Breaking News

သီအိုဇော် - ကုလသမဂ္ဂအရေးနဲ့ ဝေးဝေးနီးနီး ဆက်လျှောက်ရမယ့်ဒီခရီး - ၁



သီအိုဇော် - ကုလသမဂ္ဂအရေးနဲ့ ဝေးဝေးနီးနီး ဆက်လျှောက်ရမယ့်ဒီခရီး - ၁

(မိုးမခ) ဩဂုတ် ၂၀၊ ၂၀၂၁

(၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကလည်း တစထက်တစ နီးလာပါပြီ။ အရင်ညီလာခံများနဲ့မ တူတာကတော့ Credentials Committee က NUG နဲ့ စစ်ကောင်စီ၊ ဘယ်သူ့ကို မြန်မာနိုင်ငံ ကိုယ်စားပြုခွင့် ပေးလေမလဲ ဆိုတဲ့ကိစ္စပါလာတဲ့အတွက် မြန်မာပြည်သူပြည်သားတွေ ဒီညီလာခံကို စိတ်ဝင်စားမှုရှိကြပြီး မြန်မာနိုင်ငံအတွက် အရေးကြီးတယ်လို့လက်ခံထားကြပါတယ်။ NUG အနေနဲ့လည်း အားသွန် ခွန်စိုက် ကြိုး စားနေမှာ သံသယမရှိသလို၊ ပြည်သူများကလည်း တတ်နိုင်တဲ့နေရာကနေ ပါဝင်ပံ့ပိုးနေကြပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ‘ခရစ္စတင်းရှရနာဘာဂနာ’က ဘယ်သူဘယ်ဝါဟာ အ စိုးရလို့ ကုလသမဂ္ဂအဖွဲ့က သတ်မှတ်တာမဟုတ်၊ အဖွဲ့ဝင်နိုင်ငံတွေကသာ ရွေးချယ်ဆုံးဖြတ်တာပါ လို့ထပ် ပြောခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းအတွက်သာမက လူသားမျိုးနွယ်စုတရပ်လုံး စောင့်ကြည့်ရမယ့် ဓမ္မနဲ့ အဓ္ဓမကြား အားပြိုင်မှုတရပ်လို့လည်း ဆိုနိုင်မယ့် ညီလာခံ ဖြစ် တဲ့အတွက် ကုလသမဂ္ဂ မိသားစုဝင်များက မြန်မာနိုင်ငံရဲ့အရေး ဘယ်လိုမူနဲ့ စဥ်းစားအဖြေရှာကြတယ် ဆိုတာကို လေ့လာကြည့်လိုပါတယ်။ အားလုံး နား ရည်ဝပြီးဖြစ်တဲ့ Credentials Committee အကြောင်းကနေ အစပြုလိုက်ချင်ပါတယ်။

ဖေါ်ပြပါဇယားက ၂၀၁၄-၁၅ ခုနစ် (၆၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကနေ ၂၀၂၀-၂၁ ခုနစ် (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း Credentials Committee အလှည့်ကျအဖွဲ့ဝင် တွေ ရဲ့ အချက်အလက်တွေဖြစ်ပါတယ်။

Table 1: List of the members of Credentials Committee of the UN General Assembly (69th Session - 75th Session)




စိတ်ဝင်စားသူမျာ လွယ်ကူစွာလေ့လာနိုင်ဖို့အတွက် အမြဲတမ်းအဖွဲ့ဝင် အမေရိကန်၊ရုရှနဲ့ တရုတ်နိုင်ငံတို့ကို ချန်လှပ်ထားပြီး ပြီးခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ခုနစ်နှစ်စာအတွက် အလှည့်ကျ UN Credentials Committee အဖွဲ့ဝင်များ စာရင်းကို ပြုစုပေးထားပါတယ်။ ကုလသမဂ္ဂရဲ့ ဒေသအလိုက်အုပ်စု ခွဲခြားသတ်မှတ် ပုံကို အခြေခံထားပါတယ်။ လက်တင်အ‌မေရိကနိုင်ငံနဲ့ ကာရီဘီယံ နိုင်ငံတွေကို တစ်အုပ်စုထဲထားလေ့ရှိပေမယ့် ပိုရှင်းလင်းအောင် ခွဲထုတ်ပြီးဖေါ်ပြပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ညီလာခံ (၇)ခုမှာ အရှေ့ ဥရောပနိုင်ငံများ အုပ်စုက Credentials Committee မှာမပါလို့ ဥရောပနိုင်ငံများအတွက် အနောက်ဥရောပနိုင်ငံများနဲ့ အခြား နိုင်ငံများအုပ်စုကိုပဲ ထည့်သွင်းထားပါတယ်။ (၇)ကြိမ်ဆက်တိုက် ကျန်ရစ်ခဲ့တာ ထူးခြားတယ်လို့တော့ ပြောရ ပါမယ်။

အာဖရိကန်နိုင်ငံများကို ကိုယ်စားပြုတဲ့ ကင်မရွန်းနိုင်ငံကတော့ (၇၁)ကြိမ်မြောက်နဲ့ (၇၅) ကြိမ်မြောက်မှာ (၂)ကြိမ်ရွေးချယ်ခံရပြီး ကာရီဘီယန်နိုင်ငံ ဘာဘေးဒိုး(စ်)ကလည်း(၇၀)ကြိမ်မြောက်နဲ့ (၇၄)ကြိမ်မြောက်မှာ(၂) ကြိမ် အရွေးခံရပါတယ်။ လက်တင် အမေရိ‌ကအုပ်စုက ယူရဂွိုင်းကတော့ သူ့ထက်ကဲ ရွှေပြည်စိုးပါပဲ၊ (၇၂) ကြိမ်၊(၇၄) ကြိမ်၊(၇၅)ကြိမ်တို့မှာ ဆက်တိုက်ပါလာပြန်လို့ပါ။

အထွေထွေညီလာခံတိုင်းမှာ အာဖရိကနိုင်ငံတွေဟာ နှစ်နိုင်ငံစီ နေရာရရှိတာကိုတွေ့ရမှာပါ။ အလှည့်ကျ (၆) နေရာအနက်(၂)နေရာဆိုတော့ ၃ပုံ၁ပုံ ရထားတာပါ၊ ကျန်တဲ့ (၄)နေရာကို အာရှ-ပစ္စိဖိတ်ဒေသ၊ ဥရောပတိုက်၊ လက်တင်အမေရိကနိုင်ငံများ၊ ကာရီဘီယံ နိုင်ငံများက ၁နေရာစီ ရွေးချယ်ခံရလေ့ရှိပါတယ်။

အမြဲတမ်းအဖွဲ့ဝင်၃နိုင်ငံ

အမေရိကန်၊ရုရှားနဲ့ တရုတ်ဟာ Credentials Committeeရဲ့ ပါလေ့ပါထရှိတဲ့ အမြဲတမ်းအဖွဲ့ဝင်များပါ။အမေရိ ကန်နိုင်ငံကတော့ NUG ကိုထောက်ခံမယ်လို့ တွက်ဆနိုင်သလို ရုရှားနဲ့ တရုတ်က မျက်နှာပြောင်ပြောင်နဲ့ စစ် ကောင်စီဘက်က ရပ်တည်လေမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ရုရှားအတွက်ကတော့ ဒီအတွက်ရှည် ရှည်ဝေးဝေး သိပ်စဥ်းစားမှာမဟုတ်ပါ၊ ဒါပေမယ့် မြန်မာနိုင်ငံထဲက အကျိုးစီးပွားတွေရဲ့ လုံခြုံရေးကို ထည့် စဥ်းစားရမယ့် အချက်နဲ့ သိက္ခာ ရှိတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် အထင်အမြင်ခံချင်နေတဲ့ တရုတ်အတွက် တော့ ဒီတစ်ကြိမ်ဘယ်သူ့ကိုမှ နေရာ မပေးဖို့ အဆိုပြုလာကောင်း ပြုလာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

အာရှ-ပစ္စိဖိတ်နိုင်ငံများအုပ်စု

ကိုယ့်အရပ်ဒေသဖြစ်နေလေတော့ သိပ်အများကြီးရေးဖို့ လိုအပ်မယ်မထင်ပါ။ ဘယ်အာရှနိုင်ငံ၊ အိမ်နီး ချင်း နိုင်ငံ၊ အာဆီယံနိုင်ငံများရဲ့သဘောက ဘယ်လိုရှိတယ်ဆိုတာ အကြမ်းဖျဥ်း သိရှိကြပြီးသားဖြစ်တဲ့ အတွက် ပါ။ ပြီးခဲ့တဲ့ဇွန်လ(၁၈)ရက်နေ့က ကုလသမဂ္ဂရဲ့ အာဏာသက်ရောက်မှုအပြည့်မရှိပဲ နိုင်ငံရေး အဓိပ္ပါယ်အ ဆင့်လောက်သာရှိတဲ့ ပြည်သူ့ဆန္ဒအသိအမှတ်ပြုဖို့၊ အထိန်းသိမ်းခံများပြန်လွှတ်ဖို့၊ လက်နက်စီးဆင်းမှုရပ် တန့်ဖို့ဆိုတဲ့ အချက်အလက်များကို မဲခွဲတဲ့အခါမှာတောင် မြန်မာပြည်မြေပုံ ပတ်ပတ်လည်က ရှိရှိသမျှ နိုင်ငံ အားလုံးက မဲမပေးခဲ့ကြတာကိုလည်း မေ့နိုင်ကြအုံးမယ်မထင်ပါ။

ပစ္စိဖိတ်ကျွန်းနိုင်ငံတစ်ခု ဖြစ်တဲ့ ‘ပါပူဝါနယူးဂီနီ’က (၇၅) ကြိမ်မြောက်ညီလာခံရဲ့ Credentials Committee မှာ ပါထားတော့ အခြားအာရှနိုင်ငံများ အလှည့်ဖြစ်နိုင်တယ် ထင်ပါတယ်။ အာရှနိုင်ငံများအနက် စိတ်ဝင်စား ဖို့ကောင်းတာကတော့ အလယ်အာရှနိုင်ငံတွေက (၇၀) ကြိမ်မြောက်အတွက် ‘ကာဇက်စတန်’ အ လှည့်ကျ ပြီး တဲ့နောက် ထပ်အရွေးမခံရသေးပါဘူး။ အလယ်အာရှနိုင်ငံထဲက အရွေးချယ်ခံရမယ်ဆိုရင်တော့ သူ့ရဲ့ရပ်တည် ချက်ကို စိုးရိမ်မကင်း စောင့်ကြည့်ရမယ်ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အလယ်အာရှနိုင်ငံများဟာ ဆိုဗီ ယက်ယူနီယံပြိုကွဲမှုနဲ့အတူ လွတ်လပ်ရေးရယူပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံတွေဖြစ်လို့ ရုရှားရဲ့ လွှမ်းမိုးမှု ကျန် နေဆဲဖြစ်လို့ပါ။ ‘ကာဇက်စတန်’နဲ့ ‘ကီးယာဇ်ဂစ္စတန်’ မှာဆိုရင် ရုရှားဘာသာဟာ တရားဝင်ရုံးသုံးဘာသာစ ကားဖြစ်နေဆဲပါ။

နေတိုးမဟာမိတ်တပ်ဖွဲ့တွေနဲ့ အပြိုင်ဖွဲ့ခဲ့တဲ့ ဝါဆောစစ်စာချုပ်မဟာမိတ်အဖွဲ့ ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းပြီးတဲ့ နောက် ရုရှားကဦးဆောင်ပြီးဖွဲ့တဲ့ Collective Security Treaty Organization (CSTO) စစ်မဟာမိတ်အဖွဲ့ မှာ အလယ်အာရှနိုင်ငံတွေဖြစ်တဲ့‘ကာဇက်စတန်’၊ ‘ကီးယာဇ်ဂစ္စတန်’ နဲ့ ‘တာဂျစ်ကစ္စတန်’ တို့ ဆက်လက်ပါ နေဆဲဖြစ်ပါတယ်။ကာဇက်စတန်လူဦးရေရဲ့ ၂၅ရာခိုင်နှုန်း ပတ်ဝန်းကျင်ဟာ ရုရှားလူမျိုးများ ဖြစ်ကြတယ်လို့ တောင်ခန့်မှန်းကြပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် Credentials Committeeမှာ ရုရှားလောင်းရိပ်မလွတ် တဲ့ အလယ်အာရှနိုင်ငံတွေ မပါစေချင်ပါ။စစ်အုပ်စုတွေအကြောင်း စကားစပ်တုန်း ဆက်ပြောရရင်ဖြင့် နေတိုး အဖွဲ့ဝင် (၃၀) နိုင်ငံကတော့ Credentials Committee မှာပါရင်ပဲဖြစ်ဖြစ်၊ တစ်နိုင်ငံချင်း မဲထည့်ဖို့လိုတဲ့အချိန် ပဲဖြစ်ဖြစ် NUG ကိုပဲ ထောက်ခံကြမယ်လို့ မျှော်လင့်မိပါတယ်။

ဥရောပနိုင်ငံများအုပ်စု

ယေဘူယျအားဖြင့်ကတော့ ဥရောပနိုင်ငံအများစုက NUG ဘက်ကရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက် နေ့က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ အရှေ့ဥရောပက ဘယ် လာရုစ်လိုနိုင်ငံမျိုးက ရှားပါလိမ့်မယ်။ ပြောရမယ်ဆိုရင် ဘယ်လာရုစ်ကလည်း အထက်ကပြောခဲ့တဲ့ CSTO အဖွဲ့ဝင်ဆိုတော့ ရုရှရဲ့မဟာမိတ်ပဲပေါ့။ လက်ရှိမှာနိုင်ငံတွင်းပြဿနာများစွာရှိပြီး ဥရောပသမဂ္ဂက ၂၀၂၀ ဩ ဂုတ်လရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုမထားသလို ပိတ်ဆို့ အရေးယူမှုတွေလုပ်ထားတဲ့အတွက် ဥရောပနေရာကို ကိုယ်စားပြုဖို့မဖြစ်နိုင်ဘူးထင်ပါတယ်။ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ လုပ်နေတဲ့ အဖွဲ့ဝင်(၂၇)နိုင်ငံပါတဲ့ ဥရောပသမဂ္ဂကိုလည်း NUG ထောက်ခံမဲအတွက် အပြည့်အားထားနိုင်မယ်လို့ ယူဆရ ပါတယ်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်(၂၁) နိုင်ငံဟာ နေတိုး အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

(၇၂)ကြိမ်ကနေ (၇၅)ကြိမ်အတွင်းနော်ဒစ်နိုင်ငံတွေနဲ့ ကျန်ဥရောပနိုင်ငံတွေဟာ Credentials Committeeမှာ တနှစ်ခြားစီ အလည့်ကျအဖွဲ့ ဝင်လုပ်ခဲ့တာတွေ့ရပါတယ်။ (၇၅)ကြိမ်မြောက်မှာ နော်ဒစ်တိုင်းပြည် တခုဖြစ်တဲ့ အိုက်စလန်က အဖွဲ့ဝင်ပါ။ နော်ဒစ်နိုင်ငံများမှာ ဒိန်းမတ်၊နော်‌ဝေ၊ဆွီဒင်၊ဖင်လန်နဲ့ အိုက်စလန်တို့ဖြစ်ပါတယ်။ ပြောခဲ့သလိုပါပဲ အရှေ့ ဥရောပနိုင်ငံ တွေ ပြီးခဲ့တဲ့ ညီလာခံ(၇)ခုရဲ့ Credentials Committee မှာမပါခဲ့တာတော့ စိတ်ဝင်စားစရာပါ။ ကုလသမဂ္ဂမှာ ချန်လှပ်ထားခဲ့ရလောက်တဲ့ မူဝါဒ ခိုင်ခိုင်မာမာမရှိဘူးဆိုရင်တော့ (၇၆) ကြိမ်ညီလာခံရဲ့ Credentials Committee မှာ အရှေ့ ဥရောပနိုင်ငံတစ်ခုပါဝင်နိုင်တယ်ထင်ပါတယ်။ တကယ်လို့ ချက်သမ္မတ နိုင်ငံသာ အရွေးခံရရင်တော့ ဝမ်းပန်းတသာ ကြိုဆိုရမှာပါ။ ဥရောပသမဂ္ဂ အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့ ဥရောပနိုင်ငံ တစ်နိုင်ငံက ရွေးချယ်ခံရတယ်ဆိုရင်ပဲ အားရစရာဖြစ်ပါတယ်။ (ဆက်လက်ဖော်ပြပါမည်)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar