ဆာသော်ဒိုး - ပေါ်လစီဂီတ ဆိတ်သုဉ်းခြင်း
ပေါ်လစီဂီတ ဆိတ်သုဉ်းခြင်း
ဆာသော်ဒိုး
(မိုးမခ) သြဂုတ် ၁၅၊ ၂၀၂၁
ရေးခဲ့ဖူးတဲ့ သရော်စာတပုဒ်ရဲ့ခေါင်းစဉ်လေး "ပေါ်လစီဂီတ" ကို သတိရတယ်။ ကြာပြီ။
၈၈ အရေးတော်ပုံပြီးတော့ "နဝတ" တက်လာတယ်။ အချိန်တခုရောက်တော့ " နဝတ " ထဲက "တစ်ကျောင်းထဲဆင်း" တွေကို "ဖြုတ်ထုတ်သတ်" လုပ်ပြီး "နအဖ" အဖြစ် အသစ်ဖွဲ့ပြန်ပါတယ်။
အဲသည်ခေတ်တုန်းက တည်လိုက်တဲ့ "ဆည်" တွေဆိုတာ နိုင်ငံနဲ့မမျှဘူး။ တောင်သုံးလုံးဆိုင်မပြောနဲ့ ဂမူ (ကမူ)သုံးခု ဖိုခနောက်ဆိုင်တွေ့ရင်တောင်မှ ပတ်ပြီး "ဆည်" အဖြစ် ဖန်တီးလိုက်ကြတာဗျ။ လယ်သမားတွေ ရာသီမရွေးရေပေးနိုင်မပေးနိုင်ကိစ္စမရှိဘူး။
ရာဇဝင်ထဲက ဘုရင်တွေ မင်းကောင်းမင်းမြတ်တွေလို "ဆည်မြောင်းချောင်းကန်တွေ တူးဖော်တော်မူခဲ့တယ်" လို့ "ပြ" ချင်တာသက်သက်။
"ဆည်" ဆိုတာမျိုးက ပညာရှင်တွေရဲ့ ဦးစီးဦးဆောင်မှုကိုခံယူပြီးတည်ရတာ။ ဆောက်သင့်တဲ့နေရာ တည်သင့်တဲ့နေရာ ဟုတ်မဟုတ်ကို အချိန်ယူလေ့လာတွက်ချက်ပြီးမှ တည်ရတာမျိုး။
ဒါပေမယ့် သိတဲ့အတိုင်းပဲ၊ အရာရာ "ငါသိငါတတ် ငါ့ဆုံးဖြတ်ချက်သာအမှန်" ဆိုတဲ့ အစွန်းရောက်တွေပဲဗျာ။ တိုင်းခန်းလှည့်လည်ပြီး" လိုအပ်သည်များကိုမှာစား " ပြီးရင် ဟိုကြည့်သည်ကြည့်လုပ်ကာ "ဒီနေရာကိုပိတ်လိုက်ပြီး ဆည်လုပ်လိုက်" လို့မိန့်တော်မူတတ်တာမျိုး။
ဟုတ်ဟုတ်မဟုတ်ဟုတ် တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးကတိုင်းမှူးတွေဟာ သူဆည်ဆို ငါဆည်ခေတ်။ ပညာရှင်တွေစကားကိုဖင်ကြားမညှပ်တဲ့ခေတ်။ သူတို့သုံးခဲ့တဲ့ "နိုင်ငံတော်အကြီးအကဲ" ဆိုသူ လက်ညှိုးညွှန်ရာမှာ မဖြစ်ဖြစ်အောင် တည်ခဲ့ကြတဲ့ခေတ်။
အဲဒီကာလက "မရပ်မနား ပါးစပ်မအား" ကြတဲ့သူတွေကတော့ "အဆိုတော်တွေ" ပေါ့ခင်ဗျ။
ဟိုဆည်ဘောင်ပေါ်တက် သီချင်းဆိုလိုက်၊ သည်ဆည်ဘောင်ပေါ်ပြေး သီချင်းဆိုလိုက်ဆိုတာ အဲသည်ကာလ TV မှာ အခါမလပ် မြင်ကြရတယ်။
အချို့ဆည်ကြီးရင် လေးငါးဆယ်ယောက်တက်ပြီး သံပြိုင်အော်ကြတယ်။ အချို့ဆည်သေးသေးလေးတွေဆို တယောက်နှစ်ယောက် တက်ပြီး သီချင်းဟစ်ကြတယ်။ သူတို့ပြောတဲ့ ဆည်တွေ"ရာကျော်" ကိုးဗျ။ ဒီတော့ ဆည်ဖွင့်ပြီဆို သီချင်းတွေ အမြန်ရေးကြ၊ အမြန်ဆိုကြ၊ အမြန်သွင်းကြ၊ အမြန်ရိုက်ကူးပြီး အမြန်ထုတ်လွှင့်ခဲ့ကြပါသဗျ။
အဲသည်မှာ "ပေါ်လစီဂီတ" ပေါ်လာတာပါပဲ။ အဆိုတော်မလေးတွေက ဝတ်စုံတွေ အနည်းဆုံးဆယ်မျိုးလောက်လဲပြီး ဆည်ဘောင်တွေပေါ်လျှောက်ပတ်ပြေးမယ်၊ ဆည်ကမ္ဗည်းကျောက်စာတိုင်ကိုဖက်ပြီးပြုံးမယ်၊ ဆည်ဦးတိုင်းမှာ တည်ထားတဲ့ထုံးစေတီဖြူဖြူလေးတွေမှာ ပန်းရေချမ်းကပ်ပြီး ရှိခိုးဦးချမယ်၊ ဆည်ရေစပ်မှာထိုင်ပြီး လက်ကလေးတွေနဲ့ ရေဆော့မယ် . . . . . ။
ခေတ်ကာလတခုက "ပေါ်လစီဂီတ" ကို ည ၈ နာရီ TV သတင်းပြီးရင် မြင်ရပြီ။ အဆိုကျော်အစုံ၊ မော်ဒယ်လ်အစုံ၊ မင်းသမီး မင်းသားအစုံ ဝတ်ကောင်းစား လှတွေ ထည်လဲနဲ့။ ဆည်အမည်တွေကလည်း အမျိုး မျိုး အစုံစုံဗျ။ ကြားရတာကတော့အဲသလို ပေါ်လစီဂီတဆိုပေးရင် တော်တော့်ကို အဆင်ပြေတာတဲ့။ ဉာဏ်ပူဇော်ခအပြင် အဲဒီခေတ်က "ရှားပါးပစ္စည်း" ဖြစ်အောင် စနစ်တကျ စီမံထားတဲ့"ဆယ်လူလာဖုန်း" တောင် ထပ်ပြီးပေးသေးသတဲ့။
အဲသည် "မိုလ်ဘိုင်းဖုန်း"က"တိုက်ခန်း" သင့်သင့်တခန်းနဲ့တန်ဖိုးညီခဲ့တာကိုး။ ကျနော့်မိတ်ဆွေအဆိုကျော်လင်မယားတွေဆို ၂ ဦးစလုံးတယောက်တလုံးရတော့ ဖုန်းတွေရောင်းပြီး တိုက်ခန်းဝယ်ကြတာ တယောက်တခန်းတောင်ရခဲ့ပါသဗျ။
"ဆည်" လိုပါပဲ၊ "တံတား" သီချင်းတွေ၊ "လမ်း" သီချင်းတွေ၊ "စိုက်ပျိုးရေး" သီချင်းတွေ၊ "မွေးမြူရေး" သီချင်းတွေ၊ "လှေပြိုင်ပွဲ" သီချင်းတွေ၊"လှည်းပြိုင်ပွဲ" သီချင်းတွေ၊ "ငြိမ်းချမ်းရေး" သီချင်းတွေ၊ . .သီချင်းတွေဆိုတာ TV မှတ်တမ်းဌာနမှာပြန်ရှာကြည့်ရင် အပုဒ်ပေါင်း "ထောင်သောင်းသိန်း" တွေ့ရမှာပါ။
ကျနော့်စိတ်ထင် "ပေါ်လစီဂီတ" နဲ့ လုံးဝကင်းခဲ့ကြသူဆိုတာ လက်ချိုးရေရင် တဖက်လောက်ပဲရှိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ မတတ်သာလို့မျက်နှာ နာလို့ ဆိုတဲ့အကြောင်းအမျိုးမျိုးနဲ့ "ဆိုပေး" ခဲ့ကြရတဲ့ တခေတ်တခါပေါ့ခင်ဗျာ။
တွက်ကြည့်ရင်တော့ ခေတ်အဆက်ဆက်ရဲ့အာဏာသိမ်း အာဏာရှင်အစိုးရတိုင်း အစိုးရတိုင်းမှာ သူ့ခေတ်နဲ့သူ့အခါ "ပေါ်လစီဂီတ" ရှိခဲ့ကြတာ မြင်ရပါတယ်။ မတရားအာဏာသိမ်းပြီးတက်ခဲ့တဲ့ အာဏာရှင်အစိုးရတိုင်း အစိုးရတိုင်းဟာ အနုပညာရှင်တွေကို စည်းရုံးပြီး၊ ဖိအားပေးပြီး၊ အကူအညီတောင်းပြီး သူတို့ သူတို့အစိုးရတွေရဲ့လုပ်ငန်းဖော်ဆောင်ချက်တွေကို အစိုးရရဲ့ TV တွေကနေ ဝါဒဖြန့်လွှင့်ထုတ်ခဲ့ကြတဲ့အစဉ်အလာဟာ အစဉ်အမြဲလိုပါပဲ။
ဘယ်လို အာဏာရှင်အစိုးရမျိုးပဲဖြစ်ဖြစ် သူ့ဟာနဲ့သူတော့ သူ့အတွက် ကောင်းရာကောင်းကြောင်းကိုပြောပြပေးမယ့် "ပေါ်လစီဂီတ" ရှိခဲ့ကြတာချည်းပါပဲ။
အနည်းဆုံးတော့ သူတို့ကို ကြိုက်ကြိုက်မကြိုက်ကြိုက် အလိုက်အထိုက်ဆက်ဆံပြီး "ငွေ" တို့ "အကျိုးစီးပွား" တို့ထက် "မျက်နှာနာ" လို့ တီးပေးဆိုပေး သရုပ်ဆောင်ပေးခဲ့ကြတာတွေလည်း အများကြီးပါခင်ဗျ။
" အင်း. . . "
"ပေါ်လစီဂီတ" ဆိတ်သုဉ်းခန်းခြောက်နေတဲ့ အာဏာရှင်အစိုးးရမျိုးများ ထူးထူးခြားခြား ပေါ်ပေါက်လာပြီဆိုရင် တခုခုတော့ အကြီးအကျယ်ကို မှားယွင်းနေပြီလို့ ဆိုရမယ်ခင်ဗျ။ ။
ဆာသော်ဒိုး
9-8-21(Mon) 2:50 Pm
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar