Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၃ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၃၊ ၂၀၂၁

စစ်ကောင်စီရဲ့ ကဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရဆိုတဲ့အဖွဲ့က အစည်းအဝေးလုပ်တဲ့ သတင်းတပုဒ်ကို ဖတ်ကြည့်တဲ့အခါ စစ်ကောင်စီရဲ့အဖွဲ့ဝင်တွေထဲက ဝန်ကြီးတာဝန်ယူထားသူတွေပဲ အိမ်စောင့်အစိုးရထဲမှာ ပါပြီး အစည်းအဝေးတက်ရောက်ကြတာ တွေ့ရပါတယ်။ စစ်ကောင်စီထဲက သာမန်အဖွဲ့ဝင်တွေကတော့ အိမ်စောင့်အစိုးရမှာမပါဝင်သလို အစည်းအဝေးမှာလည်းမပါဝင်တာတွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းလိုက်တဲ့ သူတို့အခေါ်အဝေါ် နစက လို့ခေါ်တဲ့ စစ်ကောင်စီ အဖွဲ့ထဲမှာ ပါဝင်ခဲ့ကြတဲ့ အရပ်သား နိုင်ငံရေးသမားတွေကို လအနည်းငယ်အကြာမှာ ၄င်းတို့မျှော်လင့်ထဲ့ ပြောဆိုဆွေးနွေးခွင့်တောင် မရကြတဲ့ သဘောမျိုး ဖြစ်သွားတာသတိပြုမိလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီး ဝင်ပါခဲ့ကြစဥ်မှာ သူတို့ပါဝင်တဲ့ စစ်ကောင်စီက အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်း အသွင်ဆောင်တာမို့ သူတို့အနေနဲ့ လုံခြုံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ပညာရေး နဲ့အခြားသောကိစ္စရပ်တွေမှာ ပြောဆိုခွင့်ရှိလိမ့်မယ်လို့ မှတ်ယူကောင်းမှတ်ယူခဲ့ကြပါလိမ့်မယ်။

ဒါပေမယ့် လက်တွေ့မှာတော့ အာဏာသိမ်းပြီးတဲ့ လတွေကတည်းက စစ်ကောင်စီရဲ့ အစည်းအဝေးလိုမျိုးအပြင် လုံခြုံရေးကိစ္စတွေနဲ့ပတ်သက်တာတွေကို စစ်တပ်ဘက်က ဗိုလ်ချုပ်တွေချည်း သီးခြားအစည်းအဝေးလုပ်တာဖြစ်လို့ စစ်ကောင်စီအဖွဲ့ဝင် အရပ်သားတွေ အဖို့ ဖြစ်ပျက်နေတဲ့ ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ရော အဲဒီဖြိုခွင်းမှုတွေနဲ့ပတ်သက်လို့ပါ ဘာမှ အသေးစိတ် မသိရသလို ဝင်ရောက်ပြောဆိုခွင့်လည်း မရှိပါဘူး။ တနည်းအားဖြင့် စစ်ကောင်စီက အာဏာသိမ်းပြီးခါစမှာ အရပ်သားနိုင်ငံရေးသမားတွေ ပါတယ်ဆိုတာ ရုပ်ပြဖို့အတွက် အဖြည့်ခံ ဝင်လုပ်ပေးကြရတဲ့ သဘောမျိုးဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့အတွက် နောက်သတင်းအကြောင်းအရာတခုကတော့ လာမယ့် သီတင်းပတ်တပတ်လုံးကို ရုံးပိတ်ရက် အလုပ်ပိတ်ရက် အဖြစ်ထပ်တိုးကြောင်း စစ်ကောင်စီက ကြေညာခဲ့ရာမှာ ယခုတကြိမ်မှာ ဘဏ်တွေပါ ပိတ်ရက်အဖြစ် အကျုံးဝင်နေတာဖြစ်လို့ ပြီးခဲ့တဲ့ သီတင်းပတ် ၄ ပတ်ကို ရုံးပိတ်ရက် အဖြစ်ကြေညာခဲ့ရာမှာ ဘဏ်တွေမပါဝင်ခဲ့ဘဲ အခုတကြိမ်မှာ ဘဏ်တွေပါ အလုပ်ပိတ်ရက်ထဲ အကျုံးဝင်တဲ့အချက်က မသင်္ကာစရာဖြစ်ပြီး ပုဂ္ဂလိကဘဏ် ၃ ခု ဒေဝါလီခံတော့မယ်ဆိုတဲ့ သတင်း၊ ငွေစက္ကူအချို့ကို ဖျက်သိမ်းမယ်ဆိုတဲ့ ကောလဟလ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်လာတာ ဖြစ်ပါတယ်။

ဒီကောလဟလကို ဗဟိုဘဏ်က ဒီနေ့ ဖြေရှင်းတဲ့ ထုတ်ပြန်ချက်ကို ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘဏ်တွေအနေနဲ့ စစ်အာဏာသိမ်းပြီး လအနည်းငယ်အတွင်း ယုံကြည်မှု လျော့ကျခဲ့ရာက ရှိတဲ့စုငွေတွေကို ငွေသားအဖြစ် ထုတ်ယူဖို့ လုပ်ဆောင်ကြရာကနေ ငွေသား လည်ပတ်မှု မလုံလောက်တဲ့ အကြပ်အတည်း ဆိုးဆိုးရွားရွား ဖြစ်လာတာ ခုဆို ၃လကျော် ၄ လထဲရောက်နေပြီဖြစ်ပါတယ်။ ဒီသတင်းတွေ လှုပ်လှုပ်ရှားရှားဖြစ်ပြီးတော့ တဒေါ်လာကို မြန်မာကျပ်ငွေ ၁၇၀၀ ကျော်အထိ တန်ဖိုးကျဆင်းခဲ့တာ တွေ့ရပါတယ်။ စစ်ကောင်စီဟာ ဝါဇီစက်ရုံကနေ ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ပြီး လည်ပတ်နေရတယ်အကြောင်း သတင်းတွေ ထွက်နေပါတယ်။

ဒီနေ့ အတွက် နောက်သတင်းတပုဒ်ကတော့ စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဗွီအိုအေက ဖေါ်ပြထားရာမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်ခံရတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ လုံခြုံရေးအရ စိုးရိမ်ရတဲ့ အနေအထား ပစ္စည်းပစ္စယ မပြည့်စုံ၊ ဆေးဝါးပစ္စည်းမပြည့်စုံ၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းကာ လူအများစုပြီး နေရာထိုင်ခင်းကျဥ်းကျဥ်းထဲ နေကြရတဲ့ စစ်ဘေးရှောင်စခန်းလိုမျိုးမှာ ကိုဗစ်ကူးစက်မှု ဖြစ်ပွားလာတဲ့ အခြေအနေက မြွေပူရာကင်းမှောင့် အနေအထားမျိုးလည်း ဖြစ်ပါတယ်။

အသက်အရွယ်ကြီးရင့်သူတွေအတွက် အန္တရာယ်ပိုကြီးမားတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တလကျော် နှစ်လခန့်အတွင်း မြန်မာနိုင်ငံမြို့ကြီးတွေနဲ့နယ်မြို့တွေမှာ ကိုဗစ်ကူးစက်မှုဒဏ်ကြောင့် သေဆုံးရသူ သောင်းဂဏန်းနဲ့ ရှိနေပါတယ်။ ဒီကာလတွေအတွင်း အရေးပေါ် အကူအညီ အထောက်အပံ့လိုမျိုး စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့ခြင်းမရှိသလို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း ကူညီထောက်ပံ့နိုင်ခြင်း မရှိခဲ့ဘဲ လူထုက အချင်းချင်း ကူညီ ကျောချင်းကပ် ရင်ဆိုင်ခဲ့ကြရတဲ့ အနေအထားဖြစ်ပါတယ်။

ဒီနေ့ညဘက်မှာ စစ်ကောင်စီလုံခြုံရေးတပ်တွေက သာကေတမြို့နယ်တခုလုံးကို သတင်းအရ ပိတ်ဆို့ပြီး စစ်ကောင်စီဆန့်ကျင်သူတွေ အဖွဲ့တွေကို ဖမ်းဆီးဖို့ ကြိုးစားကြတယ်လို့ သိရပါတယ်။ ညသန်းကောင်ယံမှာ သူတို့ ပိတ်ဆို့မှု ရှာဖွေမှုတွေ စတင်တယ်လို့ သိရပြီး ပြည်သူတွေအချင်းချင်း သတိပေးမှုတွေကြောင့် သူတို့တွေ ထင်တိုင်းမပေါက်ဖြစ်ကြရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ ကိုဗစ်ကာလတွင်းမှာ ဒလန်သတင်းပေးများအားကိုးနဲ့ ပီဒီအက်ဖ်တွေ တော်လှန်ရေးအင်အားစုတွေကို ပိတ်ဆို့ ဖမ်းဆီး နှိမ်နင်းမှုတွေ တိုးပြီး လုပ်နေတာကို တွေ့ရပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar