Breaking News

မိုးမခ- မိုးမင်းသိမ်းဘာသာပြန်- ယစုနရိ ကာဝဘတရဲ့ လက်တစ်ဝါးစာ ဝတ္ထုတိုများ (၄)

ယစုနရိ ကာဝဘတရဲ့  လက်တစ်ဝါးစာ ဝတ္ထုတိုများ (၄)
လွှတစ်ချောင်းနှင့် သားဖွားခြင်း
မိုးမင်းသိမ်းဘာသာပြန်ဆိုသည်
မိုးမခ ၂၀၊ ဩဂုတ် ၂၀၂၁


ဘာသဘောပါလိမ့်။ ‌ကိုင်း ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ အီတလီနိုင်ငံမှာလို့တော့ဖြင့် သိပြီးသားပဲ။ တောင်ကုန်းလေးထိပ်မှာ ယာယီရွက်ဖျင်တဲလေးတစ်လုံးရှိတယ်။ ကြည့်လိုက်ရင်  အစင်းအကျားတွေပါတဲ့ အမျိုးသမီးဆောင်း ထီးတစ်လက်လိုပဲ။ ရွက်ဖျင်တဲပေါ်မှာထောင်ထားတဲ့ အလံဟာ မေလ ပင်လယ်လေ ပြည်လေညင်းထဲမှာ တလူလူလွင့်နေတယ်။ သစ်တောစိမ်းစိမ်းတွေရဲ့အောက်ဘက်မှာ ပင်လယ်ပြာပြာရှိတယ်။ ( အိဇုမှာရှိတဲ့ တောင်ပေါ်ရေပူစမ်းတစ်ခုနားက ပင်လယ်ကမ်းရိုးတန်းကို သတိရစေတယ်) ရွက်ဖျင်တဲထဲမှာ အကြွေစေ့ထည့်ရတဲ့ အများသုံးတယ်လီဖုန်းရုံလိုမျိုးတစ်ခုရှိတယ်။ မီးသ‌ေင်္ဘာလက်မှတ်အရောင်းဌာနလို၊ အကောက်ခွန်ရုံးလိုမျိုးနဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေတဲ့ တကယ်တမ်း ဒီနေရာကိုကျွန်တော်ရောက်လာရတာက အဲဒီအဆောက်အအုံရဲ့အပေါက်လေးကနေ လဲလှယ်ငွေကြေးပမာဏများများစားစားရဖို့ပဲ။ 
ကျွန်တော့်ဘယ်ဘက်လက်ဖဝါးပေါ်ကို စက္ကူအဝါရောင်နဲ့ထုပ်ထားတဲ့ အထုပ်တစ်ထုပ် ဘုတ်ခနဲရောက်လာတယ်။ အထဲမှာ ပိုက်ဆံပါမှန်း ကျွန်တော်သိလိုက်တယ်။ ကျွန်တော့်ဘေးနားကိုအနက်ဗြောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာတယ်။ သူကပဲ စကားစပြောတယ်။ ဂျပန်မတစ်ယောက်မှန်း သဘောပေါက်လိုက်ပေတဲ့ အီတာလျံလို ကျွန်တော်မှ နားမလည်တာပဲလို့ အမျိုးသမီးကို ကြည့်ရင်းတွေးနေမိတယ်။ 
ပြီးတော့ ဘာဖြစ်တာပါလိမ့်။ လယ်စိုက်ယာစိုက်လုပ်ကြတဲ့ ကျွန်တော့်မွေးဌာနီ ရွာလေးဆီကို အခင်းအကျင်းပြောင်းသွားတယ်။ ဝင်းတံခါးကောင်းကောင်းနဲ့ လယ်တဲတစ်လုံးရဲ့ ခြံစိုက်ခင်းထဲမှာ လူဆယ်ယောက်လောက် ခူးနေဆွတ်နေကြတယ်။ ဒီလူတွေအားလုံး ရွာကမှန်း ကျွန်တော်သိတယ်။ ဒါပေတဲ့ လန့်နိုးသွားတဲ့အချိန်ကျတော့ ဘယ်သူတွေမှန်း ကျွန်တော် မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အကျိုးသင့် အကြောင်းသင့်ဖြစ်နေတာက အမျိုးသမီးနဲ့ ကျွန်တော် ဓားချင်းယှဉ်ရမယ်ဆိုပြီး သတိလည်လာပြန်တယ်။
တိုက်ကြခိုက်ကြရမယ့်နေရာမရောက်ခင် ကျွန်တော် ဆီးသွားချင်လာတယ်။ လူတွေဝိုင်းကြည့်နေတော့ကာ ကျွန်တော်လည်း ကီမိုနိုပေါ်လက်တင်ပြီး ရပ်ရင်း စိတ်ရှုပ်နေမိတယ်။ ဘာလုပ်လို့လုပ်နေမိမှန်းလည်း မသိတော့ဘူး။ ရုတ်တရက် နောက်ကိုလှည့်ကြည့်လိုက်တော့ အမျိုးသမီးနဲ့ ကျွန်တော်တိုက်ခိုက်နေကြတာကို တွေ့ရတယ်။ ခြံစိုက်ခင်းအလယ်မှာ ဓားရောင်ဖွေးဖွေး ဝင်းလက်လို့နေတယ်။ အိပ်မက်တစ်ခုမှန်း ကျွန်တော်သိနေပေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရင်း ထိတ်လန့်နေမိတယ်။
" မင်းရဲ့ ပုံရိပ်ကိုမြင်နေရရင်၊ မင်းကိုယ်မင်း မြင်နေရရင်၊ မင်းရဲ့ ဒုတိယကိုယ်ပွားကို တွေ့နေမြင်နေရရင် သေတော့မယ် "
ကျွန်တော့်ဒုတိယကိုယ်ပွားကို အမျိုးသမီးက ဓားနဲ့ပိုင်းချလိုက်ဖို့ လုပ်နေမှန်း ခံစားလိုက်ရတယ်။ အမျိုးသမီးရဲ့ လက်နက်က လွှတစ်ချောင်းနဲ့ ခပ်ဆင်ဆင်ပဲ။ ဓားတစ်လက်ဆိုပေတဲ့ သစ်ပင်ကြီးတွေကို ဖြတ်တောက်လှဲချရာမှာ သစ်ခုတ်သမားသုံးတဲ့ ဗြက်ကျယ်ကျယ်လွှပုံပေါက်နေတယ်။ 
တစ်ခုရှိတာက ဆီးသွားတဲ့အကြောင်းကို ကျွန်တော်မေ့နေတယ်။ ကျွန်တော့်ရဲ့ဒုတိယကိုယ်ပွားနဲ့ တစ်သားတည်းဖြစ်လာတယ်။ အမျိုးသမီးနဲ့အတူ တိုက်ကြခိုက်ကြတဲ့ထဲမှာ ပိတ်မိနေတယ်။ အမျိုးသမီးရဲ့လက်နက်ဟာ တောက်တောက်ပပ အဆင်တန်ဆာတစ်မျိုးနဲ့တူနေတယ်။ ကျွန်တော့်ရဲ့ဓားက အမျိုးသမီးကို အနည်းအကျဉ်းထိမိခိုက်မိလိုက်တယ်ဆိုရင်ပဲ သူ့လက်နက်ဟာ အကွဲအပဲ့လေးတွေဖြစ်အောင် အထစ်ခံရတာတွေ၊ ချိုင့်ဝင်သွားတာတွေဖြစ်လာတယ်။ နောက်ဆုံးမှာတော့ သူ့လက်နက်ဟာ လွှစစ်စစ်ကြီးဖြစ်သွားတော့တယ်။စကားလုံးတွေကိုလည်း ကျွန်တော့်နားထဲမှာ ရှင်းရှင်းကြီး ကြားလိုက်ရတယ်။
"  လွှဆိုတာမျိုးက ဟောသလိုဖြစ်လာတာ" တဲ့။
တစ်နည်းပြောရရင် ဒီတိုက်ပွဲဟာ လွှတီထွင်ဖန်တီးမှုကို သရုပ်ဖော်နေပြန်တာကြောင့် တစ်မူထူးခြားနေတယ်။ ဒါပေတဲ့ စိတ်အာရုံနဲ့ ကျွန်တော် ခုတ်ထစ်ဖြတ်တောက်ပစ်လိုက်တယ်။ ရုပ်ရှင်ဇာတ်ကားတစ်ကားထဲက တိုက်ခန်းခိုက်ခန်းဇာတ်ဝင်ခန်းကို စိတ်ပျံ့လွင့်ရင်းကြည့်ရှုနေမိသလိုမျိုး ပဲ။ 
နောက်ဆုံးတော့ ကျွန်တော်လည်း ခြံစိုက်ခင်းအလယ်ကောင်မှာ လေးလေးပင်ပင်ကြီး ဝုန်းခနဲထိုင်ချလိုက်တော့တယ်။ အမျိုးသမီးရဲ့လွှကို ခြေဖဝါးနှစ်ဖက်ကြားညှပ်ထားရင်း ကျီစယ်နေမိတယ်။ သူ့ခမျာ လွှကို တွန်းဖယ်လို့လည်းမရ၊ ဆွဲလို့လည်းမရ ဖြစ်နေရှာတယ်။
" ကလေးမွေးထားတာ မကြာသေးလို့ ကျွန်မအားနည်းနေတယ်ရှင် "
ဟုတ်ပါ့၊ သူ့ဗိုက်ကနေ တွဲလောင်းကျနေတဲ့ အတွန့်အခေါက်က အကြီးကြီးပါကလား။
နောက်တော့ ကမ်းရိုးတန်းဘေးက ကျောက်တုံးတွေကို ဖြတ်ဖောက်ထားတဲ့ လမ်းမကြီးတလျှောက် သုတ်သီး သုတ်ပြာနဲ့  ကျွန်တော်ပြေးလွှားနေပြန်တယ်။ ( ကီအိကျွန်းဆွယ်က ယာဇကိမှာရှိတဲ့ ကမ်းခြေနဲ့ အတော်လေးတူတယ် ) အမျိုးသမီးရဲ့ ကလေးကို ကြည့်ဖို့အတွက် ပြေးလွှားနေတာလို့ သဘောပေါက်မိတယ်။ ရေထဲကို ထိုးထွက်နေတဲ့ ကုန်းမြေအငူစွန်းထိပ်က ဂူထဲမှာ မွေးကင်းစကလေးလေးက အိပ်နေတာ။ လှိုင်းခေါင်းဖြူတွေရဲ့ အနံ့အသက်တွေက လာခွင့်ပေးကြောင်း မီးစိမ်းပြနေသလိုပဲ။
အမျိုးသမီးက လှလှပပ ပြုံးလိုက်တယ်။ " ကလေးတစ်ယောက်ကို မွေးရဖွားရတာ ဘာမှမဟုတ်ပါဘူးလေ "။
အမျိုးသမီးရဲ့ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားရင်းဘဝင်ခိုက်လောက်အောင် ဝမ်းမြောက်ဝမ်းသာခံစားမိတယ်။ " သူ့ကို ပြောပြကြရအောင်၊ တို့တစ်တွေ ပြောပြသင့်တယ် မဟုတ်လား။ သူ့ကို သွားပြောကြစို့ရဲ့" လို့ ကျွန်တော်ကပြောလိုက်တယ်။
" ဟုတ်တယ်။ ကလေးတစ်ယောက် မွေးရဖွားရတာ ဘာမှမဟုတ်တဲ့အကြောင်း သွားပြောပြကြရအောင် "
ခုတော့ အမျိုးသမီးဟာ လူနှစ်ယောက်ဖြစ်သွားပြီ။ကျွန်တော်နဲ့ စကားပြောဆိုနေတဲ့ အမျိုးသမီးဆိုတာဟာ တခြားတစ်နေရာရာမှာရှိနေတဲ့ အမျိုးသမီးကို ပြောဆိုနေတာပဲ။
အဲဒီနောက် ကျွန်တော်လန့်နိုးလာတယ်။ ကျွန်တော့်အိပ်မက်ထဲက အမျိုးသမီးကို ငါးနှစ်တာကာလအတွင်း ပြန်မတွေ့တော့ဘူး။ ဘယ်မှာရှိနေမှန်းတောင် ကျွန်တော်မသိဘူး။ ကလေးမွေးကောင်းမွေးနေပေတဲ့ ကျွန်တော့်စိတ်ထဲကို လုံးဝရောက်မလာတော့ဘူး။ ဒါပေတဲ့ အဲဒီအိပ်မက်ဟာ အမျိုးသမီးနဲ့ ကျွန်တော့်ကြားက ပတ်သက်ဆက်နွှယ်မှုကို ရိုးတိုးရိပ်တိပ်ပြောပြနေတယ်လို့တော့ ယူဆမိတယ်။
အိပ်ရာပေါ်လှဲရင်း အိပ်မက်ကို ပြန်သုံးသပ်ကြည့်မိတယ်။ ကျွန်တော့်ခေါင်းထဲမှာ ကျန်နေရစ်တဲ့ လန်းဆန်းသာယာကြည်နူးဖွယ်ရာတွေကို အရသာတွေ့နေမိတယ်။ အမျိုးသမီးဟာ ‌တနေရာရာမှာတော့ဖြင့် တယောက်ယောက်ရဲ့ရင်သွေးကို မွေးနေဖွားနေလေမလား။
( ၁၉၂၄ )

ဂျပန်ဘာသာက‌နေ လိန်းဒန်းလော့ပ်နဲ့ ဂျေမာတင်ဟိုးလ်မန်းတို့ ဘာသာပြန်ဆိုပြီး North Point Press ကနေ ၁၉၉၇ ခုနှစ်က တတိယအကြိမ်ထုတ်ဝေထားတဲ့ "Palm-of-the-Hand Stories by Yasunari Kawabata " ထဲက " A Saw and Childbirth " ကို ဘာသာပြန်ပါတယ်။
မိုးမင်းသိမ်း
၁၃ ဩဂုတ် ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar