Breaking News

မိုးမခကဗျာ ၂- စံညိမ်းဦး " ချစ်သမျှကို "၊ လူအောင်(ဝမ်းတွင်း) " မြင်းရိုင်းများ "

Image- Crd
မိုးမခကဗျာ
သြဂုတ် ၂၈၊ ၂၀၂၁

" ချစ်သမျှကို "
စံညိမ်းဦး

ပင်ပမ်းကြီးစွ
တောတိုင်းမှာ
စန္ဒကူးပန်းတွေ တအားပွင့်တဲ့ ဒီဘက်နှစ်ထဲ
လောကပါလ နတ်တွေကတောင်
လက်အုပ်ချီ ​ကြရပါတယ်။
ယုံကြည်ချက် အင်ဖက်ဖားဖားကြီးတွေမှာ
မိုးရေစက်ကလေးတွေလို တွဲလဲခိုလို့
( တစက်ချင်း အားတွေတင်းကြ) ၃
သူတို့က
သူတိူ့ ဖျားနေတောင်
သူတို့တိုင်းပြည်ကို
ကျန်းမာစေချင်ကြသူတွေ။
သူတို့က
သူတို့ ငှက်ပျောအူနဲ့စားနေတောင်
သူတို့တိုင်းပြည်ကို
နတ်သုဒ္ဓါနဲ့အူစိုစေချင်ကြသူတွေ။
တန်ဖိုးကြီးစွ
တောင်တိုင်းမှာ
ပတ္တမြားတွေ တအားပွင့်တဲ့ ဒီဘက်နှစ်ထဲ
လောကပါလနတ်တွေကတောင်
ကန်တော့ကြရပါတယ်။
ရဲရင့်ခြင်း ကျောက်သားနံရံမှာ
မဖောက်ပြန်တဲ့ ပုံတူတွေကိုရေးလို့
( လက်ဖျံချင်း တင်းတင်းချိတ်ကြ) ၃
သူတို့က
သူတို့တဲကလေးမိုးမလုံနေတောင်
သူတို့တိုင်းပြည်ကို
မိုးမမိစေချင်ကြသူတွေ။
သူတို့က
သူတို့အသက်မဲ့ခဲ့တောင်
သူတို့တိုင်းပြည်ကို
ထာဝရရှင်စေချင်ခဲ့ကြသူတွေ။

၂၇၈၂၁

...

" မြင်းရိုင်းများ "
လူအောင်(ဝမ်းတွင်း)

အောက်ပြည်အောက်ရွာမှာဆို
လွှေးတို့ မာသစ်တို့ မာန်လေးတို့ မိုးဉာဏ်တို့လို

အထက်အညာက လာတော့
ခန့်ဝေး.. လွန်းအိမ် .. လွမ်းသူ ... ဆာမွန်ဝေး ... စသည်

အသက်ပေးသူ ပေးသွားခဲ့
ဒီနွေဦးထဲ ဦးလည်မသုန်

ကဗျာမို့ မာလည်းမာ
ကဗျာမို့ လွမ်းလည်းလွမ်း

ခွာသံပြင်း ကဆုန်ဆိုင်း
ငါ့ချစ်မက်ရာ မြင်းရိုင်းတွေ။

28-8-2021.3:15am
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar