Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၆ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၆၊ ၂၀၂၁

မြန်မာနိုင်ငံမှာ ဒီနေ့ တနေ့တာအတွင်း အဖြစ်အပျက်တွေကတော့ စစ်တပ်က သတ်ဖြတ်မှုတွေ၊ သတင်းပေး ဒလံလို့ သတ်မှတ်ခံရသူတွေ သတ်ဖြတ်ခံရတာတွေ၊ မင်းတပ်မှာ local PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတာတွေ၊ မြန်မာနိုင်ငံက ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ကြရတဲ့ အဖြစ်အပျက်တွေကို အာဂျင်တီးနားနိုင်ငံတရားရုံးမှာ ကြားနာမယ်ဆိုတဲ့ သတင်း၊ အကျဥ်းထောင်တွေအထဲ ကိုဗစ်ကူးစက်မှု မြင့်တက်လာနေတယ်ဆိုတဲ့ သတင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ အကျဥ်းကျခံနေရစဥ် ကိုဗစ်ကူးစက်မှုနဲ့ ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းတွေဖြစ်ပါတယ်။

နောက်ထပ် သတင်းတပုဒ်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့ ၄၄ လမ်းမှာ လူငယ်တွေနေတဲ့ တိုက်ခန်းကို ဝင်စီးရာမှ လွတ်မြောက်သွားသူ တဦးရဲ့ အင်တာဗျူးက လည်း သတင်းမီဒီယာမှာ ဒီနေ့ည ထုတ်လွှင့်ခဲ့ပါတယ်။

မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက မင်းတပ်ပီဒီအက်ဖ်တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ပွဲဖြစ်နေကြတာ ခုရက်တွေအထိ ဖြစ်ပါတယ်။ မင်းတပ် မတူပီကားလမ်းတလျှောက်က ကျေးရွာမှာ နေသူတွေလည်း တိမ်းရှောင်နေကြရတယ်လို့ သတင်းတွေထဲ တွေ့သလို ကန်ပက်လက်မြို့က ရပ်ကွက်တခုက ကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ အိမ်ထဲမှာနေရင်း ကျည်သင့်ခဲ့တယ်လို့လည်း သတင်းတွေထဲ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့က သတင်းတပုဒ်မှာတော့ မြို့ထဲရဲကား ဖြတ်သန်းချိန် ဗုံးပေါက်ကွဲပြီး ရဲတဦး ဒဏ်ရာရတယ်ဆိုတဲ့ သတင်း၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာပဲ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ဦးခေါင်းဖြတ် အသတ်ခံရတယ်ဆိုတဲ့ သတင်း၊ ထီးချိုင့်မြို့နယ်ထဲမှာတော့ နီကယ်စက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမား ၂ ဦး ဆိုင်ကယ်နဲ့ လမ်းမှာသွားစဥ် အမည်မသိသေနတ်သမားတွေက ပစ်သတ်ခဲ့တာကြောင့် ၂ ဦစလုံး သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရှုရပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်၊ ကနီ၊ ဒီပဲယင်း၊ တန့်ဆည် ၊ မင်းကင်း စတဲ့ နယ်တွေဘက်မှာ နေ့စဥ်လိုလို ကြားသိနေရတဲ့ သတင်းတွေကတော့ စစ်ကောင်စီကို သတင်းပေးတယ်ဆိုတဲ့သူတွေ၊ အုပ်ချုပ်ရေးမှုးတာဝန်ယူသူတွေကို ဒေသခံ ပီဒီအက်ဖ်တွေက လုပ်ကြံသတ်ဖြတ် ရှင်းလင်းနေတဲ့ သတင်းတွေ နဲ့ စစ်ကောင်စီတပ်တွေက ရွာတွေကို ဝင်ရောက် ဖျက်ဆီး၊ လုယူတာတွေ၊ ရွာသားတွေကို ဖမ်းဆီးတာ၊ ရိုက်နှက်နှိပ်စက်တာ သတ်ဖြတ်တာတွေ လုပ်ဆောင်နေကြတဲ့သတင်းတွေ နေ့စဥ်လိုလို ဖေါ်ပြနေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီနောက် ရေးပြချင်တဲ့ နောက်အကြောင်းအရာတခုကတော့ အကျဥ်းကျသူတွေရဲ့ ကိုဗစ်ရောဂါကူးစက်မှု ဖြစ်စဥ်တွေ သေဆုံးမှုတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအစက စလို့ ကိုဗစ်ကူးစက်မှုဟာ အချို့သော မြို့တွေမှာ အကျဥ်းထောင်ပြင်ပမှာ လူဦးရေရဲ့ ၇၀ ရာနှုန်းလောက် ကူးစက်ခံခဲ့ကြရပြီး ဖြစ်သလို အသက်ဆုံးရှုံးသူတွေလည်း ဆုံးရှုံးခဲ့ကြပါပြီ၊ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေထဲက ဆိုရင် ဦးဥာဏ်ဝင်း၊ အခုတဖန် ပဲခူးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ ထပ်မံသေဆုံးရပါပြီ။ တဖန် လတ်တလော အဖမ်းခံရတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်က NLD ရပ်ကျေး အမှုဆောင် တယောက်လည်း ဇနီး ဖြစ်သူကိုဗစ်နဲ့ ကွယ်လွန်ချိန် သူကိုယ်တိုင်လည်း ကိုဗစ်ကူးစက်ခံထားရချိန်မှာ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းကို ဖတ်ရှုရပါတယ်။

အကျဥ်းကျနေစဥ် ကိုဗစ်ကူးစက်ခံရရင် အသက်အန္တရာယ်က ၂ ဆပိုခြိမ်းခြောက်ခံရတယ်လို့ ဆိုရမှာပါ။ ပြင်ပမှာတောင် လိုအပ်တဲ့ ဆေးဝါး ရှာဖွေဝယ်ယူကုသနိုင်တဲ့ အနေအထားနဲ့ ကိုဗစ်မှာ အသက်မဆုံးရှုံးရအောင် အသည်းအသန် ခုခံကာကွယ်နေရတဲ့ အခြေအနေမျိုးမှာ ကန့်သတ်မှုအပြည့်နဲ့ အကျဥ်းထောင် ထဲမှာ ကိုဗစ်ဖြစ်ပွားတဲ့အခါ အသက်အန္တရာယ်ပိုနီးတာပါ။

အပြစ်မရှိပဲ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ကိုဗစ်ကူးစက်ခံရပြီး အသက်တွေဆုံးရှုံးသွားရတာ အတွက် နှမြောစရာ၊ ကြေကွဲစရာ ၊ စိတ်နာစရာ ကောင်းလှတယ်လို့ဆိုရမယ် ထင်ပါတယ်။

နောက်ဆုံး သတင်းတပုဒ်ကတော့ သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းတိုက်ခန်းကို ဝင်စီးတဲ့ ဖြစ်စဥ်မှာ လွတ်မြောက်သွားတဲ့ မောင်ကောင်းမင်းသန့်က မနေ့က တိုင်းရင်းသားလက်နက်ကိုင် နယ်မြေကို ရောက်ရှိသွားပြီး သတင်းမီဒီယာကို အင်တာဗျူးဖြေဆိုခဲ့ပါတယ်။

သူ့ပြောဆိုချက်တွေအရ ၄ ဦးခုန်ချခဲ့တာဖြစ်ပြီး ၃ ဦးအဖမ်းခံရ၊ အသက်ဆုံးရှုံးရတာတော့ ခုချိန်ထိ ၂ ဦးအတည်ပြုနိုင်သေးပြီး အခြား ၂ဦးက ဆေးရုံမှာလို့ ယူဆရပါတယ်။ သူတို့စီးနင်းနေကျ အငှားကား တက်စီသမားကို စစ်ကောင်စီက ခြေရာခံ ဖိအားပေး ခြိမ်းခြောက်ခဲ့တဲ့နောက် တက်စီသမားက လမ်းတည်နေရာကို ပြသခဲ့တာလို့ဆိုပါတယ်။ သူတို့ အဖွဲ့က ဘာတွေ လှုပ်ရှားခဲ့တယ် ဘယ်လို လုပ်ကိုင်ခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေတော့ အင်တာဗျူးမှာ ထုတ်ဖေါ်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ကိုကောင်းမင်းသန့်က DVB သတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ သတင်းမှားတွေကို ပြည်သူတွေ မယုံအောင်၊ သတင်းမှန်တွေ သိရအောင် ထုတ်ဖော်ပြောဆိုတယ်လို့ ဆိုပါတယ်။ ကေအင်ယူ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက သူ့ကို လက်ခံပေးထားတဲ့အတွက် ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။ သူက ကင်ပိန်းလုပ်ငန်းတွေအထဲမှာ သူတို့ကို ခုတုံးလုပ်တဲ့ ကင်ပိန်းအချို့ကို မနှစ်သက်ဘူး၊ သဘောမတူဘူးလည်း ပြောသွားပါတယ်။

နိုင်ငံတကာသတင်းတွေကို ပြန်ကြည့်ရင်တော့ ပြည်တွင်းပြည်ပက မြန်မာပြည်သူတွေ၏ စိတ်အားထက်သန်မှုက အလွန်ကြီးကျယ်မြင့်မားတာကို တွေ့ရပါတယ်။ နွေဦးထီ၊ ယုံကြည်ရာခြေတလှမ်းကံစမ်းမဲ ၂ မျိုးကို သည်တပတ်အတွင်းမှာ ပြည်သူတွေက နိုင်တဲ့ထောင့်ကနေ ကူညီ လှူဒါန်းအားပေးထောက်ခံမှုတွေ ပြသနေကြပါတယ်။ ထီထိုးတာ ကံစမ်းမဲထိုးတာ အလွန်ကို ထူးဆန်းအံ့ဩစရာကောင်းတယ်လို့ အလှူခံတဦးက ပြောပါတယ်။ လူတွေ ဆုကြေးက ဘယ်လောက်လဲ၊ ကံစမ်းမဲ ဘာဖောက်မှာလဲ တခွန်းမှ မမေးကြဘူး။ ထီဆို ထိုးလိုက်တာပဲ၊ ကံစမ်းမဲဆိုလည်း ဝယ်ထားလိုက်တာပဲ။ အရေးကြိးတာက သူတို့အားပေးလိုက်တဲ့ ထီလက်မှတ် ကံစမ်းမဲလက်မှတ်ကို အမှတ်တရ ဂုဏ်ယူစွာ သိမ်းဆည်းဖို့ အမှတ်တရတောင်းယူတာပဲ ဖြစ်ပါတယ်။ ပြည်ထဲရေးအတွက် ကာကွယ်ရေးအတွက် ပီဒီအက်ဖ်အတွက်ဆိုရင် ပြည်သူတွေက စိတ်အားထက်သန်စွာ လှူဒါန်းကြတာ ထောက်ခံမှုပြသကြတာကို တွေ့နေရပါတယ်။ အခုချိန်မှာ ချိတ်ဆက်မှုတွေ အဆက်အသွယ်တွေ အားကောင်းခိုင်မာနေပြီမို့ ပြည်သူတွေ၏ ကိုယ့်နည်းကိုယ်ဟန်နဲ့ လှူကြ ထောက်ခံကြတဲ့အလှူတွေ စီးဆင်းမှုတွေ ရှိနေတာကို အားရတယ်လို့ လှုပ်ရှားသူတဦးက မှတ်ချက်ပေးပါတယ်။

နိုင်ငံခြားသတင်းထဲမှာကတော့ အာဖဂနစ္စတန်၏ ရွေးကောက်ခံအစိုးရတရပ် ရက်အနည်းငယ်အတွင်း အတိုက်အခိုက်မရှိ သူပုန်တာလီဘန်၏ ဖယ်ရှားခံလိုက်ရတာ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေ မဟာမိတ်တွေ စည်းကမ်းတကျ ဆုတ်ခွာလို့တော့ မပြီးသေးဘူး၊ တာလီဘန်သူပုန်တွေက ပြည်သိမ်းဖို့ ချီတက်လာတာ မြို့တော်ကို ရောက်ရှိလာပါတယ်။ မနေ့ကပဲ မြို့တော် ကဘူး ကျပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေက ဒီနေ့မှာ အသည်းအသန်ကို မိသားစုတွေအပါအဝင် အကုန်အစင် လေကြောင်းကနေ ခေါ်ထုတ်နေကြပါတယ်။ ကျန်ရစ်သူ အာဖဂန်ပြည်သူတွေဟာ အားကိုးရာမဲ့ ဖြစ်ရပါတယ်။ လက်ရှိရွေးကောက်ခံအစိုးရ အာဏာလက်လွှတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားပါတယ်။ အမေရိကန်သမ္မတ ဘိုင်ဒင်ကတော့ သူတို့လုပ်ရပ်ကို ကာကွယ်ပြောဆိုရာမှာ အာဖဂန်ပြည်သူ အာဖဂန်အစိုးရ အာဖဂန်စစ်တပ်တို့က မိမိကိုယ်ကို ကာကွယ်ကြဖို့ တွန်းလှန်ကြဖို့ တာဝန်ရှိတယ်၊ သူတို့ကိုယ်တိုင်က မတိုက်ခိုက်လိုရင် အမေရိကန်နဲ့ မဟာမိတ်တွေလည်း မတတ်နိုင်ဘူး လို့ မှတ်ချက်ပေးပါတယ်။ တရုတ်အစိုးရကတော့ တာလီဘန်သာ အစိုးရဖြစ်လာရင် သူတို့က မိတ်ဆွေအဖြစ် ဆက်ဆံရေးထူထောင်မယ်လို့ ပြောလိုက်ပါတယ်။ မြန်မာပြည်သူတွေ၏ ကိုယ့်အားကိုယ်ကိုး စစ်အာဏာရှင်အကြမ်းဖက်တွေကို နည်းမျိုးစုံနဲ့ တွန်းလှန်တိုက်ခိုက်မှုတွေ၊ တပြည်လုံး အုံကြွမှုတွေနဲ့ အာဖဂန်ပြည်တွင်းအရေးကို နှိုင်းယှဉ်လိုက်ရင်တော့ မြန်မာပြည်သူတွေ၏ တော်လှန်ရေးစိတ်ဓာတ်၊ ရုန်းကန်လှုပ်ရှား အဆက်မပြတ် တိုက်ပွဲဝင်နေမှု၊ လွတ်မြောက်လိုစိတ်အင်အား၊ ခေါင်းဆောင်မှုပေးနေတဲ့ နယ်ပယ်အသီးသိးက တော်လှန်ရေးအင်အားများ၏ ထက်သန်မှုကို အလေးဂရုပြုရမှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar