မိုးမခကဗျာ - ထွန်းဝေမြင့်၊ နေထက်နိုင်၊ သီအိုဇော်
Art - Than Htay Maung
မိုးမခကဗျာ
(မိုးမခ) သြဂုတ် ၁၅၊ ၂၀၂၁
-
" တော်လဲသံ ''
ထွန်းဝေမြင့်
ဟိုတောင်တခို မှောင်ရီညို
မိုးချုန်းသံလား ဂျန်ဇီလား
မာန်ဖီသံတွေ အူသံတွေ
တစ္ဆေတွေလား ဖုတ် တွေလား
အစွယ်ထောင်ထောင် သွေးဆာလောင်
အမိုက်မှောင်ကြား မိစ္ဆာများ
ရာသီလည်းဆိုး ခေတ်လည်းဆိုးလို့
တချိုးတကွေ့ ရင်ဆိုင်တွေ့ကြ
ကံကြမ္မာဆိုး သမိုင်းဆိုးကို
ပိုင်းချိုးချေမွ တော်လည်းကြလော့။
ဟိုတောင်တခို မှောင်ရီညို
မိုးချုန်းသံပဲ ဂျန်ဇီပဲဟေ့ ။ ။
၁၁၊ ၀၈၊ ၂၀၂၁
...
" ၄၄ လမ်းက ကောင်လေး ကောင်မလေးတွေ .."
နေထက်နိုင်
ဘယ်နှောင်ကြိုးမှ
စောက်ဂရု မစိုက်လို့
တိုက်ခေါင်မိုး အမြင့်ကြီးပေါ်ကနေ
ခုန်ချသွားကြတာ
အာခံ အံတု တော်လှန်စိတ် ပြင်းပြ
ဒါ ဒီနေ့ခေတ် လူငယ်တွေ
အသေခံ ဗုံးခွဲသမားက
သူများ အသက်ကို သတ်ဖို့
သူ့အသက်ကို
ပြင်းပြင်းထန်ထန် သတ်သေတာ
၄၄ လမ်းက လူငယ်တွေက
ခင်ဗျားတို့ကို အာခံ အံတုလို့
သူတို့ အသက်တွေ
ရက်ရက်စက်စက် သတ်သေပြလိုက်တာ
ဒီတော်လှန်ရေးမှာ မြည်းလို သိုးလို
ငြိမ်းကုတ်နေတဲ့ ခင်ဗျားတို့ကို အရှက်ရစေဖို့
သူတို့အသက်တွေကို
နှင်းဆီ ပွင့်ဖတ်တွေ ချွေချသလို
သတ်သေပြလိုက်တာ
ပြည်သူ့အတွက် တိုက်ပေါ်က
ခုန်ချသေလည်း
အာဇာနည်ပဲ
ချီတက်ရင်း လမ်းမပေါ်မှာ
ကျဆုံးလည်း
အာဇာနည်ပဲ
ပြည်သူ့အတွက် မဟုတ်ရင်
သေနတ်ပစ်ရင်း သေလည်း
ဘယ်နေရာမှာ သေသေ
မြေသြဇာပဲ ။ ။
သြဂုတ် ၁၄ ၂၀၂၁ နံက်ခင်း
...
"လှောင်အိမ်များနဲ့ဝေးရာဆီ"
သီအိုဇော်
တိုက်အမိုးတွေပေါ်က
အပြိုင်းအရိုင်းနဲ့
တီဗွီတိုင်တွေမြင်လေတိုင်း
မောင်အောင်ပွင့်ရဲ့
ငါးရိုးနင်တဲ့ ငွေလမင်းကို
အလိုလို အမှတ်တရ
ဖြစ်သွားတတ်တဲ့ငါ ။
အခုတော့
တိုက်အမြင့်တွေပေါ်က
လွတ်လပ်စွာပျံဝဲနေတဲ့
ငှက်ကလေးတွေမြင်တိုင်း
လည်ချောင်းထဲကတစ်ဆို့
တခုခုနင်နေသလို
ရှုမိတဲ့လေလည်းမဝ
ဆို့ဆို့နင့်နင့်နဲ့
စူးနစ်ခံစား
ကြေကွဲကျန်ရစ်သွားခဲ့ပေါ့ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar