Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၁ ရက် မြောက်နေ့ မြင်ကွင်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၁၊ ၂၀၂၁

တိုက်ပွဲခေါ်သံ နီးလာပြီလား ၊ လူထုက ဘာတွေ ပြင်ဆင်ထားရမလဲ


ခုရက်ပိုင်း NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဦးရည်မွန်နဲ့ အာရ်အက်ဖ်အေ အင်တာဗျူးမှာ မကြာခင် လက်နက်ကိုင် တိုက်ပွဲ စတင်နိုင်မယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဦးဆောင်တိုက်ခိုက်ကြလိမ့်မယ် ဆိုတဲ့ တိုက်ပွဲခေါ်သံ D-Day ဆိုတာကို တပ်လှန့်လိုက်တာကြောင့် မြို့တွေ နယ်တွေမှာ လူအချို့လည်း စိုးရိမ်စိတ်နဲ့ ရိက္ခာတွေ ဝယ်ယူစုဆောင်းနေကြတာ၊ ရေပြတ် လျှပ်စစ်မီးပြတ်ရင် လိုအပ်မယ့် ပစ္စည်းတွေလိုမျိုး ဝယ်ယူထားကြတာတွေ ကြားသိနေရပါတယ်။

ရန်ကုန်မြို့ထဲက မိသားစု အချို့ဆို ဆန်၊ ဆီ၊ ရိက္ခာခြောက်တွေ ဝယ်ယူစုဆောင်းတာ၊ လျှပ်စစ်မီးပြတ်တောက်လို့ ရေတင်လို့မရရင် အခက်အခဲကြုံနိုင်တဲ့အတွက် အိမ်မှာ ရှိတဲ့ရေသိုလှောင်လို့ရတဲ့ အရာတွေရေဖြည့်ထားတာ၊ သောက်ရေတွေစုဆောင်းထားတာတွေ ခုရက်ပိုင်း လုပ်နေကြတာ ကြားသိနေရပါတယ်။

စျေးဝယ်စင်တာအချို့မှာလည်း ခုရက်ပိုင်း ကားတွေတန်းစီပြီး ဝယ်ယူနေကြပြန်တာတွေ့နေရပါတယ်။ မြို့ပေါ်နေလူထုအနေနဲ့ ပြည်တွင်းစစ်ဆိုတာကို မကြုံဖူးကြသူ အများစုဖြစ်ပြီး ဘယ်လိုတိုက်ပွဲတွေ ဖြစ်လာမှာလဲ မြို့ထဲမှာလား လမ်းတွေမှာလား၊ ဘယ်က စဖြစ်မှာလဲ စတာတွေက ပဟေဠိသဖွယ် အမေးသာရှိပြီး ဘယ်သူမှ ဖြေနိုင်ကြမှာမဟုတ်ပါဘူး။

ကိုဗစ်ကူးစက်မှု တတိယလှိုင်းက ပြန့်နှံ့နေဆဲမှာ အခုလို တိုက်ပွဲခေါ်သံက ထွက်ပေါ်လာတာပါ။ NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ ၁၇ ဖွဲ့ကနေ ၂၀ ကျော်နီးပါးအထိရှိတဲ့အထဲက ဘယ်နှစ်ဖွဲ့လောက်နဲ့ နိုင်ငံရေးမဟာမိတ် လုပ်ထားနိုင်ပြီး ဘယ်နှဖွဲ့လောက်နဲ့က စစ်ရေးမဟာမိတ် လုပ်ထားနိုင်လဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ ရှမ်းပြည်နယ်မှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး လက်နက်ကိုင်အဖွဲ့၊ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ SSPP ၊ ဝ တပ်ဖွဲ့၊ မိုင်းလား တပ်ဖွဲ့၊ MNDAA စတဲ့ အဖွဲ့တွေနဲ့ စစ်ရေးအရ မဟာမိတ်လုပ်ဆောင်နိုင်တဲ့ အနေအထားတော့ သတင်းတွေထဲ မတွေ့ရှိရသေးပါဘူး။ ရခိုင်ပြည်နယ်မှာ အေအေ လက်နက်ကိုင် အဖွဲ့အနေနဲ့လည်း သူ့မဟာဗျူဟာနဲ့ သူ့ပြည်နယ်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးကို ဖေါ်ဆောင်ဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ မွန်ပြည်သစ်ပါတီအနေနဲ့လည်း စစ်အာဏာသိမ်းပြီးနောက် NUG ဖွဲ့စည်းပြီးနောက် NUG နဲ့ နီးစပ်တဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မတွေ့ရပါဘူး။

NUG အနေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့အဖွဲ့တွေ ကိုကြည့်မယ်ဆို KIA, KNU/KNLA, CNF တို့ဖြစ်ပါတယ်။ NUG အနေနဲ့ ပြီးခဲ့တဲ့ လအနည်းငယ် PDF ဖွဲ့စည်းခဲ့ပြီးနောက် စစ်ကောင်စီရဲ့ လက်နက်နဲ့ အနိုင်ကျင့်မှုတွေကို လက်နက်နဲ့ တုံ့ပြန်တားဆီးနိုင်ဖို့ လူထုရဲ့ မျှော်လင့်ချက်ကို မြန်မြန်ဆန်ဆန် တုံ့ပြန်ဖို့ ဆန္ဒရှိတာလည်း ဖြစ်ပါလိမ့်မယ်၊ တဖက်မှာလည်း NUG ကဖွဲ့စည်းတဲ့ PDF ကို လာရောက်ဆက်သွယ် ဝင်ရောက်ပြီး လက်နက်ကိုင် တိုက်ဖို့ ဆုံးဖြတ်ထားကြတဲ့ လူငယ်တွေရဲ့ စိတ်ဆန္ဒပြင်းပြမှုကို တုံ့ပြန်တာလည်း ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း စစ်ရေးမဟာဗျူဟာအရ ပြည့်စုံအောင် ပြင်ဆင်ပြီးမှ တိုက်ပွဲခေါ်သံကို စတင်တာမျိုး ဖြစ်သင့်ပါတယ်။

စစ်ရေးမဟာဗျူဟာ ချမှတ်ထားနိုင်မှု၊ လိုအပ်တဲ့ ရုပ်ဝတ္တုပိုင်းဆိုင်ရာ ဖြည့်ဆည်းနိုင်ဖို့ ပြင်ဆင်မှု၊ လူထုကိုလည်း အတတ်နိုင်ဆုံး အထိအခိုက်နည်းအောင် ကာကွယ်ပေးမယ့် အစီအစဥ်တွေ ပြင်ဆင်မှုတွေ လုပ်ပြီးနောက်မှာ စသင့်တယ်လို့ မြင်ပါတယ်။

လတ်တလောမှာတော့ လူထုက ကိုဗစ်ကူးစက်မှု မြို့နယ်တွေ အသီးသီးမှာ အပြင်ထွက်ခွင့် လူအရေအတွက် ကန့်သတ်မှု၊ အချိန် ကန့်သတ်မှုတွေ နဲ့ ကြုံတွေ့နေကြရပြီး စီးပွားရေးပိုင်းမှာလည်း ရပ်နားထားရတဲ့ အသက်မွေးဝမ်းကျောင်းတွေ လုပ်ငန်းတွေ အများအပြားရှိတာမို့ လူထုအနေနဲ့ ဝင်ငွေကျဆင်းနေချိန် ကိုဗစ်ကူးစက်ခံခဲ့ရရင် ရှိသမျှ ငွေကြေးအရင်းအမြစ်ကို ထုတ်သုံးပြီး ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

D-Dayနဲ့ ပြည်တွင်းစစ်၊ ရိက္ခာစုဆောင်းမှုတွေ အပြီးမှာတော့ ကချင်ပြည်နယ် ဖားကန့်မှာ အင်တာနက် ဖြတ်တောက်ထားတဲ့ သတင်းထွက်ပေါ်လာပါတယ်။ စစ်တပ်ဟာ စစ်ရေးအရ အသာစီးရလိုတဲ့အခါ ဒေသခံတွေကသူတို့ကို ဆန့်ကျင်ပြီး လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို စိတ်ဓါတ်အရ၊ သတင်းအချက်အလက်အရ ကူညီပေးနေတဲ့အခါမျိုးမှာ အဲဒီဒေသကို အင်တာနက်တွေ ဆက်သွယ်ရေးတွေ ဖြတ်တောက်ဖို့ လုပ်တတ်တာ ပြီးခဲ့တဲ့ နှစ်ပိုင်းက ရခိုင်ပြည်နယ်မှာ မြို့နယ် အများအပြား လနဲ့ချီ နှစ်နဲ့ချီ အင်တာနက် ဖြတ်တောက်ခဲ့တဲ့ သာဓကကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီအချိန်တုန်းက အစိုးရဖြစ်တဲ့ NLD ပါတီအစိုးရကလည်း တပ်ရဲ့ လုပ်ဆောင်ချင်တာကို ဆက်သွယ်ရေး ဝန်ကြီးဌာနက နာမည်ခံပြီး လုပ်ဆောင်ပေးခဲ့ပါတယ်။

ယခုလည်း တပ်က အဲဒီနည်းနာကို အသုံးပြုပြီး အာဏာသိမ်းပြီးခါစက တနိုင်ငံလုံးကို ရက်အနည်းငယ်ကြာ ဖြတ်တောက်ခဲ့သလို နောက်ပိုင်း မိုဘိုင်းအင်တာနက်တွေကို လနဲ့ချီ ဖြတ်တောက်ခဲ့ပြန်တာဖြစ်ပါတယ်။

ဒီလို အင်တာနက်ဖြတ်တောက်ခံရတဲ့ အခြေအနေမျိုးမှာ သတင်းအချက်အလက် မပြတ်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ NUG အစိုးရက ရေဒီယို NUG ကို စမ်းသပ်ထုတ်လွှင့်နေပြီး မနေ့တနေ့က အစမ်းထုတ်လွှင့်ခြင်း အနေနဲ့ စတင်ထုတ်လွှင့်ခဲ့ပါတယ်။

ဒီနေ့အတွက် နောက်သတင်းတပုဒ်ကတော့ ပြည်တွင်း ခရီးသည်တင်လေကြောင်းလိုင်းရဲ့ လေယာဥ် အချို့မှာ ပျံသန်းနှုန်းတိုင်းတာတဲ့ အပေါက်မှာ သစ်ရွက်တွေ ပိတ်ဆို့နေတဲ့ သတင်းကလည်း စိတ်ဝင်စားစရာ သတင်းတပုဒ်ဖြစ်ပါတယ်။ ကမ္ဘောဇ အဲလိုင်းက လေယာဥ် ၃ စီးရဲ့ လေယာဥ် ပျံသန်းနှုန်းတိုင်းတာတဲ့ အပေါက်မှာ သစ်ရွက်ပိတ်ဆို့နေတာကို သတိပြုမိလို့ ဖယ်ရှားခဲ့တယ်လို့ သတင်းဖေါ်ပြမှု အချို့အရ သိရပါတယ်။ မတော်တဆ ဖြစ်တဲ့ ဖြစ်ရပ်လား သို့မဟုတ် တမင်တကာ ရည်ရွယ်လုပ်ဆောင်တာလားဆိုတာ သဲသဲကွဲကွဲတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar