Breaking News

မိုးမခကဗျာ - ဖိုးရွှေညီမှိုင်း၊ နေ ထက် နိုင်၊ အုပ်မိုး

မိုးမခကဗျာ
သြဂုတ် ၂၂၊ ၂၀၂၁

" လူစိတ် "
ဖိုးရွှေညီမှိုင်း

လူ့သမိုင်းမှာ အဆုံးသတ်ဆိုတာမရှိဘူး
ကမ္ဘာဂြိုဟ်ပေါ်မှာ လူတွေမရှိတော့မှ
လူ့သမိုင်း အဆုံးသတ်လိမ့်မယ်။
စစ်တွေဖြစ် လူတွေသေ
မသေသူတွေကျန်
ကျန်သူတွေ လူ့သမိုင်း ဆက်ရေးကြတယ်။
လူတွေ ပြောင်းလဲတိုင်း
လူ့သမိုင်းဟာ ပြောင်းလဲ
အမြဲပြောင်းလဲနေတာ လူတွေ။
လူကို ခေတ်က ပြောင်းလဲလို့မရ
လူကသာ ခေတ်ကို ပြောင်းလဲနိုင်တယ်
အမြဲပြောင်းလဲနေတာ လူတွေ။
လူတန်းစားတခုက
တခြားလူတန်းစားတရပ်ကို ဖိနှိပ်
ဒီလိုဖိနှိပ်ဖို့ လုပ်ထားတဲ့ ကိရိယာကို
အစိုးရလို့ ခေါ်ကြရဲ့။
အစိုးရကို အစိုးရဖို့
ဘယ်သူတွေ တင်မြှောက်သလဲ
ရင်တွေ မြင့်မောက်တက်လာတဲ့အထိ
ဒေါသတွေ အပြည့်နဲ့။

၂၀၂၁ သြဂတ်စ် ၂၀

...

" ဓမ္မဟာ စီးဆင်းလျက် "
​​ နေ ထက် နိုင်

မျောက်ပြ ဆန်​တောင်း စားတဲ့ သူက
ဆန်ကို​တော့ ​ရောင်းနိုင်တယ်
​မျောက်ကို​တော့ မ​ရောင်းနိုင်ဘူးတဲ့
စစ်ပွဲ​တွေ​ကြောင့် 
စီးပွားဖြစ်​နေတဲ့ စစ်ဘီလူးက
ငြိမ်းချမ်း​ရေးကို
​ကျောခိုင်းတယ် 
လက်ဝဲ လက်ယာ အစွန်း​နှစ်ဘက်အကြား
ဖြူစင်​​မွှေးမြသော ​
မေတ္တာပန်းများ အချိန်အခါမလင့်
လှလှပပ ပွင့်​စေချင်တာ
အမှန်ပါပဲ ။

သြဂုတ်၂၁ ၂၀၂၁

...

" အမ်စတာဒမ်ကိုသွားချင်တယ် "
အုပ်မိုး

ကျွန်းစားပွဲကြီးကိုမ,ပြီး
ငါတို့ အမ်စတာဒမ်ကိုသွားမယ်။
လက်ဖဝါးကိုခွက်ပြီး
လက်ညှိုးနဲ့လက်မကြားက
ညှပ်ထားတဲ့ကြယ်နီလည်းထားခဲ့..။
မုတ်ဆိတ်နဲ့ပါးသိုင်းတွေမရိတ်လည်း
အိပ်မငိုက်ဖို့တော့ လေယာဥ်ကြီးလည်းတောင်းပန်ထားရမှာပဲ။
တက်တူးတွေကိုနှုတ်ပိတ်ပြီးခေါ်ခဲ့မှ
လေယာဥ်မယ်လေးနားထဲမှာငါ့ကိုပဲကြားမှာ။
အမ်စတာဒမ်ဟာ လိမ်မော်ရောင်ထဲကထိုးထွက်လာတဲ့ပေါင်တံ
ဒတ်ချ်တွေရဲ့ တိမ်ကချေသည်။
လမ်းကြိုလမ်းကြားပါချန်ထားလို့မရ
အမည်တွေလေ့လာထားရမယ်။
စိတ်ကူး ပေါက်ကြားမှု့နဲ့
ခြေရာခံပြီး နောက်ယောင်မလိုက်လောက်ပါဘူးနော့။
ရင်ဘတ်နဲ့နီးနီး တီရှပ်အကျ်ီအပေါ်
ရေမကြိုက်တဲ့အမြစ်လို့ မြန်မာလိုစကက်ခြစ်ပြီး
နောက်ကျောမှာ ဖိုးအင်ဝမ်းလို့
ဒတ်ချ်ဘာသာနဲ့ရိုတ်နှိပ်မယ်။
ကလွှိုက်ဘတ်နဲ့အဂ္ဂါဒေးဗစ်ကိုတွေ့အောင်ရှာပြီး
ဒီကဘောလုံးအကြောင်းကို ဖောက်သည်ပြန်ချရမယ်။
ဒါမှ.အပြန်ကျရင်မျိုးစေ့တွေတောင်းလို့ကောင်းမှာ။
ငါ့တို့ဆီက ကမ္ဘာကျော်တွင်းထွက်ကိုသူတို့သိပါ့မလား။
သယံဇာတလို့ရင်ကော့ခါထုတ်ကြွားစရာက
စွန့်ခြင်းကြီးငါးပါးနဲ့ငြိမ်းချမ်းရေးဆုတွေပိုက်ပြီး
သွန်းလောင်းထုဆစ်ထားတဲ့ရင်ဖုံးတထည်ပဲရှိတယ်။
တခုခုကိုပြီးအောင်စောင့်နေရင်
တခေါက်မှမရောက်လိုက်မှာလည်းစိုးတယ်။
မီးရထားခရီးက အမ်စတာဒမ်ထိမနီးလည်း
ငါတို့ဆောက်တည်သောဘူတာမှာ
ကုက္ကိုလ်တွေအခါခါသီး
ပွင့်စိမ်းချွေ၊အရွက်တွေလည်းဝါပြီးကြွေခဲ့ပြီ။

ကိုယ့်ကိုကိုယ်ချဥ်းကပ်ခွင့်နဲ့
မင်းကောငါကော ရေးသူဖတ်သူအဖြစ်
ဒီကဗျာထဲမှာရှိနေတယ်။

21.8.2021

...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar