အောင်ဒင် - စစ်သားမရှိတဲ့ ဗိုလ်ချုပ်၊ စစ်သားမပါတဲ့ စစ်တပ်
စစ်သားမရှိတဲ့ ဗိုလ်ချုပ်၊ စစ်သားမပါတဲ့ စစ်တပ်
အောင်ဒင်
ဩဂုတ် ၂၉၊ ၂၀၂၁
(၁)
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အခြေကျနေတဲ့ စစ်အာဏာရှင်စနစ်ကြီးကို တော်လှန်ဆန့်ကျင်ကြတဲ့အခါတိုင်းမှာ ပြည်သူ့ဘက်ကရပ်တည်မယ့် စစ်ဗိုလ်ချုပ်တွေ စစ်တပ်ထဲကနေ ပေါ်ပေါက်လာမလားဆိုပြီး ကျနော်တို့ မျှော်လင့်ခဲ့တတ်ကြပါတယ်။ အများရဲ့အမြင်မှာလည်း ဒီ စစ်တပ်ကြီးဟာ အထက်အောက်အမိန့်ပေးစနစ်၊ တစ်သွေးတစ်သံတစ်မိန့်စနစ်နဲ့ ဖွဲ့စည်းထားပြီး စစ်ဗိုလ်၊ စစ်သားတွေကို ပြည်သူလူထုအပေါ် အနိုင်ကျင့်ခွင့်တွေ၊ ပြည်သူလူထုအပေါ် လက်နက်ကိုင်ရမ်းကားခွင့်တွေနဲ့ စည်းရုံးထားတာ၊ ခေတ်မီလက်နက်တွေ အပြည့်အစုံတပ်ဆင်ထားတာမို့ လူထုအုံကြွမှုတွေ၊ လက်နက်ကိုင်တော်လှန်ရေးတွေ ဘယ်လောက်ပဲ ပြင်းထန်အားကောင်းပါစေ၊ ဒီစစ်တပ်ကိုအနိုင်ရမှာမဟုတ်ပဲ၊ စစ်တပ်ထဲကနေ ပြည်သူတွေအတွက်ရပ်တည်မဲ့ ဗိုလ်ချုပ်တွေပေါ်ပေါက်လာမှသာ စစ်တပ်ပြိုကွဲပြီး တော်လှန်ရေးအနိုင်ရလိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ နိုင်ငံတကာအရေးအခင်းတွေမှာလည်း ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို ထောက်ခံတဲ့ ပြည်သူ့ဘက်ကရပ်တည်တဲ့ စစ်ခေါင်း ဆောင်တွေပေါ်ပေါက်လာခဲ့လို့ တော်လှန်ရေးအောင်မြင်ခဲ့ကြတဲ့ နမူနာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလိုနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေးလှုပ်ရှားမှု သမိုင်းတလျှောက်မှာ "ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး" တွေကို ကျနော်တို့ မျှော်လင့်ခဲ့ကြပေမယ့် တစ်ဦးတစ်ယောက်မှ ပေါ်ပေါက်မလာခဲ့ပါ။ "ပြည်သူ့ဘက်က ရပ်တည်တဲ့ ဗိုလ်ချုပ်ဟောင်း" တချို့တော့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် "ဗိုလ်ချုပ်ဟောင်း" ဆိုတဲ့အတိုင်း စစ်တပ်က အနားယူပြီး စစ်တပ်နဲ့ ကင်းကွာနေပြီဖြစ်တာမို့ သူတို့ရဲ့ အခန်းကဏ္ဍဟာ စစ်တပ်ပြိုကွဲရေးအတွက် အားကိုးစရာမရှိခဲ့ပါ။ ဒါကြောင့်မို့ ဒီကနေ့ မြန်မာပြည်သူတစ်ရပ်လုံး တခဲနက်ပါဝင်ဆင်နွှဲနေကြတဲ့ နွေဦးတော်လှန်ရေးကြီးမှာတော့ ကျနော်တို့တွေ "ပြည်သူ့ဘက်က ဗိုလ်ချုပ်ကြီး" ကို မမျှော်လင့်တော့ပါ။ ကျနော်တို့ မျှော်လင့်ကြ၊ စည်းရုံးလှုပ်ရှားကြရမှာက မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ ဖက်ဆစ်စစ်ဗိုလ်တွေကို "စစ်သားမရှိတဲ့ စစ်ဗိုလ်ချုပ်များ" ဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်တပ်ကြီးကို "စစ်သားမပါတဲ့ စစ်တပ်" အဖြစ် ပြောင်းလဲနိုင်ဖို့ ဖြစ်ပါတယ်။
(၂)
ဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်အောက်ခံစစ်တပ်ကြီးမှာ အင်အား ၄ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းတွေဟာ အမှန်မဖြစ်နိုင်ပါ။ တပ်ရင်းပေါင်းများစွာ၊ တပ်မပေါင်းများစွာနဲ့ ဖွဲ့စည်းထားပေမယ့် တပ်ဖွဲ့တိုင်းမှာ ရှိတဲ့စစ်သားအင်အားက သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံထက် အများကြီး လျော့နည်းပါတယ်။ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ ခေတ်တုံးက မြန်မာစစ်တပ်ရဲ့ တပ်ရင်းတစ်ရင်းမှာ အင်အား ၇၀၀ ကျော်၊ တပ်မတစ်ခုမှာ အင်အား ၇၀၀၀ ကျော်ရှိခဲ့ပေမယ့် မင်းအောင်လှိုင်ရဲ့ တပ်ရင်းတစ်ရင်းမှာ စစ်သားအင်အား ၂၀၀ နဲ့ ၃၀၀ ကြား၊ တပ်မတစ်ခုမှာ အင်အား ၃၀၀၀ ခန့်သာရှိပါတယ်။ အဲဒီအထဲမှာမှ တိုက်ခိုက်နိုင်စွမ်းရှိသူက တစ်ဝက်လောက်ပဲ ရှိပါလိမ့်မယ်။ တပ်ရင်း၊ တပ်မတွေ အရေအတွက်များစွာ တိုးချဲ့ဖွဲ့စည်းထားတာနဲ့အမျှ တပ်တွေကို အုပ်ချုပ်ရမယ့် အရာရှိအဆင့်တွေကတော့ လိုအပ်တာထက် ပိုပြီး များပြားလှပါတယ်။ တပ်ဖွဲ့တိုင်းမှာ အရာရှိအရေအတွက်က ရှိသင့်တာထက် ပိုများနေပေမယ့် တပ်သားအရေအတွက်က ရှိသင့်တာထက် အလွန်နည်းနေပါတယ်။ ဒီတပ်သားတွေသာ မရှိတော့ရင် ဒီတပ်ဖွဲ့တွေ တိုက်ခိုက်နိုင်စွမ်းမရှိတော့ပါ။ ဒါကြောင့် ဒီဖက်ဆစ်တပ်ကြီးရဲ့ ဗိုလ်ချုပ်တွေကို တပ်သားမရှိတဲ့ တပ်မှူးတွေဖြစ်အောင် လုပ်နိုင်ရင် မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်တပ်ကြီး အရေးနိမ့်ပြိုကွဲရမှာပါ။ ကျနော်တို့အတွက် "ပြည်သူ့ဘက်က ဗိုလ်ချုပ်တွေ" မလိုပါ။ ဗိုလ်ချုပ်တွေအားလုံးကို ကျနော်တို့က ICC လို့ခေါ်တဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံးကို ပို့ရမှာပါ။ ကျနော်တို့ လိုအပ်တာက "ဗိုလ်ချုပ်တွေကို စွန့်ခွာမယ့် စစ်သားတွေ" ပါ။
(၃)
လက်ရှိအခြေအနေမှာပဲ မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်တပ်ကို စွန့်ခွာခဲ့ကြတဲ့ စစ်ဗိုလ်၊ စစ်သားတွေ ထောင်ဂဏန်းရှိနေပါပြီ။ တချို့က ဒေသအလိုက် PDF နဲ့ လက်တွဲပြီး တိုက်ပွဲဝင်နေကြပါပြီ။ တစ်ချို့တွေလည်း သက်ဆိုင်ရာတပ်တွေကနေ ထွက်ပြေးပြီး လုံခြုံရာမှာ ခိုလှုံနေကြပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကမ်းလှမ်းချက်နဲ့ အကာအကွယ်ပေးမှုကို လက်ခံလိုကြတဲ့ စစ်ဗိုလ်၊ စစ်သားတွေလည်း အများကြီးရှိတယ်လို့ ကြားသိရပါတယ်။ ဒေသအလိုက် PDF များရဲ့ ဆုငွေကမ်းလှမ်းချက်ဟာလည်း သူတို့အတွက် စိတ်ဝင်စားစရာပါ။ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီကနေ CDM လုပ်ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့ ဖွဲ့စည်းတာဝန်ပေးတာလည်း အင်မတန်အမျှော်အမြင်ကြီးမားတဲ့ ဆောင်ရွက်မှုပါ။ ဒီကမ်းလှမ်းချက်တွေ၊ အကာအကွယ်ပေးရန်အစီအစဉ်တွေကို မြန်မာစစ်သားတွေ ပိုပြီးသိအောင် လုပ်နိုင်မယ်ဆိုရင် မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်တပ်ကြီးကို စွန့်ခွာမယ့် စစ်သားတွေ ပိုပြီးများပြားလာနိုင်ပါတယ်။
(၄)
တကယ်တော့လည်း မင်းအောင်လှိုင်အပါအဝင် ဖက်ဆစ်ဗိုလ်ချုပ်တွေရဲ့ မကောင်းမှုတွေကို သူတို့ရဲ့ စစ်သားတွေက အသိဆုံးပါ။ ဒီဖက်ဆစ်တပ်ကြီးမှာ ထိပ်ဆုံးအဆင့်ကနေ အောက်ဆုံးအဆင့်အထိ အဆင့်ဆင့် ဖိနှိပ်စော်ကားအုပ်ချုပ်ကြတာမို့ အောက်ဆုံးအလွှာက အရာရှိအဆင့်မဟုတ်တဲ့ စစ်သားတွေဟာ ဗိုလ်ချုပ်တွေရဲ့ အနိုင်ကျင့်မှုတွေကို အခံရဆုံးဖြစ်ပါတယ်။ အနိုင်ကျင့်စော်ကားတယ်ဆိုရာမှာလည်း ရှေ့တန်းစစ်မြေပြင်မှာ လက်နက်၊ ရိက္ခာမပြည့်မစုံနဲ့ ခွေးသေ၊ ဝက်သေသေရအောင် စစ်တိုက်ခိုင်းတာက အစ၊ ရာထူးတစ်ဆင့်မြင့်ရုံနဲ့ ရာထူးတစ်ဆင့်နိမ့်သူကို တန်းစီ၊ ပါးရိုက်၊ ကန်ကျောက် နှိပ်စက်တာအဆုံး၊ နည်းမျိုးစုံနဲ့ စော်ကားနေကြတာပါ။ အရာရှိအဆင့်မှာတောင် ဗိုလ်မှူးအဆင့်အထိလောက်က အရေးမပါ၊ အရာမရောက်ပါ။ သောင်းဂဏန်းလောက်များပြားတဲ့ ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေထဲမှာ ဗိုလ်ချုပ်တွေရဲ့ လက်သုံးတော်ဖြစ်သူတွေကလွဲရင် ကျန်တဲ့အရာရှိတွေလည်း သူတို့အထက်က ဗိုလ်ချုပ်တွေရဲ့ အနိုင်ကျင့်တာကို ခံနေကြရတာပါ။ ဒီလိုနဲ့ အထက်အောက် အဆင့်ဆင့် အနိုင်ကျင့်နေတဲ့ ဒီဖက်ဆစ်တပ်ကြီးရဲ့ အောက်ဆုံးအလွှာက စစ်သားတွေက လက်နက်မဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်နေကြတာပါ။ ဒီစစ်သားတွေက သူတို့ကို အနိုင်ကျင့်နေတဲ့ ဒီစစ်တပ်ကြီးကနေ မစွန့်ခွာရဲကြတာက သူတို့မိသားစု နေစရာနေရာလေးတစ်ခု ပျောက်ဆုံးသွားမှာကို စိတ်ပူပန်ရတာရယ်၊ ပြည်သူလူထုက ဂလဲ့စားချေမှာကို ကြောက်ရွံ့တာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေက သူတို့တွေ ဒီဖက်ဆစ်တပ်ကြီးကို စွန့်ခွာရဲကြအောင် လမ်းပြပေးဖို့ လိုပါလိမ့်မယ်။
(၅)
အခုကိုပဲ ဖက်ဆစ်တပ်ကြီးထဲကနေ ထွက်ပြေးနေကြတဲ့ စစ်သားတွေ များလှပါပြီ။ ဖက်ဆစ်ဗိုလ်ချုပ်တွေကလည်း စစ်သားတွေ ထွက်မပြေးအောင် နည်းမျိုးစုံနဲ့ ဟန့်တားနေရပါတယ်။ စစ်သားတွေကို ရှေ့တန်းပို့ပြီး နောက်တန်းမှာ စစ်သားမိသားစုတွေကို ထိန်းချုပ်ထားတာမျိုး တပ်ဖွဲ့တိုင်းမှာ ရှိနေပါတယ်။ စစ်သားတွေကို ပြည်သူလူထုကို လက်နက်ကိုင်အနိုင်ကျင့်ခွင့်၊ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေကို တရားဝင်ခိုးဆိုးလုယက်ခွင့်တွေ ပေးပြီး သူတို့ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကို အကာအကွယ်ပေးတဲ့ပုံစံနဲ့ စည်းရုံးပါတယ်။ တော်လှန်ရေးအင်အားစုတွေအပေါ် အနိုင်ရရင် ဆုလာဘ်တွေချီးမြှင့်မယ်၊ ရာထူးတိုးမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဖျားယောင်းထားပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ ခါးခါးသီးသီးမုန်းတီးရွံရှာမှုကိုခံနေရတာတွေ၊ မင်းအောင် လှိုင်စစ်အုပ်စုအပေါ် ပြည်သူလူထုရဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်မှုက အာဏာသိမ်းပြီး ၆ လကျော်ခဲ့တာတောင်မှ နည်းနည်းလေးမှ အရှိန်လျော့မသွားတာတွေ၊ တိုက်ပွဲထွက်လိုက်တိုင်း တူမီးသေနတ်တွေ၊ လက် လုပ်သေနတ်တွေသာရှိတဲ့ PDF တော်လှန်ရေးသမားတွေကို အနိုင်မတိုက်နိုင်တဲ့အပြင် ကိုယ့်ဘက်က အလုံး အရင်းနဲ့ သေဆုံးနေကြတာတွေက စစ်သားများအတွက် နေ့စဉ်ရင်ဆိုင်နေရတဲ့ အမှန်တရားတွေပါ။
(၆)
စစ်သားတွေမှာလည်း နားတွေ၊ မျက်စိတွေရှိပါတယ်။ ဆွေတွေမျိုးတွေရှိပါတယ်။ အပေါင်းအသင်းတွေရှိပါတယ်။ သူတို့ ဒီဖက်ဆစ်တပ်ကြီးကို စွန့်ခွာဖို့ အချိန်မနှောင်းသေးဘူးဆိုတာကို သူတို့ သိအောင်၊ သူတို့ကြားအောင် ကျနော်တို့ အားစိုက်လှုံ့ဆော်ရပါမယ်။ NUG ရဲ့ ကမ်းလှမ်းချက်၊ NUG ရေဒီယိုကနေ အသံလွှင့်နေတဲ့ ဖိတ်ခေါ်မှုတွေ၊ စစ်တပ်ကြီးကို အရင်ဆုံးစွန့်ခွာခဲ့ကြတဲ့ သူတို့ ရဲဘော်ဟောင်းများရဲ့ တောင်းဆိုသံတွေကို သူတို့ပိုပြီး ကြားအောင်၊ သိအောင်၊ မြင်အောင်၊ နားလည်အောင် လှုံ့ဆော်နိုင်မယ်၊ သူတို့ ထွက်ခွာသင့်တဲ့နေရာကို လမ်းပြနိုင်မယ် ဆိုရင်ဖြင့် သိပ်မကြာခင်မှာပဲ မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်တပ်မတော်ကြီးဟာ "စစ်သားမပါတဲ့ စစ်တပ်" ကြီးအဖြစ် ပြောင်းလဲပြိုကွဲသွားပါလိမ့်မယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar