မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆ လ ၂၇ ရက်မြောက်နေ့မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆ လ ၂၇ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၇၊ ၂၀၂၁
(မိုးမခ) ဩဂုတ် ၂၇၊ ၂၀၂၁
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က တချို့ထွက်ပြေးကြပြီ စီဒီအမ် လုပ်ချင်သူတွေ ဘယ်လောက်ရာနှုန်းရှိတယ်၊ စစ်သားတွေ စိတ်ဓါတ်ပျက်ပြားနေကြပြီဆိုတဲ့သတင်းတွေ ခုသီတင်းပတ်တွေမှာ သတင်းတွေမှာရော လူမှုကွန်ရက် မီဒီယာ ဖေ့စ်ဘွတ်ခ်လိုမျိုးမှာ ရေးသားနေကြတာတွေ့ မြင်ကြရပါတယ်။
သရက်မြို့နယ်က စစ်လက်နက်စက်ရုံက အရာရှိနဲ့တပ်သား လက်နက်ယူပြီး ထွက်ပြေးတယ်ဆိုတဲ့သတင်း၊ ထားဝယ်မြို့အနီးက ခြေလျင်တပ်ရင်းတခုက အရာရှိ အကြပ်တပ်သားတွေ ထွက်ပြေးတယ်ဆိုတဲ့သတင်းအပြင် အခြားသော ဟိုနေရာ သည်နေရာမှာ စစ်ကောင်စီတပ်ဘက်က ၂ ဦးစ ၃ ဦးစ ထွက်ပြေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
သရက်မြို့နယ်က စစ်လက်နက်စက်ရုံက အရာရှိနဲ့တပ်သား လက်နက်ယူပြီး ထွက်ပြေးတယ်ဆိုတဲ့သတင်း၊ ထားဝယ်မြို့အနီးက ခြေလျင်တပ်ရင်းတခုက အရာရှိ အကြပ်တပ်သားတွေ ထွက်ပြေးတယ်ဆိုတဲ့သတင်းအပြင် အခြားသော ဟိုနေရာ သည်နေရာမှာ စစ်ကောင်စီတပ်ဘက်က ၂ ဦးစ ၃ ဦးစ ထွက်ပြေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
သတင်းဌာနတွေအနေနဲ့လည်း တချို့သတင်းတွေက စိစစ်အတည်ပြုရခက်ခဲတာကြောင့် ရတဲ့ သီးခြားအတည်မပြုနိုင်တဲ့ သတင်းအချက်အလက်အနေနဲ့ပဲ ဖေါ်ပြကြတာမျိုးလည်း သတိပြုမိပါတယ်။
ဒီလို သတင်းတွေထွက်ပေါ်လာတာဟာ စစ်ကောင်စီတပ်က စိတ်ဓါတ်ပျက်ပြားနေတဲ့အခြေအနေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီလိုစိတ်ဓါတ်ပျက်ပြားတာ စိတ်ဓါတ်ကျတာ ဘယ်လောက်အတိုင်းအတာ ထိကျယ်ပြန့်စွာ ဖြစ်နေလဲဆိုတာတော့ ပြောရခက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထဲက တပ်ဖွဲ့ဝင်တွေကို မြန်မာ့အသံ၊ မြဝတီ၊ ကြေးမုံ၊ မြန်မာ့အလင်းတို့ကလွဲလို့ ပြင်ပသတင်းမီဒီယာတွေ မကြည့်ကြ နားမထောင်ကြဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ညွှန်ကြားခဲ့တာတွေ ရှိပြီး ကိုဗစ်တတိယလှိုင်း ကူးစက်မှုအစမှာကတည်းက တပ်မိသားစု တပ်ရင်းတပ်မတွေရဲ့ အဝင်အထွက်တွေကိုပါ တာဝန်ကလွဲရင် လော့ခ်ဒေါင်းချထားလိုက်တယ်လို့လည်း ကြားသိနေရပါတယ်။
မြန်မာနိုင်ငံ အနှံ့အပြားမှာ တပ်က ဖြိုခွဲ၊ ဖမ်းဆီး သတ်ဖြတ်၊ ပစ္စည်းလုယူ၊ ငွေကြေးတွေ့ရင် ဥပဒေမဲ့ သိမ်းယူခွဲဝေတာမျိုးတွေ လုပ်ဆောင်နေကြတာ၊ လူအများရဲ့ တပ်ပေါ်အမြင် မုန်းတီးမှု၊ ရွံ့ရှာမှု၊ အတိုက်အခံ လှုပ်ရှားမှုရဲ့ အကြောင်းတွေကို မသိရှိရအောင် တတ်နိုင်သရွေ့ သတင်းအချက်အလက် ဖြတ်ထားတယ်လို့ ယူဆရပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အလစ်အငိုက် တိုက်ခိုက်ရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက စခန်းတွေကို တိုက်ခိုက်သိမ်းယူတာ၊ တနေရာနဲ့တနေရာ စစ်သားတွေ အကူးအပြောင်းမှာ အလစ်အငိုက်တိုက်ခိုက်တာတွေကြောင့် အကျအဆုံးများတာကြောင့်လည်း စစ်တပ်က စိတ်ဓါတ်ပျက်ပြားလာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒီလိုတဖက်မှာ ဖြတ်ထားပေမယ့်လည်း တပ်တွေမှာပါဝင်နေတဲ့ စစ်သားတွေ ဘာလုပ်တယ်ဆိုတာ တပ်အချင်းချင်း အသိဆုံးဖြစ်ပါတယ်။ အလားတူပဲ တပ်မိသားစုတွေလည်း တနည်းမဟုတ်တနည်းနဲ့ သိကြမှာပဲ ဖြစ်ပါတယ်။
တပ်ဟာ စိတ်ဓါတ်ရေးအရ အခြေအနေမကောင်း၊ စည်းရုံးမှု၊ သူတို့ လုပ်ဆောင်နေတဲ့အပေါ် သူတို့ ယုံကြည်မှုမရှိတော့ဘူးဆိုခဲ့ရင် ဒီအခြေအနေကို NUG ဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ကိုယ့်အတွက် အကျိုးရှိအောင် အသုံးချတတ်ဖို့လိုပါလိမ့်မယ်။ တပ်ရဲ့ ပြိုကွဲနိုင်တဲ့အနေအထားက ဘယ်လောက်ရာနှုန်းရှိသလဲ၊ အဲဒီလိုအနေအထားကနေ ဖြစ်နိုင်ခြေတွေတခုမက ရှိနိုင်ပြီး အဲဒီဖြစ်နိုင်ခြေတွေကိုလည်း ထည့်သွင်းစဥ်းစားထားဖို့ လိုအပ်မယ်ထင်ပါတယ်။
တချို့သော အခြေအနေမှာ ပြိုကွဲမှုက မိမိတို့လိုလားတဲ့အကျိုးအတွက် အထောက်အကူ မဖြစ်လာပဲ အခြားသော လားရာတခုကို ဦးတည်သွားတာမျိုးလည်း ဖြစ်နိုင်ခြေတွေ ရှိတာကြောင့် ဖြစ်ပါတယ်။
အာဏာလေဟာနယ် ဖြစ်တဲ့အခါမှာ အင်အားရှိတဲ့သူတွေက နေရာဝင်ယူတာမျိုး၊ စုစည်းနေတဲ့ ဗဟိုအင်အားစု တခုကနေ အင်အားအလယ်အလတ်ရှိတဲ့ မိမိတို့နဲ့ အကျိုးစီးပွားခြင်းဆန့်ကျင်တဲ့ အင်အားစုတွေ အဖြစ်ပြိုကွဲသွားတာမျိုးလည်း ဖြစ်နိုင်ခြေရှိတာကို မှန်းဆတွက်ချက်ထားဖို့ လိုမယ်ထင်ပါတယ်။
နိုင်ငံရေးမှာ စုစည်းမှုရှိသော ၊ အားကောင်းသော၊တဲ့ ဦးတည်ချက်မှန်ကန်သော အင်အားစုဖြစ်ဖို့ဆိုရင် တဖက်ရဲ့ ပြိုလဲမှုကို ထိုင်စောင့်နေတာမျိုး အခွင့်အလမ်းကို စောင့်ဆိုင်းနေတာမျိုးနဲ့တင် ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ နိုင်ငံရေးအရ စည်းရုံးမှု ဖွဲ့စည်းမှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ တဖက်ရဲ့ ပြိုကွဲမှုဖြစ်ပွားချိန်မှာ မိမိတို့မှာ စုစည်းအားကောင်းတဲ့ အင်အားစု အဆင်သင့်မဖြစ်ခဲ့ရင် အခွင့်အလမ်းက အခြားသော အင်အားစုတွေအနေနဲ့ လစ်ဟာနေတဲ့ နေရာကို ဝင်ယူသွားတာမျိုးလည်း ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။
ကမ္ဘာမှာ ဖြစ်ပွားခဲ့တဲ့ ပြိုလဲတဲ့ နိုင်ငံအချို့ရဲ့ နမူနာရှိပါတယ်။ အင်အားကြီး အစုအဖွဲ့တခုကနေ ပြိုကွဲပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေ တဖွဲ့မက ကွဲထွက်ပြီး ဘယ်သူမှ ပြန်လည် စုစည်းမတည်ဆောက်နိုင်တော့တဲ့ ကျရှုံးနိုင်ငံနမူနာတွေ ခေတ်သစ်သမိုင်းမှာတင် မြင်တွေ့နေကြရ တာလည်း သတိပြုဖို့လိုတယ်လို့ အကြံပြုလိုပါတယ်။
ဒီနေ့မှာ ဖြစ်ပျက်တဲ့ သတင်းတွေထဲမှာတော့ ရန်ကုန်မြို့ရဲ့ မြို့နယ်တချို့မှာ လျှပ်တပြက် ဆန္ဒပြမှုတွေ ရှိခဲ့ပြီး ဖမ်းဆီးခံရမှုတွေလည်း ရှိတယ်ဆိုတဲ့သတင်း၊ ယနေ့နံနက်ပိုင်းက တာမွေမြို့နယ်မှာ ဆန္ဒပြတာတွေဖြစ်ခဲ့ပြီး မိနစ်ပိုင်းအတွင်း စစ်တပ်နဲ့ ရဲတွေရောက်လာပြီး ဖမ်းဆီးတာတွေလုပ်ခဲ့ပြီး လမ်းသွားလမ်းလာတဦး ဖမ်းခံလိုက်ရတယ်လို့ သတင်းဖေါ်ပြမှုမှာ တွေ့ရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း တန့်ဆည်မြို့နယ်က ကျေးရွာတရွာမှာတော့ စစ်ကောင်စီတပ်တွေ ရွာထဲဝင် ပစ်ခတ်၊ နေအိမ်အချို့မီးရှို့ပြီး လူနေအိမ်ထဲက ပစ္စည်းတွေဖျက်ဆီးတာ ယူငင်တာတွေ ရှိတယ်ဆိုတဲ့သတင်း၊ အချို့ကို ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတွေ ဖေါ်ပြထားကြပါတယ်။
မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းထဲက ယင်းမာပင်၊ ကနီ၊ ခင်ဦး၊ ကောလင်း၊ တန့်ဆည်၊ ဒီပဲယင်း ၊မင်းကင်း စတဲ့ မြို့နယ်တွေဟာ စစ်ကောင်စီတပ်တွေကို ပီဒီအက်ဖ်တွေက ကြားဖြတ်တိုက်ခိုက်တာတွေ မကြာခဏရှိနေပြီး စစ်ကောင်စီတပ်တွေကလည်း အညှိုးကြီးစွာနဲ့ ပစ်ခတ် လူဆယ်နဲ့ချီ တနေရာထည်း သတ်ဖြတ်မီးရှို့တာတွေ လုပ်ဆောင်တာ၊ နေအိမ်တွေဖျက်ဆီးတာ ပိုင်ဆိုင်မှုတွေလုယူတာတွေ လုပ်နေတာကြောင့် လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲ အသွင်နဲ့ ရေရှည် ဖြစ်ပွားလာမယ့် နယ်မြေဒေသတွေ ဖြစ်လာနေတာ သတိပြုမိပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar