Breaking News

မိုးမခကဗျာ - မိုး သက် ငြိမ် ဦး " နွေဦးထဲ "

Art - Than Htay Maung
မိုးမခကဗျာ
သြဂုတ် ၂၆၊ ၂၀၂၁

နွေဦးထဲ
မိုး သက် ငြိမ် ဦ

ဒီနွေဦးဟာ
သေမထူးနေမထူးပဲ 

ငါသေခဲ့ရင်ကောင်းနေသေးတဲ့
ငါ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုလှူထားပြီးသား

လမ်းတွေပေါ်ကအရေးတော်ပုံလှုပ်ရှားမှုမှာ
ငါရှိနေမယ်
ဘဝဂ်တိုင်တဲ့ကြွေးကြော်သံတွေမှာ
ငါရှိနေမယ်
စစ်အာဏာရှင် အလိုမရှိလက်သီးလက်မောင်းတန်းရာမှာ
ငါရှိနေမယ်

ငါ့ဦးခေါင်းကိုသေနတ်နဲ့ပစ်လို့ရပေမယ့်
ငါ့အသိဉာဏ်ကိုနုတ်ယူလို့မရ
ငါ့လက်ရုံးကိုရိုက်ချိုးနိုင်ပေမယ့်
ငါ့ယုံကြည်ချက်ကိုဖျက်ဆီးလို့မရ
ငါ့အသံဟာ ငါ့အလံပဲ

နွေဦးထဲ
သွေးဟာ နီစွေးခဲ့

နွေဦးထဲ ဖူးဖို့ပွင့်ဖို့
နွေဦးထဲ ခူးဖို့ဆွတ်ဖို့

ငါသေရင်တောင် ကမ္ဘာမကြေဘူး
နွေဦးအရေးတော်ပုံ အောင်ရမည် ။ ။


3.3.2021

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar