Breaking News

မိုးမခကဗျာ - ဖေတင်ညွန့်၊ သစ်မွှေး၊ ကိုညို/ အော်စလို၊ ကျော်ဟုန်း

Art-Crd

မိုးမခကဗျာ
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၂၁

၄၄ ဂျီဇက်အတ္ထုပ္ပတ္တိ
ဖေတင်ညွန့်

အရှင်လတ်လတ်ကြီး
ခုန်ချသွားကြတာ
ပုံပြင်မဟုတ်ဘူး
ဒဏ္ဍာရီမဟုတ်ဘူး
မင်းတို့
နိူင်ငံချစ်တာလောက်တော့
ရူးတောင်သွားဦးမယ် ။      ။
    
11th august 2021

...

နိုင်ငံတော်အလိုမတူမှု
သစ်မွှေး

ရန်သူကကြောက်စေချင်မှတော့
ထီမထင်ကြောင်းပြရသေးတာပေါ့။

ဘာမှလုပ်မရတော့တဲ့အဆုံး
အနိုင်မခံတဲ့စိတ်ကို
လေထဲဝဲပြခဲ့တယ်။

ကြောက်တတ်သူတွေ ငေးကျန်ခဲ့ပေါ့။  ။

...

ဝေဖို့အတွက် ကြွေသူတွေ
ကိုညို/ အော်စလို

သူတို့ အကာအကွယ်မဲ့စွာ
အချိတ်အဆက်ကင်းစွာ
အထောက်အပံ့ဝေးစွာ
သူကမ္ဘာနဲ့ သူ့အကြောင်းနဲ့ 
အဆုံးအစ မရှိတဲ့ ဟင်းလင်းပြင်ကြီးဆီ
ပျံဝဲသွားကြတယ်။
အဲဒီကမ္ဘာကြီးမှာ သူလိုလူစားတွေ
များများစားစား ရှိပါသေးရဲ့လား?
ဘာကို ဆက်လက်အပြစ်တင်ရမလဲ?
တကယ်တမ်းတော့
ကမ္ဘာကြီးတခုလုံးကိုက 
စနစ်တကျ ဖြစ်တည်နေတော့တာမှမဟုတ်တာ
ဒီတော့လည်း
ဝေဘို့လာရင်း ကြွေသွားကြတော့တာဘဲ။


...

''အဆုံးအထိ ''
ကျော်ဟုန်း

တိုက်ပွဲဝင်မယ်
ဆုံးဖြတ်ပြီးကတည်းက
နှလုံးသားကို
ကောင်းကင်ဘုံမှာ ပူဇော်ပြီးသား။

သူရဲကောင်းတွေမှာ
ဓား ၂ လက်ရှိတယ်။

ဓားရှည်က
ရန်သူကို အပြတ်ရှင်းဖို့။

ဓားတိုက
ရန်သူ့လက်မှာ
နှိပ်စက်မခံ၊ အသတ်မခံ
ကိုယ့်ကိုယ်ကိုယ် အပြတ်ရှင်းဖို့။

​မြန်မာ့နွေဦးရဲ့
သူရဲကောင်းတွေသွေးဟာ
ဓား ၂ လက် အမြဲကိုင်ထားတယ်။

၂၀၂၁၀၈၁၀

( ရန်ကုန်၊ ဗိုလ်တထောင်၊ ၄၄ လမ်းမှ နွေဦးတော်လှန်ရေး သူရဲကောင်းများသို့)

၁) မင်းသစ္စာမောင်
၂) ကောင်းမင်းခန့်
၃) ပိုးကျော့ကျော့သွယ်
၄) ဝေထွန်း
၅) ရဲမင်းဦး
၆) သီဟကောင်းဆက် (ဖမ်းမိ)
အလေးပြုပါတယ်။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar