Breaking News

မျိုးတေဇာမောင် - ပင်လယ်ရေခဲတောင်ရဲ့ မမြင်ရတဲ့အပိုင်း

Art- Than Htay Maung
ပင်လယ်ရေခဲတောင်ရဲ့ မမြင်ရတဲ့အပိုင်း

သစ်ရွက်တွေ တဖြုတ်ဖြုတ်ကြွေကျနေတဲ့
သစ်ပင်အိုကြီးတစ်ပင်လို ဟော့ဒီနေ့ရက်တွေ
ဘယ်လို ဖွဲ့နွဲ့မှုမျိုး နဲ့ ညနေ ကိုဖွဲ့ရမလဲ။

အိပ်မက်ဟာ တံခါးတစ်ချပ်ပါ
ဖွင့်ပြီး ဝင်သွားလိုက်ရုံ
ဖွင့်ပြီး ထွက်ခွာခဲ့လိုက်ရုံ။

လက်ကိုင်ဖုန်းထဲ မှတ်ထားတဲ့နံပါတ်တွေကို
တခုပြီးတခုခေါ်ကြည့်တဲ့အခါ
ကျန်းမာသန်စွမ်းတဲ့ နှုတ်ဆက်သံများ
ကြားချင်ပါဘိ။

ကမ္ဘာကြီးမှာ 
ဘဝ အကြိမ်ကြိမ်
ဒုက္ခအကြိမ်ကြိမ်
ငရဲအကြိမ်ကြိမ်
လောကနိဗ္ဗာန်စိတ်ကူးအကြိမ်ကြိမ်။

အဝေးကိုထွက်ခွာသွားတဲ့
ကုန်တင်ကားအိုကြီးတွေ ရဲ့ အိပဲ့အိပဲ့ သဏ္ဍာန် 
မြူခိုးတိမ်သားထဲ မြင်နေရဆဲ။

နိုးနိုးကြားကြားရှိရင်း
တက်တက်ကြွကြွလွမ်းနေရတာကိုက
ဒီခေတ်ရဲ့ မူလဟန်ပန်။

ငါတို့ဟာ ချန်ပီယံတွေပဲ ၊သူငယ်ချင်း
ငါတို့ အဆုံးထိဆက်တိုက်ကြမယ်*
အဲ့သလိုနဲ့
နှင်းဆီပန်းဖြူဖြူတွေ...
ဟိုးရှေ့မှာ တစ်ခင်းကြီး။

မျိုးတေဇာမောင်
*We Are the Champions
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar