Breaking News

မိုးမခအက်ဆေး - သင်းရည်လွင် " တတိယမြောက် နေ့မှာ ကြယ်ကြွေခူး "

မိုးမခအက်ဆေး
သြဂုတ် ၂၉၊ ၂၀၂၁

" တတိယမြောက် နေ့မှာ ကြယ်ကြွေခူး "
သင်းရည်လွင်

(က)

လေငြိမ်နေသော နေ့လည်ခင်းဖြစ်သည်။ ဖြတ်သွားဖြတ်လာ လူများ၊ မျက်နှာများ ၊အလွန်ရှုပ်ထွေးနေသော၊ သိပ်သည်းဆထဲမှ လွင့်စင်လာသော နွေ...။
တတိယမြောက်ကြွေသောသစ်ရွက်တို့ အိမ်ပြန်ချိန်မေ့နေသော နေ့တချို့. မြင်ရုံနဲ့ သွေးပျက်စရာဂီတသံ.. ...။
ခင်ဗျား ကြောက်ရကောင်းမှန်း ဘယ်အချိန်က ခေါင်းလောင်းထိုးမိသလဲ၊ ကျွန်တော်ဟာ ဒီအကြောင်းကို ကျွန်တော်ပစ်ချလိုက်တဲ့ ငှက်ကလေးပြုတ်ကျသွားမှ တွေးမိလိုက်တာပါပဲ။
အတောင်ပံတွေအဖြတ်ခံရမှ ဒဏ်ရာကိုသိလိုက်တာမျိုး။ 
ကျွန်တော်တို့နောက်ကျခဲ့တယ်။
အဲသည့်အိပ်မက်က ခုတော့ ကပွဲပြီးလို့ ကျကျန်ခဲ့တဲ့အမှိုက်လိုပါပဲ ။ တချို့ကြမ်းပြင်ပေါ်မှာတချို့ ခင်ဗျားမမြင်နိုင်တော့တဲ့တစ်နေရာရာမှာ။
တကယ်ဆို ပြန်မလာနိုင်တော့ဘူး နွေ..။

(ခ)]

ကျွန်တော့် အခုတလော ကြောက်ရမှာပျင်းပျင်းလာတယ်။ ပန်းချီကားထဲ က အရုပ်တွေလိုအရောင်တွေ တွေ့နေရပေမယ့် အဲဒီ့ပန်းချီကားခမျာ မပျော်နိုင်ပါဘူး တဲ့။ ပြောတယ်။
အကြောက်တရားဆိုတာ ကြာလာတော့ ရေခဲနဲ့ အသင့်ဖျော်ပြီးသား ဝိုင်တခွက်လို ရှတတ။
ကျွန်တော်က ရှုခင်းတခုထဲ  နွေတနေ့ရဲ့အကြောင်း ကမ္ဘာကြီးရဲ့ အသေးဆုံးတောအုပ်တခုမှာ စိုက်ပျိုးထားလိုက်တယ်။
ရာသီဥတုနဲ့တွေ့ရင် ခင်ဗျားဟာ အပေါ်ယံအကျီကို ချွတ်ပစ်သင့်တယ်။
ဒါ နွေကိုအကြံပြုချင်တာပါပဲ။
တဖြည်းဖြည်း အရှိန်ရလာတဲ့ ရထားလို ခုတ်မောင်းသွားရတဲ့အခါ  ဘူတာရုံလေးတွေဖြတ်သွားတိုင်း အစာရေစာ အကြောင်း၊ လေလွင့်နေတဲ့သူတွေ အကြောင်း၊ ဘယ်မှ မရောက်ပဲ တောင်တန်းတွေပေါ်ပြုတ်ကျသွားတဲ့၊ သူရဲကောင်းတွေအကြောင်း၊ သံသရာက ခင်ဗျားပြေးလို့မရခဲ့ဘူး ပြောကြတယ်။
တချို့စာသားတွေမှာ ခင်ဗျားတို့အတွက် အောက်ဆီဂျင်လိုမှာပါပဲ၊ 
အရေးပေါ် ဟွန်းသံတွေကို ထူးဆန်းစွာပဲ တယောသံလို ခံစားတတ်သွားတာ ရုပ်ရှင်ဇာတ်ကားတခုထဲက ဇာတ်ဝင်ခန်း တခန်းလိုဖြစ်သည်။
တချို့က အော်ဟစ်ရင်း နောက်ကိုပစ်လဲကျသွား။ တချို့က လဲကျသွားတဲ့အလံကို မရင်း အထပ်ထပ်လဲကျသွား။
တချို့က ကော်ဖီတခွက်ကို တစိမ့်စိမ့်အရသာခံရင်း  ဘာမှမပြောကြ။ အိပ်မက်ဆိုးကြီးတခုမက်ပြီးနောက် အိပ်မက်ကို မမှတ်မိဘူး ပြောသူတွေ။ 
ကျွန်တော်ကတော့ မေ့ပစ်ဖို့ အစီစဥ်မရှိပါ။

(ဂ)

သံသရာခရီး လမ်းမကြီးတခုမှာဖြစ်သည်။
ကျွန်တော်တို့ မြို့သားလေး ရဲ့ ပန်းခြံတခုရှေ့ လမ်းမတခုမှာဖြစ်သည်။ နွေဦးအမည်ရ သီချင်းတပုဒ်စာသားမှာ ဖြစ်သည်။
မိုင်တိုင်တွေ အမှတ်စဥ့် ရေးထိုးထားသည်။ မိုင်တိုင်အမှတ် ၂၀၂၁/ ၃ မှာဖြစ်သည်။
ဤနေရာတွင် ကြယ်ကြွေများ အိပ်ပျော်သွားရာနေရာဖြစ်သည်၊ ဤနေရာသည် ကျွန်တော်ချစ်သောအနီရောင် နှင်းဆီပန်းများဆိုက်ကပ်ရာ ဆိပ်ကမ်းဖြစ်သည်။
ကောင်းကင်ထက်တွင် တိမ်များအစား မျက်ရည်တွေ ရွာသည်။ အံကြိတ်ထားရင်း လက်သီးဆုပ်ထားသော ရုပ်ထုများ ထုဆစ်ရာဖြစ်သည်။
နေထွက်လာသည်။ နေဝင်သွားသည်။
ကျွန်တော်တို့သည် ဘုရားသခင်နှင့်တွေ့ဆုံရန် လွဲချော်နေကြောင်း ခုထိသေချာနေသည်၊
ကျွန်တော့် ဦးခေါင်းပေါ်တွင် အရောင်စုံသောကောင်းကင်တခုရှိသည်။ ငိုရောင်သန်းနေသောကောင်းကင်ဖြစ်သည်။
ခမ်းနားကြီးကျယ်သော အဆောက်အဦးတစ်ခု။ ကျကျန်နေသော အတိတ်တစ်ခု ရှိသည်။ 
သို့သော နာဖျားနေလျက်ပင်ရှိသည်။

(ဃ)

ကျွန်တော် အရှေ့မှာ အညိုရောင်မြစ်ကို စီးဆင်းနေရသည့်နေ့များ ၊ ဒုက္ခ ထူထူထဲထဲများ၊ သမိုင်းဆရာတယောက်ရဲ့ လက်ထဲက စာမျက်နှာများ တဖျတ်ဖျတ်၊ ဖတ်ရတာ ခင်ဗျားအတွက်အဆင်မပြေဖြစ်နိုင်သည်။
ပုရွက်ဆိတ်တွေ ကျင်းထဲကအုံကြွလာသလို ကျွန်တော်တို့မနက်ဖန် အကိုက်ခံလိုက်ရပြန်ပြီ။
ဖန်ခွက်ပါးပါးလေး ကျကွဲနေတာမျိုးမဟုတ်ဟု တွေးနေသည်။
ကျွန်တော်ဆက်လက်ထွက်  ...- ရန် အချိန်ဖြစ်သည်။
ခေါ်သံတွေ အဝေးမှကြားရသည်၊ ကြားချင်နေသူတွေအတွက် ဖြစ်သည်။
ဆက်လျှောက်လာသောအခါ လမ်းကတခုမက ရှိသည်။ လမ်းခွဲတွေများစွာ။  ရွေးချယ်ရန် အချိန်မလုံလောက်ဖြစ်သည်။
ဘဝသည် ရပ်တန့်ရန်မဟုတ် ဆက်သွားရမည်။
အဲဒီ့မြို့ကလေးအမည်ကို ကျွန်တော့ကို မမေးမိရန် ဖြစ်သည်။ မမေးပဲနေရင်ရော ဖြစ်တယ်မဟုတ်လား...
ကျွန်တော့်တွင် လမ်းရှိပြီး ဘယ်အထိ ရောက်မည်ဆိုတာ မပြောနိုင်၍ဖြစ်သည်။

(င)

ကျွန်တော်ရှေ့မှာ ကျွန်တော်တို့ထက်အရေးကြီးသော အနာဂတ်များ၊ ဒဏ်ရာရသားကောင်တွေမာန်ဖီနေပုံ၊ ရှည်လျားသော ရာသီစက်ဝန်း၊ ခုချိန်ထိ တပ်ဆင်ရန်ကျန်သေးသော ပန်းနုသစ်သီးတွေ၊ ကျွန်တော်တွေးရင်း အရိပ်မဲ့သောတောင်ကုန်းတခုကို ငေးနေသည်။
အိမ်နှင့်တူသောအတွေးကို ကျွန်တော် လုံခြုံစိတ်ချစွာ မရခဲ့။
စိတ်ကူးပေါင်း ထောင်သောင်းမက ကျွန်တော်လွှတ်ချပစ်ဖို့ ချီတုန်ချတုန်...။
ဘဝဆိုသည် ပျက်လုံးအရှည်ကြီးတခုလို့ ရေဒီယိုက ကြေညာသည်။ တချို့က သနားစရာ ယုန်ကလေးလို စုတ်တသပ်သပ်၊ ဘယ်သူပြောခဲသလဲဆိုတာ ကျွန်တော်ပြန်ပြောမပြနိုင်တာ ခွင့်လွှတ်ပါ၊
တကယ်ဆို ကျွန်တော့်တွင် မေးခွန်းတွေသာရှိပါသည်။ မေးခွန်းရှိလျှင် အဖြေရှိသည်။
အဖြေမရှိလျင် မေးခွန်းမဟုတ်၊ တခြားတခုခု ဖြစ်နိုင်ကြောင်း ဒသာန ဆရာကဆိုသည်။
ကျွန်တော်မသိပါ။
ဒေါသကြီးသော တရားဟောဆရာက မေတ္တာသုတ်ရွတ်နေသည်။ တကယ် ဒုက္ခရောက်နိုင်သည်ကိုသိသောအခါ ကျွန်တော့်အနီးတွင် ဘယ်အရာမှ
ရှိမနေပါ။ ရယ်စရာပျက်လုံးသည် လူရွှင်တော်တယောက်ထံတွင်မှ ရှိနေနိုင်သည် မဟုတ်ပါ။

(စ)

ကျွန်တော်သည် နွေဦးတွေအကြောင်းပြောတိုင်း သစ်ရွက်ကြွေတွေကိုသာ နှမျောသည်။
သူတို့ ပြန်လည်ရှင်သန်ရန် နှင့် လန်းဆန်းစိမ်းစိုရန်ကျွန်တော်မတတ်နိုင်၍ဖြစ်သည်။
ဗီဒီယို ဖိုင်တစ်ခုမှာဖြစ်သည်။ ကျွန်မကို ၁၅ မိနစ်လောက်ရရင်ဘာလုပ်မလဲဆိုသည့် မေးခွန်းဖြစ်သည်။
ချောက်ထဲသို့ခုန်ချလိုက်ရန်.. သို့မဟုတ်  ခင်ဗျားလက်ကို ဆန့်တန်းလိုက်ဖို့ပင် ဖြစ်သည်..။
တစ်မိနစ်ခန့် ငြိမ်သက်ပေးရန်သာလိုပါသည်။

1382021
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar