Breaking News

လှကျော်ဇော - ဖေဖေနှင့် ဦးလေးကိုအံ့မောင်



လှကျော်ဇော - ဖေဖေနှင့် ဦးလေးကိုအံ့မောင်

(မိုးမခ) ဩဂုတ် ၂၂၊ ၂၀၂၁

အခုတလော ကြားရသမျှ စိတ်မကောင်းစရာ သတင်းချည်းပါပဲ။

ကျွန်မတို့ မောင်နှမတတွေက ဦးလေးကိုအံ့မောင်လို့ ခေါ်တဲ့ စာရေးဆရာကြီး ဦးအံ့မောင်(မုံရွာ) အသက်(၈၉) နှစ်၊ ၁၂ ရက်နေ့ နေ့လယ်ခင်းက ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်း ကြားလိုက်ရပါတယ်။

ဦးလေးကို ကျွန်မတို့က ဦးလေးကိုတင်ရွှေ(မုံရွာ) (ဒီချုပ်အမတ် ထောင်ထဲမှာ ကျဆုံးသွား)နဲ့ တတွဲတည်းထား လေးစားရင်းနှီးခင်မင်ခဲ့ရတာပါ။ ဖေဖေကလည်း ဒီလိုပဲ သဘောထားဟန်ရှိပါတယ်။ ဒါပေမဲ့ ဖေဖေရဲ့ ကိုယ်တိုင်ရေးအထ္ထုပွတ္တိ စာအုပ်မှာ ဦးလေးကိုတင်ရွှေအကြောင်းပဲ ရေးထားတာတွေ့ရပြီး ဦးလေးကိုအံ့မောင် အကြောင်း မတွေ့ရပါ။

ဒါကလည်း အကြောင်းရှိပါတယ်။

ဖေဖေ စာအုပ်ရေးတဲ့ ကာလတလျှောက်လုံးက (၂၀၀၃-၂၀၀၈) နအဖခေတ်ပါ။ ဒါကြောင့် ဖေဖေက အတော်သတိထား ရေးပါတယ်။

သူနဲ့ ရင်းနှီးပေမဲ့ ကွယ်လွန်ပြီးသူများအကြောင်းပဲ ရေးတာ တွေ့ရပါတယ်။

ကျွန်မကိုလည်း အမြဲသတိပေးပါတယ်။

ဖေဖေတို့က ကျည်ကွယ်အရပ်က ရေးနေတာ။ သူတို့ခမျာ (သူ့ရဲဘော်တချို့ကို ရည်ညွှန်းဟန်ရှိပါတယ်)က သူတို့လက်ထဲမှာ (စစ်အစိုးရလက်အောက်) ငှက်ကလေး၊ ကြက်ကလေးတွေလို နေနေရတာ၊ အချိန်မရွေး ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ပယောဂကြောင့် သူများ အန္တရာယ်မဖြစ်စေနဲ့… တဲ့။

ဒါတွေကြောင့် ဦးလေးကိုအံ့မောင်အကြောင်း ဖေဖေက ဘာမှရေးမထားတာ ဖြစ်မှာ။ ဒီတော့ ကျွန်မက ဖေဖေေ့အကြွေး ဆပ်ရတော့မှာပေါ့။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ဖေဖေ စလုပ်ဆောင်နေစဉ်မှာ ဆရာကြီးမှိုင်းရဲ့ ကျန်းမာရေး အတော်ချို့ယွင်းစပြုနေပါပြီ။ ဒါကြောင့် ကျွန်မတို့ရဲ့ ဆီဆုံလမ်း အိမ်လေးမှာပဲ လုပ်ငန်းအတော်များများ လုပ်ဆောင်နေရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့မှာ ဦးလေးကိုတင်ရွှေရော၊ ဦးလေးကိုအံ့မောင်ရော နှစ်ယောက်စလုံး ပါဝင်ပါတယ်။

အဲဒီလုပ်ငန်းတွေ လုပ်ဆောင်နေရင်း ဦးလေးတို့နှစ်ယောက် ကျွန်မတို့ အိမ်အဝင်အထွက်ရှိရာကနေ ကျွန်မတို့ တမိသားစုလုံးနဲ့ ရင်းနှီးလာကြတာပါ။

အဲဒီကာလက ဦးလေးကိုတင်ရွှေက ဆိုဗီယက်သံရုံးမှာ အလုပ်လုပ်ပြီး ဦးလေးကိုအံ့မောင်ကတော့ တရုတ်သံရုံးမှာ အလုပ်လုပ်တယ်လို့ သိထားပါတယ်။ အင်္ဂလိပ်စာကျူရှင်လည်း ပြတယ်လို့ ဆိုပါတယ်။

၁၉၆၄ ခုနှစ် ဆရာကြီးမှိုင်း ကွယ်လွန်ချိန်မှာ ဖွဲ့စည်းခဲ့တဲ့ ဈာပနကော်မတီမှာရော၊ နောက်ပိုင်းဖွဲ့တဲ့ ဆရာကြီးမှိုင်း ဂူဗိမာန်တည်ဆောက်ရေးကော်မတီမှာရော အဲဒီဦးလေးနှစ်ယောက်ဟာ အမာခံတွေပါ။ ဖေဖေတို့ အန်ကယ်ဦးထွန်းတင်(လွှတ်တော်ရှေ့နေကြီး)တို့ အလွန်အားထားခဲ့ကြရသူများပါ။

အဲဒီကာလတွေအတွင်းမှာ ဦးလေး ကိုအံ့မောင် မင်္ဂလာဆောင်ပါတယ်။ မင်္ဂလာပွဲက ပြန်လာတဲ့ ဖေဖေနဲ့ မေမေ ပြန်ပြောပြထားတာတွေ သတိရမိပါတယ်။

မေမေက “မင်္ဂလာပွဲတီးဝိုင်းကလည်း မာမာအေးရဲ့ အပျိုဖြန်းသီချင်းကိုပဲ ထပ်ချည်းတလဲလဲ ဆိုနေတာ၊ မျက်နှာတောင်ပူလာတယ်”တဲ့။

ဖေဖေက- “သြော် သူတို့ဆရာ လူပျိုကြီး စွံသွားလို့၊ တပည့်များက ဝမ်းသာလို့ နောက်ကြတာဖြစ်မှာပေါ့ကွာ” လို့ ရယ်ရယ်မောမော ပြန်ပြောပါတယ်။

ဦးလေးက ကျူရှင်ဆရာကြီး ဖြစ်ပြီး သတို့သမီးက သူ့ကျူရှင်က တပည့်မလေးတဲ့။ အဲဒီကာလကလည်း ဒါရိုက်တာ သာဓုရဲ့(ထွန်းဝေနဲ့ မြတ်မွန်တို့ရဲ့ ဆရာ-တပည့် မေတ္တာဇာတ်လမ်း) အကယ်၍သာ ဇာတ်ကားကလည်း အတော်နာမည်ကြီးနေပြီး ဒီ ‘အပျိုဖြန်း’ ဆိုတဲ့ သီချင်းက အဲဒီဇာတ်ကားထဲက သီချင်းပါ။

၁၉၆၇ ခုနှစ် တရုတ်ဆန့်ကျင်ရေး အရေးအခင်းအပြီးမှာတော့ (တရုတ်သံရုံးမှာ အလုပ်လုပ်ခဲ့တဲ့) ဦးလေး တောခိုသွားပါတယ်။ နောက် နှစ်နှစ်၊ သုံးနှစ်အကြာမှာ ဦးလေး ပြန်ရောက်လာပါတယ်။ အဖမ်းခံရပြီး ပြန်လွတ်လာတာပါ။ လွတ်လာပြီးနောက် ဖေဖေ့ဆီ လာတွေ့ပြီး မုံရွာ ပြန်နေတော့မယ်ဆိုပြီး နှုတ်ဆက်သွားတယ်ဆိုတာသာ ဖေဖေ ပြောတာ ကြားလိုက်ရပြီးနောက်ပိုင်း ပြန်မတွေ့ရတော့ပါဘူး။

ဦးလေး ဖေဖေနဲ့ ဘာတွေ ပြောဆိုသွားတယ်ဆိုတာ ကျွန်မ ဘာမှ မသိလိုက်ပါဘူး။ ၁၉၇၆ ကျွန်မတို့ မိသားစု တောတွင်းရောက်လာပြီး နောက်ပိုင်းအကြောင်းအရာတွေ ဆုံလာတိုင်း ဖေဖေက တခွန်းစ နှစ်ခွန်းစ ပြောတာတွေကို ဆက်စပ်ကြည့်မိတော့မှ ဇာတ်လမ်းက ပေါ်လာပါတယ်။

ဖေဖေ စာအုပ်ထဲမှာလည်း ဒီလို ရေးထားတာ တွေ့ဖူးပါတယ်။

“ကျွန်တော်တို့ ထိုအိမ် ပြောင်းပြီးနောက် (မှတ်ချက်-၁၉၇၄) ဗမာပြည် နိုင်ငံရေးမုန်တိုင်း ပိုပြင်းထန်လာပါတော့သည်။ ကျွန်တော်သည် ဆရာကြီးမှိုင်း ဈာပနကိစ္စ၊ ဂူဗိမာန် ကိစ္စပြီးကတည်းက ဘာနိုင်ငံရေးစကားမှ မပြောတော့ဘဲ နိုင်ငံရေးကိစ္စများတွင်လည်း ဘေးရှောင်နေပါသည်။ ကျွန်တော်အတွက် လက်နက်ကိုင်တော်လှန်ရေးမှလွဲ၍ ဘာမှ လုပ်စရာမရှိဆိုတာ ကျွန်တော် သိပြီးဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော် ပါတီနှင့် အဆက်ရအောင် ကြိုးစားသော်လည်း အဆက်မရပါ။ ကျွန်တော့်အနေနှင့် ပါတီနှင့် အဆက်ရဖို့ကိစ္စမှာ အလွန်လျှို့ဝှက်၍ လုပ်ကိုင်ရသဖြင့် မလွယ်ကူလှပါ။ အကြိမ်အချို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။”

(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော။ ကိုယ်တိုင်ရေးအထ္ထုပွတ္တိ။ ဆိုင်းစုမှသည် မန်တိုင်းဆီသို့။ တတိယအကြိမ်ထုတ်၊ ယဉ်မျိုးစာပေ၊ နှာ-၃၀၁)

တကယ်တော့ ၁၉၆၇ ဦးလေး တောခိုသွားစဉ်ကတည်းက ဖေဖေက ဗဟိုရောက်ရင် (သခင်ဇင် သို့မဟုတ် သခင်ချစ်နဲ့ တွေ့မှ) ပေးရန်စာတစောင် ထည့်ပေးလိုက်ပါတယ်။ ဖေဖေ တောထဲလာဖို့ ခွင့်တောင်းတာနဲ့ စီစဉ်ပေးနိုင်တာတွေ ပေးဖို့ ဆိုတာတွေပါဟန် ရှိပါတယ်။ ဦးလေးက ဗဟိုကို တန်းသွားနိုင်တာ မဟုတ်ဘဲ အလွယ်တကူသွားနိုင်တဲ့ မြစ်ဝကျွန်းပေါ်က ခရိုင်တခုကိုပဲ ရောက်သွားပါတယ်။ အဲဒီကာလပါတီတွင်းမှာလည်း ပါတီတွင်းတော်လှန်ရေး ဆင်နွှဲနေချိန်ဖြစ်လို့ အတော်ရှုပ်ထွေးနေပါတယ်။ ဒီတော့ အဲဒီကခရိုင်တာဝန်ခံက ဦးလေး တောင်းဆိုတဲ့ ဗဟိုကို ပို့မပေးရုံမက (တရုတ်ပြည်က ယဉ်ကျေးမှုတော်လှန်ရေးဂယက်ကလည်း ရှိနေလေတော့) “ကဲ- ခင်ဗျားက ဘွဲ့နှစ်ဘွဲ့နဲ့လူဆိုတော့ (ဦးလေးက ဘီအေ၊ ဘီအယ်လ် ရထားတာပါ။) အိုးနှစ်လုံးထမ်းပေါ့ဆိုပြီး ထမ်းပိုးနဲ့ ထမင်းအိုး ဟင်းအိုး ထမ်းခိုင်းပြီး ထမင်းချက်တာဝန် ပေးထားသတဲ့။ အဲဒါ မကြာခင်မှာပဲ စစ်တပ်စစ်ကြောင်းနဲ့တိုးပြီး ဖမ်းမိတာ။ ကာလတပိုင်း ကြာပြီးနောက် လွတ်လာပြီး ဖေဖေ့ကို လာနှုတ်ဆက်တာပါ။

ဖေဖေ့အနေနဲ့ သူ အင်မတန်ယုံကြည်စိတ်ချရသူဖြစ်လို့ဒီတာဝန်ပေးလိုက်ဟန် ရှိပါတယ်။ ဦးလေးကလည်း သူ ကြုံတွေ့ရသမျှတွေကို ဖေဖေ့ကို အိတ်သွန်ဖာမှောက် ပြောပြပြီးနောက် ဒီကိစ္စတွေကို ဘယ်မှာမှ (လူသိရှင်ကြား) ပြောတော့ဟန်မရှိပါဘူး။ ဒါပေမဲ့ သူ တတ်နိုင်တဲ့ဘက်က တတ်စွမ်းသမျှ လုပ်ဆောင်သွားမှုကြောင့် ကွယ်လွန်ချိန်မှာ ‘ပြည်သူ့စာဆိုကြီး’ ဆိုတဲ့ ကမ္ပည်းထိုးမှုကို ရရှိသွားခဲ့ပါတယ်။

တကယ်တော့ ဦးလေးအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း အတော်စိတ်ထိခိုက်စရာတွေ ကြုံခဲ့ရဟန် ရှိပါတယ်။

ကျွန်မ ပန်ဆန်းမှာ တော်လှန်ရေးတာဝန်တွေ ထမ်းနေရစဉ်က စိတ်ညစ်ညူးစရာတွေ ကြုံလာရင် ဗဟိုရုံး တက်သွားပြီး ဖေဖေတို့ မေမေတို့ အခန်းမှာ ထိုးအိပ်နေတတ်ပါတယ်။ နည်းနည်းစိတ်ပြေလာမှ ရှိတာလေး ထစားပြီး ဆေးရုံဘက် ပြန်ဆင်းတတ်ပါတယ်။ တခါတော့ ဆေးရုံကို ပြန်ဆင်းခါနီးမှာ ဖေဖေက ဒီလို ပြောခဲ့ပါတယ်။

“ကိုအံ့မောင်ကတော့ ဒီလို ပြောဖူးတယ်။ တချို့လူတွေ ပြောတာတွေ သိပ်လွန်တယ်။ တခါတလေများဗျာ၊ တကိုယ်လုံး ပူထူလာပြီး နားထဲက သွေးတွေ ပေါက်ထွက်မတတ်ပဲ” တဲ့။

ကျွန်မ သိလိုက်ပါပြီ။ ကျွန်မတို့တတွေ ပြည်သူတွေရဲ့အကျိုးကို တကယ်ပဲ ထမ်းချင်ရင်တော့ ဒီလိုမျိုး တိုက်ပွဲတွေ (ကိုယ့်အတ္တနဲ့ကိုယ် တိုက်ရတဲ့ အတွေးအခေါ်တိုက်ပွဲ)ကို ဆက်တိုက်ရမှာပါ။

ဦးလေးဟာ ပါတီတွင်းက ဖြစ်ပျက်ခဲ့သမျှတွေကို သူ တသက်တာလုံး ထိန်းသိမ်းသွားခဲ့ပြီး ကွန်မြူနစ်တယောက်ရဲ့စံ ဖြစ်တဲ့ ‘ပြည်သူလူထုအကျိုးမှတပါး အခြားမရှိ’ ဆိုတဲ့ထုံးကို သက်ဆုံးတိုင် ဦးထိပ်ထား ပန်ဆင်သွားသူ ဖြစ်ပါတယ်။

(ဖေဖေ ဆုံးသွားပြီးနောက်မှာ ဦးလေးက ဖေဖေ့အမှတ်တရ ဆောင်းပါးလေး သုံး လေးစောင် ရေးတာ တွေ့လိုက်ရပါတယ်။)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar