Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၉ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၉၊ ၂၀၂၁

လူ့အရင်းအမြစ်ဆုံးရှုံးမှုများနဲ့ ကိုဗစ်အလွန်ကာလ


ကိုဗစ်ကူးစက်ကပ်ရောဂါက ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးရှိတဲ့ ရတနာသိုက်တွေကို ချွေယူသယ်ဆောင်သွားခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါက တန်ဖိုးရှိတဲ့သူချည်းရွေး ချွေချသွားတဲ့သဘောလို့တော့ ဆိုလိုတာမဟုတ်ပါဘူး။ အသက်အရွယ်ကြီးရင့်သူ၊ လူလတ်ပိုင်း စတဲ့ လူ့အသက်ပေါင်း များစွာ ကိုဗစ်ကပ်ရောဂါက ချွေယူသွားတဲ့အထဲ လူ့အဖွဲ့အစည်းအတွက် ကိုးကားရတဲ့ သက်ရှိစာအုပ်တွေ၊ သက်ရှိ သမိုင်းမှတ်တမ်းတွေ၊ သက်ရှိ အတတ်ပညာရှင်တွေ၊ စာပေ အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ ပါဝင်သွားတာကို ရည်ရွယ်လိုရင်း ဖြစ်ပါတယ်။

လူတိုင်းလူတိုင်း ရဲ့ အသက်တွေက တန်ဖိုးရှိကြသည်ချည်း ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွက် အတတ်ပညာ ဆိုင်ရာ ကိုးကားစရာ အနုပညာဆိုင်ရာ ကိုးကားစရာ သက်ရှိပုဂ္ဂိုလ်တွေ၊ အတတ်ပညာ လက်ရာတွေ၊ စာပေ အနုပညာလက်ရာတွေကို လူ့အသိုင်းအဝိုင်းတွက် ဆက်လက်လုပ်ဆောင်နေကြသူတွေ ကိုဗစ်ကပ်ရောဂါနဲ့ ကွယ်လွန် ဆုံးရှုံးသွားကြတာက နှမြောတသဖွယ် ဝမ်းနည်းဖွယ် ဖြစ်ပါတယ်။

ခုရက်ပိုင်း ဇူလိုင်လတလလုံး အသေအပျောက်များခဲ့တဲ့ ရန်ကုန်မြို့မှာ အသစ်ကူးစက်မှု ၊ သေဆုံးမှု ကျဆင်းလာနေပြီလို့ အချက်အလက်တွေက ညွှန်ပြနေသည့်တိုင် ကူးစက်ခံထားရတဲ့ ဒဏ်နဲ့ နောက်ဆက်တွဲ သေဆုံးမှုတွေရှိနေဆဲဖြစ်တာကို လူသိများတဲ့ အနုပညာရှင်၊ စာပေပညာရှင်တွေ ကွယ်လွန်နေကြတာကို ကြည့်ရင် သိနိုင်ပါတယ်။ ကိုဗစ်ဖြစ်ပြီး နလန်ထ ပြန်လည်ထူထောင်ရေးကို စနစ်တကျ မလုပ်နိုင်ကြတာကြောင့် ရုတ်တရက်ကွယ်လွန်ဆုံးပါးကြတဲ့ ဦးရေတွေကို တွေ့နေရတာ ဖြစ်ပါတယ်။

ဒီနေ့တနေ့ထဲ စတီရီယိုခေတ် အဆိုတော်ကြီး တက္ကသိုလ်အေးမောင်၊ ကဗျာဆရာ အောင်ချိမ့်၊ မန္တလေးက စာရေးဆရာ ညီစေမင်းနဲ့ ဒေါက်တာကိုကိုကြီး အပါအဝင် အခြားသော စာပေနဲ့ အနုပညာနယ်ပယ်က သူတွေ ၄/၅ ဦးတနေ့ထဲ ကွယ်လွန်ခဲ့ကြတာ ဝမ်းနည်းဖွယ်ကြားသိရပါတယ်။

ကိုဗစ်က ချွေယူသွားတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ အဖိုးတန် လှတဲ့ ဦးနှောက်တွေ၊ စာပေ အနုပညာ ဖန်တီးသူတွေ၊ လူ့အဖွဲ့အစည်းတာဝန်ထမ်းဆောင်ခဲ့ ထမ်းဆောင်ဆဲ အတတ်ပညာရှင်တွေ၊ နိုင်ငံရေး သမားတွေကို တလကျော်ကာလအတွင်း ရက်သတ္တပတ်အနည်းငယ်အတွင်း တနေ့ထဲ အချို့လည်း ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြတာ ကြားသိနေရတာကိုက တသက်မှာ တခါမျှမကြုံဖူးတဲ့ နှမြောတသမှု၊ ကြေကွဲမှု အဖြစ်ခံစားကြရပါတယ်။

ဒီစာရင်းတွေ မဆုံးနိုင်သေးဘူးလား ၊ ထပ်မတိုးပါစေနဲ့တော့လို့ စိတ်ထဲ ဆုတောင်းနေပေမယ့်လည်း ဆုတောင်းက မပြည့်နိုင်သေးပါဘူး။ တရက်တရက် ထပ်ကြားသိလာနေရတဲ့ အထဲ တန်ဖိုးထားရသူတွေ အစားထိုးလို့မရတဲ့သူတွေရဲ့ အမည်တွေ ထပ်ပါလာနေဆဲ မို့လို့ဖြစ်ပါတယ်။

တဖက်မှာ ခုလို ဖြစ်ရတဲ့အကြောင်းရင်းကို သတ္တုချ ကြည့်ရင်တော့ နံပါတ်တစ်က အစိုးရလို့ သူ့ဟာသူခေါ်ဝေါ်ပေမယ့် အစိုးရဆိုတဲ့ အင်္ဂါရပ်နဲ့ လုံးဝမကိုက်ညီတဲ့ အာဏာသိမ်းစစ်ကောင်စီ ရဲ့ စီမံခန့်ခွဲမှု ဖြစ်ပါတယ်။ ကာကွယ်မှု ကုသမှု ၂ မျိုးစလုံးမှာ လုံးဝနီးပါး သုညဖြစ်ခဲ့တာက အကြောင်းရင်း နံပါတ်တစ် ဖြစ်ပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဧပြီ မေလတွေကတည်းက ရောဂါလက္ခဏာ ပြင်းထန်ပြီး ကူးစက်မှု မြန်ဆန်တဲ့ ဒယ်လ်တာလို့အမည်ပေးထားတဲ့ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲ ဖြစ်ပွားနေပေမယ့် နယ်စပ်ကုန်သွယ်မှု၊ ကူးသန်းမှု ရှိနေတဲ့ မြန်မာနိင်ငံအနေနဲ့ သွားလာမှု ကူးစက်မှုကို စောင့်ကြည့်စစ်ဆေးတာတွေ လုံးဝလုပ်နိုင်ခြင်း လုပ်ဆောင်ခြင်းမရှိခဲ့တာပါ။

တဖက်မှာ နိုင်ငံရေးအာဏာကို ချုပ်ကိုင်နိုင်ဖို့ပဲ ရှိသမျှ အင်အားအားလုံး သုံးစွဲနေတာဖြစ်လို့ အခုလို ကူးစက်ကပ်ဘေးရဲ့ အန္တရာယ်ကို ကာကွယ်မှု မလုပ်ခဲ့တာ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာလည်း အရင်းအမြစ်တွေ စုစည်းပြင်ဆင်ထားနိုင်ခြင်း မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုက ပြိုလဲလုလု ဖြစ်နေတဲ့ အခြေအနေက အုံနဲ့ကျင်းနဲ့ ကူးစက်မှု တပြိုင်နက်ထဲ ဖြစ်တဲ့အခါမှာ ပြည်သူ့ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်ရဖို့ဆိုတာက အလွန်ခက်ခဲတဲ့အခွင့်အရေးသဖွယ် ဖြစ်ပြီး ရောဂါကူးစက်ခံရသူ အများစုကြီးအနေနဲ့ မိမိတို့ အိမ်မှာပဲ ဆေးသောက်၊ တယ်လီဖုန်း၊ အွန်လိုင်း ဆရာဝန်နဲ့ ပြသမှုခံယူပြီး အောက်စီဂျင် လိုအပ်ရင် ကိုယ့်ဘာသာကိုယ်ရှာ နောက်ဆုံးကွယ်လွန်တဲ့အခါ နာရေးကူညီမှု ပရဟိတတွေရဲ့ အကူအညီနဲ့ နောက်ဆုံးခရီးကို တိတ်ဆိတ်စွာ လျှောက်လှမ်းသွားကြရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

အခုလို အခြေအနေအောက်မှာ ငွေကြေးတတ်နိုင်သူ နဲ့ ငွေကြေးမတတ်နိုင်သူတွေရဲ့ ကွာဟမှုကလည်း တော်တော်ကို ကြီးမားခဲ့ပါတယ်။ ယခင်က အများအတွက် ဖွင့်ထားတဲ့ ဆေးရုံတံခါးတွေ ပိတ်ထားရတဲ့ အချိန် အရေးကြီးပုဂ္ဂိုလ်လို့ ခေါ်တဲ့ ဗွီအိုင်ပီတွေအတွက်ပဲ ဖွင့်ထားနိုင်တဲ့အချိန်မှာ ငွေကြေးမတတ်နိုင်သူတွေအဖို့ နကိုက တကပ် ငါးရာတန်ဆေးက ဆယ်ဆတက်ပြီး ၅ထောင် ဖြစ်လိုဖြစ်၊ ကျပ် ၂ သောင်းတန် ထိုးဆေးက စျေးကွက်ဝယ်အား ရုတ်တရက် မြင့်လာတာ လိုသလောက် အရေအတွက်မရှိတာကို အကြောင်းပြုပြီး သိန်းဂဏန်းနဲ့ ဖြစ်လာခဲ့တဲ့ အခြေအနေမှာ ငွေကြေးမတတ်နိုင်သူတွေအဖို့ ဆေးမြီးတို အရွက်တွေရှူ၊ မှောက်လျှက်အိပ်၊ ရေနွေးငွေ့ရှူ အသက်ရှူလေ့ကျင့်ခန်းလုပ် ပြီး ပြန်ကောင်းလာသူတွေရှိသလို နောက်ဆုံးခရီးလမ်းကို လျှောက်လှမ်းသွားရသူလည်း အများအပြားရှိခဲ့တာဖြစ်ပါတယ်။

မြို့တိုင်း မြို့တိုင်း အောက်စီဂျင် စက်ရုံတည်ဆောက်ဖို့ ငွေစုဆောင်းနေကြတာ အချို့လည်း တည်ဆောက်ဆဲ ၊ နယ်စပ်တွေမှ တဆင့်လည်း အောက်စီဂျင်အိုးတွေ ဘောက်ဆာတွေ ဝယ်ယူတင်သွင်းလာကြတာတွေ၊ အောက်စီဂျင် ကွန်စင်ထရေတာတွေ တင်သွင်းနေတာတွေက ပြီးခဲ့တဲ့ ၁လကျော်တွင်း သတင်းတွေထဲက မြင်ကွင်းတွေ ဆိုရှယ်မီဒီယာပေါ်က မြင်ကွင်းတွေ ဖြစ်လို့နေပါတယ်။

ပြန်ချုပ်မယ်ဆိုရင် ကျနော်တို့ လူ့အဖွဲ့အစည်းက ဆုံးရှုံးသွားတဲ့ တန်ဖိုးရှိတဲ့ ရတနာသိုက်တွေ၊ လူသားအရင်းအမြစ်တွေ ပြန်တည်ဆောက်ဖို့ နောက်ဆယ်စုနှစ်နဲ့ ချီကြိုးစားကြရဦးမယ် ထင်ပါတယ်။ ရှင်သန်ကျန်ရှိနေသေးတဲ့ အဖိုးတန် လူသားအရင်းအမြစ်တွေ မဆုံးရှုံးဖို့လည်း လူထု အနေနဲ့ တတ်နိုင်သလောက် အချင်းချင်း စာနာကူညီကြ ကျန်းမာရေး နဲ့ပတ်သက်လို့ လိုက်နာသင့်တဲ့ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း လိုက်နာခြင်းအားဖြင့် မိမိတို့ဘက်က အင်အားမဆုံးရှုံးအောင် တတ်နိုင်သမျှ ကြိုးစားဖို့ လိုအပ်ပါလိမ့်မယ်။ မြန်မာပြည်ဟာ စစ်အာဏာသိမ်းပြီးနောက် ဆယ်စုနှစ်များစွာ နောက်ဆုတ်သွားတယ် ဆိုကြတယ်ဆိုရင် ကိုဗစ်လိုကပ်ရောဂါဘေးကြောင့် မြန်မာပြည်ဟာ ဆယ်စုနှစ်များစွာမက နိမ့်ကျသွားရာကနေ ပြန်ထူထောင်နိုင်ဖို့ တပ်ဘေးနဲ့ ကပ်ဘေးကို တခါတည်းတွဲပြီး ရုန်းကန်တွန်းလှန်ဖို့ အစွမ်းကုန် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar