Breaking News

မိုးမခကဗျာ - ဝင်းဌေးဦး " နွေဦးမြစ်ရေ " ၊ နိုင်သစ်နီ " ဘာမှမဟုတ်ခြင်းကို ခေတ္တခဏ ငေးကြည့်မိတယ်"

KT#
မိုးမခကဗျာ
သြဂုတ် ၂၉၊ ၂၀၂၁

" နွေဦးမြစ်ရေ "
ဝင်းဌေးဦး

ပုံပြင်လိုမဟုတ်ပဲ
ပကတိအလုပ်တခုလို
စီးဆင်းနေမြဲပါပဲလေ ။

သူ့ကိုသာ
သူ့အနားထိုင်ထိုင်ပြီး
စိတ်နဲ့မြည်းထားတဲ့စကားတွေ
လှည့်ပတ် ဖွဲ့ချည်ရင်း
ပုံပြင်တွေညီလာခံနဲ့ဥပဒေပြုကြ။

နွေဦးမြစ်ရေကတော့
ကြက်ပျံမကျစီးဆင်းမြဲပါကွယ် ။

ခလုတ်ကန်သင်းနဲ့တူတဲ့
လှိုင်းတံပိုးတွေ ထမ်းပိုးရင်းသာ
ပင်လယ်ရွာခြေအထိ ။

စိုက်လိုက်မတ်တတ်
ရွှေရောင် ငွေရောင်တွေတဖျပ်ဖျပ်
သူ့အနာဂတ်ကို သူ့တေးသံနဲ့သူရွတ်ဖတ်လို့ ။

ခက်ခက်ခဲခဲကြီးကို
သဘာဝအတိုင်း မြတ်နိုးထားပုံက
ညီညွတ်ခြင်းလို ရင်ဘတ်စေ့ထားခြင်း အနုပညာ
ရေကိုခွဲခြားလဲကြားမထင်တာက
သူ့အလှ သူ့အလင်္ကာ ။

အဘိဓာန်ရှာကြည့်လဲ
နွေဦးမြစ်ဟာ
ဒါပါပဲ ။  ။

၂   ၈   ၈    ၂    ၁

...

" ဘာမှမဟုတ်ခြင်းကို ခေတ္တခဏ ငေးကြည့်မိတယ်"
နိုင်သစ်နီ

သဘောထားချင်းတူကြတယ်
ဂျိမ်းဒင်းကိုကြိုက်တာ
မွန်ရိုးကိုခိုက်တာ
ထူးခြားရပါသော်ကောရယ်
ခွဲခြမ်းစိတ်ဖြာကြည့်သူ ရူးသွားမယ့်
တနေ့တည်း
တကယ့်တနေ့တည်း
သူရောကိုယ်ပါ
ဝူဒီအယ်လင်ရဲ့ဓာတ်ရှင်အကြောင်း
ခံစားဖြစ်ကြ ရေးဖြစ်ကြ
နျူးယောက်မှာ မိုးတွေရွာတဲ့တနေ့ကပေါ့
ဥဒေတယံလည်း စိမ့်ကြီးမြိုင်ကြီး
ရိပ်ကြီးတောတောင်ပါပဲဟာ
ကိုယ်မပိုင်တဲ့ကိုယ့်ပြတင်းလေး လှပ်လှပ်ပြီး
တွေတွေငေးငေးအသက်ရှူတော့လည်း
အဆိပ်ငွေ့တွေပဲလား
ပြန်ထုတ် ပြန်ထုတ် ပြန်ထုတ်
ရုပ်ဖြစ်စေ နာမ်ဖြစ်စေ
ဝင်သက်ထွက်သက်က လာလာညုနေပြန်ရော
သူအလှပြင်ဆိုင်က ထွက်လာပြီ
ကြာလိုက်တာဟာ
နင် ငါ့ကို တခုခုပြောချင်နေတာ မဟုတ်လားတဲ့
အခန်းရှေ့က ခေါင်းလောင်းတီးသံကြားရတယ်
ကိုကို ဘယ်သူလဲ မသိဘူးတဲ့
တံခါးဖွင့်ပေးလိုက်ပါ 
ဒို့ဆီကိုလာရင် အကုသိုလ်မဟုတ်ဘူး 
ဟား ဘာကြီးတုန်းဟ
အိပ်ရာထဲကနေ ထထိုင်မိတယ်
သူ ဆရာဝန်ပင့်လာတယ်
အထူးတလည် လေးနက်စွာ
သေချာခဲ့ပါတယ်
ချစ်မေတ္တာစိမ့်ဝင်
သက်ရောက်သော နေရာဒေသတိုင်း၌
ဘဝဆိုတာ
ကိုယ်တို့သောက်ခဲ့တဲ့
နာမဝိသေသနမပါသော အဆိပ်ပဲ။
ဈေးကြီးလို့ 
တချို့တွေ မသောက်နိုင်တဲ့အခါ
ငါတို့ကူညီဖြေသိမ့်ကြတာပေါ့။
ချစ်တယ်
ကိုယ့်အာရုံရိပ်ထဲမှာ
ရေချိုချိုရေငန်ငန် ကူးမှာပဲဆိုတဲ့
ငါးတွေ ငါးတွေ ငါးတွေ
အရောင်အသွေးစုံ
ပြာလွင်ရွှန်းလဲ့လို့
ပင်လယ်ဆီ ချီတက်နေကြလေရဲ့။
ဟယ်လို ဟယ်လို
လိုင်းမကောင်းဘူးထင်တယ် ဟယ်လို
ဟယ်လို ဘာရယ်လို့မဟုတ်ပါဘူး
ရှေ့ဆုံမှတ်တဲ့ လှလိုက်တဲ့အမည်
အဲသည်မှာ အေး အဲသည်မှာ
အေးပါလို့ အဲသည်မှာလို့
အဲသည်မှာ ပြန်ဆုံကြပါစို့ရဲ့
မစ္စတာဟွန်ဒါ။ ။

နိုင်သစ်နီ
မွန်းလွဲ-၁၂း၅၇ နာရီ
၁၄-၈-၂ဝ၂၁


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar