကို ထုတ်ဖေါ်ပြောဆိုခဲ့ပေမယ့် စစ်ကောင်စီ အနေနဲ့ တရုတ်နိုင်ငံရဲ့ သဘောထားကို ဘယ်လောက် အလေးထားမလဲ ဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။ ဘာကြောင့်ဆို မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တခုကြာလောက် ခပ်ခွာခွာနေခဲ့ပြီး လက်နက်ကိစ္စ အများစုမှာ ရုရှားကိုပိုပြီး အားကိုးခဲ့ ဆက်သွယ် လုပ်ဆောင်ခဲ့တာတွေ့ရတာ ဖြစ်ပါတယ်။ သည်နှစ်ဆန်း စစ်အာဏာသိမ်းလိုက်တဲ့ နောက်မှာတော့ စစ်ကောင်စီအနေနဲ့ တရုတ်အစိုးရ အပေါ် နိုင်ငံတကာ ဆက်ဆံရေး အသိုင်းအဝိုင်းမျာ အားကိုးဖို့ လိုအပ်တဲ့ အနေအထားရှိတာမှန်သော်လည်း တရုတ်အစိုးရရဲ့ သြဇာလွှမ်းမိုးမှုကို လွတ်မြောက်ဖို့ ပြီးခဲ့တဲံ့ဆယ်စုနှစ်တခုကတည်းက စစ်အုပ်စုကလိုလားနေခဲ့တာကို တပ်နဲ့ တရုတ်အစိုးရ အဖွဲ့အစည်းတွေရဲ့ ဆက်ဆံရေးကို အကဲခတ်ကြည့်ရင် သိနိုင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ အပေါ် သြဇာညောင်းတဲ့ အခြေအနေမျိုးတွေကိုလည်း တပ်က မလိုလားတာဟာ တရုတ်အစိုးရနဲ့ ခပ်ခွာခွာနေတဲ့ အကြောင်း တချက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တရုတ်ရဲ့ အကာအကွယ်ကို ရုရှားနည်းတူ လိုအပ်တာကြောင့် ဆက်ဆံရေး အနေအထားပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာလည်း တရုတ်နိုင်ငံဟာ NLD ပါတီနဲ့ ဆက်ဆံရေးကို အတိုင်းအတာတခုထိ ထိန်းသိမ်းထားလိုတဲ့ လက္ခဏာကို ယခုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို တုံ့ပြန်ခြင်းကို ကြည့်ခြင်း အားဖြင့် သိရှိနိုင်ပါတယ်။

နိုင်ငံတကာ အစိုးရတွေ သံတမန်အရေးကိစ္စနဲ့ပတ်သက်တဲ့ နောက်သတင်းတပုဒ်ကတော့ တောင်ကိုးရီးယား အစိုးရက NUG နဲ့ ပုံမှန်ဆက်သွယ်မှု ပြုလုပ်သွားမယ်လို့ ပြောကြားလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တောင်ကိုးရီးယား အစိုးရဟာ စစ်အာဏာသိမ်းပြီး တက်လာတဲ့ စစ်ကောင်စီကို သံတမန်ရေးအရ အဆင့်တဆင့် နှိပ်ထားတဲ့ သဘောမျိုး ယူဆနိုင်ပြီး အရှေ့အာရှနိုင်ငံတွေထဲ NUG ကို သိသိသာသာ အရေးပေး အသိအမှတ်ပြုတဲ့ သဘောရှိတဲ့ တခုတည်းသော နိုင်ငံလို့လည်း ဆိုနိုင်ပါလိမ့်မယ်။

ဒီနေ့အတွက် အခြားသတင်းတွေထဲမှာ မနေ့က စစ်ကောင်စီတပ်နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ တိုက်ပွဲဖြစ်တဲ့ မုံးကိုးမြို့နယ်ထဲမှာ ဒီနေ့ ဆက်ပြီးတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ ကျေးရွာက လူနေအိမ်ပေါ် လက်နက်ကြီးကျတာကြောင့် ၃ ဦးသေဆုံးခဲ့တယ်လို့လည်း သတင်းတွေအရ သိရှိရပါတယ်။

နေ့စဥ်သတင်းတွေထဲ နေ့တိုင်းဖတ်နေရတဲ့ အုပ်ချုပ်ရေးမှူး၊ သတင်းပေးဆိုသူတွေ သတ်ဖြတ်ခံရတဲ့ သတင်းလည်း ဒီနေ့သတင်းတွေထဲ ၃ နေရာလောက်က သတင်းတွေ ပါရှိတာတွေ့ရပါတယ်၊ မနက်စောစော ရန်ကုန်မြို့ လှိုင်မြို့နယ်က အုပ်ချုပ်ရေးမှူးက ကားမောင်းပြီးသွားစဥ် ကားချင်းယှဥ်ကာ ပစ်သတ်ခဲ့တဲ့ အတွက် အုပ်ချုပ်ရေးမှူး သေဆုံးပြီး သူ့ဇနီးက ဒဏ်ရာရခဲ့တယ်လို့ သတင်းဖေါ်ပြမှုတွေ အရသိရပါတယ်။ အလားတူ အခြားသတင်းကတော့ တန့်ဆည်မြို့နယ်က ကျေးရွာက သတင်းပေးဆိုသူလည်း သူရော ဇနီးဖြစ်သူပါ အသတ်ခံရတဲ့ သတင်းဖြစ်ပါတယ်။ အလားတူ ရွှေဘိုမြို့နယ်မှာလည်း သတင်းပေး တဦးသတ်ခံရတဲ့ သတင်းလည်း သတင်းတွေထဲ ဖတ်ရှုရပါတယ်။

နောက်ထပ် သတင်းတပုဒ်ကတော့ စစ်ကောင်စီက သြဂုတ်လဆန်းလောက်က စပြီး လလယ်လောက်အတွင်း အန်အယ်လ်ဒီပါတီနဲ့ ဆက်စပ်သူတွေ၊ တက်ကြွလှုပ်ရှားသူ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေကို ပီဒီအက်ဖ် အဖွဲ့ဖွဲ့စည်းထားတဲ့ အထဲပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၄၁ ဦး ဖမ်းဆီးထားတယ်လို့ ခုရက်အတွင်း ထုတ်ပြန်လိုက်ပါတယ်။ ဒီအဆက်အစပ်တွေကို ညွှန်ကြား စေခိုင်းသူအဖြစ်NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးဖြစ်သူ ကိုမြတ်မင်းသူနဲ့ ဖြိုးဇေယျာသော်တို့ကို စွပ်စွဲပုံဖေါ်ထားတာလည်း ဖြစ်ပါတယ်။ ခု သီတင်းပတ်နဲ့ ရက်ပိုင်းမှာလည်း ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေ ရန်ကုန်မြို့နဲ့ အခြားသော မြို့တွေ ကျေးရွာတွေအထိ ရှိနေပြီး ဖမ်းဆီးခံရသူ အရေအတွက် ဆက်တိုက်ဆိုသလို မြင့်တာလာနေတာလည်း ဖြစ်ပါတယ်။

NUG အစိုးရက ပြည်သူတွေကို ပိုမို ထိရောက်စွာ ဆက်သွယ်နိုင်ဖို့ Radio NUG ကို စမ်းသပ်ထုတ်လွှင့်နေတာကလည်း ရက်သတ္တပတ်နီးပါး ရှိနေပါပြီ။ NUG CRPH ၏ ရုပ်သံလွှင့်လုပ်ငန်း - Public Voice TV က အစီအစဉ်တွေကို အသံအဖြစ် ပြန်လည်တည်းဖြတ်ပြီး ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ ဖေ့စ်ဘွတ်လိုက်ဗ်၊ အင်တာနက်ပေါ့ဒ်ကတ်စ်တွေအပြင် လှိုင်းတိုရေဒီယိုတွေကနေ တိုက်ရိုက် တနေ့ ၂ ကြိမ် နားဆင်နိုင်တာမို့ NUG အစိုးရကို ထောက်ခံတဲ့ ပြည်သူတွေက စမ်းသပ်ထုတ်လွှင့်မှုကို အလေးပေးနားထောင်ကြတာအပြင် သူတို့ ရေဒိယိုဖမ်းယူရရှိပုံတွေ လိုင်းမိမမိတွေကိုပါ Radio NUG ဖေ့စ်ဘွတ်စာမျက်နှာ မှတ်ချက်ကဏ္ဍမှာ ဝင်ပြီး ရေးသားကြတာ အများအပြားတွေ့နေရပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်နေကြတဲ့ နည်းလမ်းမျိုးစုံတွေထဲမှာ Radio NUG ကို ဖမ်းယူနားဆင်တာလည်း လှုပ်ရှားမှု တစုံတရာ အခမ်းကဏ္ဍ တခုအဖြစ် ပါဝင်နေတာကို တွေ့နေရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar