Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၄ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၄၊ ၂၀၂၁

ချွေးထွက်များ သွေးထွက်များ လှုပ်ရှားမှုများ

မင်းတပ်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနေတဲ့ သတင်းတွေ ကြားသိနေရစဥ်မှာပဲ ၊ ဝိုင်းမော်မြိုနယ်ထဲက ရွာအချို့ကို တိမ်းရှောင်ဖို့ စစ်ကောင်စီတပ်တွေက လိုက်နှိုးဆော်နေတဲ့ သတင်း၊ ကယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့ ရက်တွေကတည်းက ဖယ်ခုံ၊ ဖရူဆိုမြို့နယ်တွေမှာ တိုက်ပွဲတွေပြန်ဖြစ်နေတဲ့ သတင်းတွေကြားသိနေရပြီး စီးပွားရေးမြို့တော် ရန်ကုန်မှာလည်း ဒီနေ့ညနေပိုင်း ရထားလုံခြုံရေးရဲ ၆ ဦးကို လက်နက်ကိုင် အဖွဲ့တဖွဲ့က အလစ်အငိုက် ပစ်ခတ်ခဲ့လို့ ၄ ဦးက နေရာမှာတင် သေဆုံးခဲ့ပြီး ၂ ဦးက ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ရန်ကုန်မြို့ပေါ်မှာ ပြီးခဲ့တဲ့ လပိုင်းတွေက သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏက စာသင်ကျောင်းမှာ စစ်သားအစောင့်ကို သေနတ်နဲ့ ပစ်ခဲ့တဲ့ အဖြစ်အပျက်၊ ကျောက်မြောင်းရပ်ကွက် ကြံ့ခိုင်ရေးရုံးအနီး ရပ်ထားတဲ့ စစ်ကားကို ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်နောက် အခုအဖြစ်အပျက်ဟာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အများဆုံး သေဆုံးတဲ့ အဖြစ်အပျက် တခု ဖြစ်ပါတယ်။ အလားတူပဲ ရန်ကုန်မြို့ပေါ်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်မဟုတ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှုး၊ သတင်းပေးလို့ ယူဆသူ၊ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးလိုမျိုးတွေကို အလစ်အငိုက်မှာ သေနတ်နဲ့ ပစ်သတ်တဲ့ အဖြစ်အပျက်တွေတော့ ရက်အနည်းငယ်၊ သီတင်းပတ်အနည်းငယ် တိုင်း ဖြစ်ပျက်နေတာ သတင်းတွေထဲ ဖတ်နေရပါတယ်။

အခု တိုက်ခိုက်မှုတွေက စစ်ကောင်စီအနေနဲ့ ရန်ကုန်မြို့ အပါအဝင် မြို့တွေရွာတွေကို မအုပ်ချုပ်နိုင်အောင် စစ်အာဏာသိမ်းအစိုးရရဲ့ ထောက်တိုင် အဖြစ်သတ်မှတ်ကာ လုပ်ကြံ သတ်ဖြတ်နေကာ ဒီလိုတာဝန်တွေက နေ နှုတ်ထွက်အောင် ဖိအားပေးနေတဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပါလိမ့်မယ်။

အခုလို ပျောက်ကြား သို့မဟုတ် အရပ်ဝတ်နဲ့ အလစ်အငိုက်မှာ သေနတ်နဲ့ ပစ်ခတ်တာတွေကို လုပ်ဆောင်ရတဲ့ လူငယ် အစုအဖွဲ့တွေအနေနဲ့ အရင်းအနှီးလည်း ကြီးမားတာတွေ့ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းက တိုက်ခန်းကို စစ်ကောင်စီတပ်တွေ ဝင်စီးစဥ် လူငယ် ၅ ဦး တိုက်ပေါ်က ခုန်ချကာ ၅ ဦးစလုံးသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ကို ကြည့်ရင် သိနိုင်ပါတယ်။ မြို့ပြပျောက်ကြား လက်နက်နဲ့ လုပ်ကြံသူတွေကို စစ်ကောင်စီဘက်ကလည်း အညှိုးတကြီး ရက်စက်စွာ ဖြိုခွဲဖို့ ဖမ်းဆီးရမိရင်လည်း သတ်ဖြတ်ဖို့ ဝန်မလေးတာတွေ့နေရပါတယ်။

ဒီအဖြစ်အပျက်တွေကို ကြားနေရ မြင်နေရချိန်မှာ မင်းတပ်၊ ကချင်ပြည်နယ် ဝိုင်းမော်၊ ကရင်ပြည်နယ် တို့မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ဘယ်လို ချိတ်ဆက်ကြသလဲ၊ ဘယ်လို ဆက်စပ်လှုပ်ရှားကြသလဲ ဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးက ပြည်မက လူအများစု ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီပါတီက အများစုပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ NUG က ဖွဲ့စည်းခဲ့တဲ့ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် တို့က အခုနွေဦးတော်လှန်ရေး ဖြစ်စဥ်ရဲ့ ပင်မကျောရိုးမှာ ရှိတဲ့အဖွဲ့အစည်းတွေဖြစ်ကြပါတယ်။

အခုလက်ရှိ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ တိုက်ခိုက်မှု၊ ခုခံမှု၊ ရန်သူလို့သတ်မှတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေ၊ သူတို့ကို သတင်းပေးတယ်လို့ ယူဆတဲ့သူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်စဥ်တွေ နေ့စဥ်နဲ့ အမျှဖြစ်ပျက်နေပြီး တခုနဲ့ တခု ချိတ်ဆက်မှု ချိန်ကိုက် လှုပ်ရှားမှုတွေ သိပ်များများစားစား မတွေ့ရတာကို သတိပြုမိပါတယ်။ ဒီလိုကိစ္စတွေက လူသိရှင်ကြား ပွင့်လင်းမြင်သာအောင် လုပ်ရတာမျိုးမဟုတ်လို့ ကျနော်တို့ မသိနိုင်တာလည်း ရှိနိုင်ပါတယ်။ သို့ပေမယ့် ချင်းပြည်နယ် မင်းတပ်မှာ တိုက်ပွဲတွေ အရှိန်မြင့်နေချိန် တခြားသော ဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲ တပြိုင်နက်ထဲ ချိန်ကိုက်လုပ်ဆောင်တာမျိုး သိပ်မတွေ့ရတာ အမှန်ပဲ ဖြစ်ပါတယ်။ အလားတူ မင်းကင်းနယ်၊ ကနီနယ် ၊ ဒီပဲယင်းနယ်တို့မှာ ကျေးရွာတွေက ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့တွေက စစ်ကောင်စီတပ်တွေကို တိုက်နေချိန် အခြားသော ဒေသက တိုက်ပွဲတွေနဲ့ ချိန်ကိုက်ဖြစ်ပွားတာမျိုးမဟုတ်တာလည်း သတိပြုမိပါတယ်။ အလားတူပဲ မြို့ပေါ်က ပျောက်ကြား တိုက်ခိုက်မှုတွေကလည်း သီးခြားစီဖြစ်နေတဲ့ သဘောဆောင်တာ သတိပြုမိပါတယ်။

ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း ဖမ်းဆီးဖို့ကြိုးစားမှုမှာ ခုန်ချသွားတဲ့ လူငယ်တယောက်ရဲ့ ဖခင်ဖြစ်သူက RFA ရေဒီယိုသတင်းဌာနနဲ့ အင်တာဗျူးမှာ သူ့သားရဲ့ ဖြစ်စဥ်အပြင် အခု အရေးတော်ပုံမှာ သက်ဆိုင်ရာ အင်အားစုတွေ အသီးသီး သူ့ရှုထောင့် သူ့နည်းသူ့ဟန်နဲ့ လှုပ်ရှားနေကြတာကို သတင်းတွေဖတ်ရှုရင်း သိရှိရတဲ့ဆီကနေ သူ့အမြင်ကို ပြောရာမှာ အခု မြို့ပြက သူ့သားလို ပျောက်ကြားလှုပ်ရှားသူတွေ ၊ အခြားသောနယ်တွေမှာ လက်နက်ကိုင် တိုက်ခိုက်သူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ စတဲ့ အင်အားစုတွေအားလုံး စုစည်းမှု တခုအောက်မှာ လုပ်ဆောင်ကြမှ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မယ်လို့ သူမြင်ကြောင်း ပြောသွားတာ ကြားလိုက်ရပါတယ်။

ဒီလိုသာမန်ပြည်သူတယောက် သားဖြစ်သူက အရေးတော်ပုံထဲ အသက်စတေးသွားတဲ့ ဖခင်တယောက်ရဲ့ အမြင်က လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်ကို အရပ်သားတ ယောက် နေရာကနေ ထိထိမိမိ ထောက်ပြချက်၊ ယေဘုယျကျကျ ဝေဖန်ချက်လို့ ခံစားမိပါတယ်။

အခုလို ဝေဖန်ချက်မျိုးက ခုအရေးတော်ပုံရဲ့ သွားနေတဲ့ လမ်းကြောင်းရဲ့ နည်းလမ်းကို ဝေဖန်ထောက်ပြလိုက်တယ်လို့ နားလည်မိပါတယ်။

ဒီနေရာမှာ တော်လှန်ရေး ၊ လက်နက်ကိုင် ပုန်ကန်မှု၊ မြို့ပြပျောက်ကျားစတဲ့နည်းလမ်းတွေနဲ့ အာဏာရှင် ၊ အုပ်ချုပ်သူဖြုတ်ချရေး တိုက်ပွဲတွေမှာ အသေအပျောက်များတိုင်း အောင်ပွဲနဲ့ နီးတယ်လို့ ပုံသေကားကျ မှတ်ယူလို့မရပါဘူး။ အသေအပျောက်များရင် အောင်ပွဲရဖို့နီးတယ်လို့ ကောက်ချက်ချလို့မရတာ သမိုင်းအဖြစ်အပျက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ အောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေမှာ အသေအပျောက်တွေ ကျဆုံးမှုတွေများခဲ့တာမျိုး ရှိသလို အသေအပျောက်များသော်လည်း အောင်ပွဲနဲ့ အလှမ်းဝေးခဲ့တဲ့ တော်လှန်ရေးဆိုတာတွေလည်း ရှိခဲ့ကြလို့ ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ မိမိဘက်က အင်အားတွေ မလိုအပ်ပဲ အများအပြားဆုံးရှုံးမသွားအောင် စီမံခန့်ခွဲနိုင်ခြင်းကလည်း ကောင်းမွန်တဲ့ ဦးဆောင်မှုလို့ဆိုရမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar