ခင်လေး (Aotearoa) - ကိုးဗစ်ကြီးနား ရောက်ရောက်သွားတဲ့ နေ့တွေအကြောင်း
ကိုးဗစ်ကြီးနား ရောက်ရောက်သွားတဲ့
နေ့တွေအကြောင်း
ခင်လေး (Aotearoa)
(မိုးမခ) သြဂုတ် ၁၂၊ ၂၀၂၁
မနှစ်က ဒီအချိန် အိမ်ထဲမှာပိတ်မိနေကြတုန်းက ဒီပိုးဟာ လူတွေကို ဒီလောက်ဒုက္ခပေးနိုင်လိမ့်မယ်လို့ကိုယ်မထင်ခဲ့မိဘူး။ ကာကွယ်ဆေးထွက်လာရင် ပြီးသွားမှာ အကုန်ပုံမှန်ပြန်ဖြစ်မှာလို့ ထင်ထားခဲ့တာ။ ခုတော့ ဘာဆေးထွက်ထွက် ဒုံရင်းထက်တောင်ဆိုးနေသေးရော။ ပိုးက မျိုးစုံပြောင်းပြီး ပိုဆိုးလာလိုက်တာ အယ်လ်ဖာ၊ ဒယ်လ်တာ အမျိုးမျိုး၊ သီတာတွေ အိုမီဂါတွေပါလာဦးမလားမသိ။ မနှစ်က ဒီအချိန် နယူးဇီလန်မှာ ပိုးရောက်နေပြီဆိုပေမယ့် ကူးတဲ့သူတွေထဲမှာ အသိမိတ်ဆွေမပါလေတော့ စိတ်မကောင်းဘူးဆိုတာ အဖျားဆုံးလေးမှာပေါ့၊ ရန်ကုန်က လူတွေက ရတနာ့သုတ်ကျေးဇူးတော် ခံစားနေကြတုန်း၊ ကိုယ့်ကိုတောင်သူတို့က ပူနေသေးတာ။ ခုတော့ မျက်နှာစာအုပ်ကြီး မကြည့်ရဲလောက်အောင်ပဲ၊ နည်းနည်းသိတဲ့သူ၊ များများသိတဲ့သူ၊ ရင်းနှီးတဲ့သူ၊ ချစ်ခင်လေးစားရတဲ့သူ အကုန်လုံး တစ်ယောက်ပြီးတစ်ယောက် လူ့လောကကနေ ထွက်သွားနေကြတဲ့သတင်းတွေ အစဥ်လိုက်တက်တက်လာတာကြည့်ရင်း မျက်ရည်ကျရတာလဲများလှပြီ။ ရေမြေခြားနေပေမယ့် ရင်ပတ်ပေါ်မှာ ကျောက်တုံးကြီးပိနေသလို ခံစားရတယ်။ လှူတာတန်းတာကလွဲပြီး ကိုယ်ထိလက်ရောက် ဘာမှ လုပ်မပေးနိုင်တော့ နေရတာ စိတ်မကြည်တော့ဘူးပေါ့။
ကိုယ့်အိမ်က စံပြလုပ်သားကြီး ထုံးစံအတိုင်း မဖြစ်မနေ နယူးဝေ ဆိုတဲ့ ကျွန်းနိုင်ငံလေးကို အလုပ်သွားလုပ်ရပြန်တယ်။ သူတို့ကျွန်းလေးမှာ ကိုးဗစ်လုံးဝ မရှိလေတော့ ဝင်လာသမျှလူတိုင်းကို ကွာရန်တင်း ၂ ပတ်လုပ်ခိုင်းတယ်လေ။ ဖုန်းခေါ်လို့ရ၊ အင်တာနက်လဲရှိ၊ ပြင်းရင် ပင်လယ်နားမှာ လမ်းလျောက် ဝေလငါးကြည့်နိုင်ပေမယ့် စိတ်ဖိစီးမှုတွေက အများကြီးပါပဲ။ ကိုယ့်ခင်တဲ့မိတ်ဆွေတွေ လုပ်ကြရတာလဲ ဒီအတိုင်းပဲ၊ ပိတ်ထားခံရရင် ဘယ်သူမှမကြိုက်ဘူးပဲ။ သူတို့ကိုကြည့်ပြီး ငါဆိုရင်တော့ ချည်တွေအများကြီးယူသွားပြီး ထိုးချင်တာတွေ အကုန်ထိုးပစ်မှာဆို စဥ်းစားကြည့်နေမိသေးတယ်။
ဒါနဲ့မကြာပါဘူး၊ ကိုယ်ဘယ်မှသွားမရပဲ အိပ်ရာထဲလဲတဲ့အချိန် ရောက်လာတော့တာပါပဲ။ ကိုယ်က အမြင်အာရုံအားနည်းတဲ့ ကလေးငယ်လေးတွေကို စာသင်ပါတယ်။ တချို့ကလေးလေးတွေ မွေးကင်းစထဲက ကောင်းကောင်းမမြင်ရခြင်းဟာ အခြားဆန်းပြားတဲ့ နာမည်ရှည်ရှည်ကြီးတွေတပ်ထားတဲ့ရောဂါတွေရဲ့ တခုသော အကျိုးဆက်ဖြစ်လေတော့ သူတို့လေးတွေဟာ အင်မတန် နုကြပါတယ်။ ဘယ်ပိုးပဲလာလာ သူတို့ကို အရင်အတိုက်အခံရလေပြီး ခုခံနိုင်အားလည်း အတော်ပဲ နည်းတာပေါ့။ သူတို့နဲ့ အလုပ်လုပ်တဲ့သူတွေ ကိုးဗစ်ဆေးထိုးကြဆိုတော့ သူတို့မျက်နှာကြောင့်သာ သွားရတယ် ဆေးထိုးခံရမှာ ကြောက်လှတဲ့ကိုယ် ဆုတ်ကန်ဆုတ်ကန်ပါပဲ။ ဒီကလူတွေ တုပ်ကွေး ကာကွယ်ဆေး နှစ်တိုင်းထိုးကြပေမယ့် ကျောင်းအထိလာထိုးပေးလဲ ရအောင်ပြေးတတ်တဲ့ ကိုယ့်မှာ ကလေးဘဝက ဖမ်းပြီးအထိုးခံထားရတဲ့ လက်မောင်းက လေးလုံးပဲ အတွေ့အကြုံရှိတာပေါ့။
ဒါနဲ့ ဆေးထိုးလာပြီး ပထမနေ့ လက်မောင်းပဲအောင့်တယ်၊ အေးဆေးပဲဆိုနေလိုက်တာ ၂၄ နာရီလဲပြည့်ရော မျက်လုံးတွေ ပူလာပါရော၊ နှာရည်တွေကျ၊ ခေါင်းကိုက် တုပ်ကွေးအသေးစားပေါ့နော။ အချိန်ကလဲ အေးစက်တောက်နေတဲ့ ဆောင်းလယ်ဆိုတော့ ပိုဆိုးသပေါ့။ ဒါနဲ့ ပါရာသောက် အိပ်လိုက်နိုးလိုက်ပေါ့။ နောက်တနေ့မနက် ရွှေဥာဏ်တော်စူးရောက်ပြီး ဗိုက်တာမင်စီ များများရအောင် Grape fruit ရယ် ပျားရည်ရယ် ရေနွေးရယ် နှက်ထည့်လိုက်တာ နေ့လည်လဲရောက်ရော ဗိုက်ထဲကရစ်ရစ်နာပြီး ဝမ်းသွားတော့တာ၊ အဆီတွေကျတယ်ဆိုပြီး စစချင်း ဝမ်းသာနေသေးတာ၊ နောက် ဘာစားစား ဗိုက်နာပြီး ထွက်နေရုံတင် မကတော့ပဲ အန်ပါအန်လေတော့ ကိုယ် ဘာမှကိုမစားတော့ဘူး။ သကြားလုံးစား ရေသောက် လူက မူးနေရော၊ ကိုင်း ..ဒါကိုးဗစ်မဟုတ်သေးဘူးနော်၊ သူနဲ့ဆင်တဲ့ မျိုးဗီစအတုလေး တစ်စ ခန္တာကိုယ်ထဲထည့်ပေးလိုက်တာ၊ ကိုယ်ထဲရောက်တော့ အချွန်လေးတွေပါတဲ့ ပိုးလေးတစ်လုံးဖြစ်၊ ခဏနေတော့ သူ့ဘာသာသေ ကျန်တဲ့ အချွန်အစလေးတွေက ခန္တာကိုယ်အနှံ့ကိုလျောက်သွားပြီး ကိုယ်ထဲက အိမ်ရှင်ပိုးတွေနဲ့ မိတ်ဆက်ပဲလုပ်ရသေးတာ။
စာလဲ ဖတ်လို့မရ၊ ဘာscreen မှလဲ ကြည့်မရ၊ ဘာချည်နဲ့မှလဲ အလုပ်လုပ်လို့မရ၊ ပုတီးတစ်ကုံးနဲ့တတ်သမျှ မှတ်သမျှတွေ လိုက်ရွတ်တာကလွဲလို့ ဘာမှ လုပ်လို့မရတာ။ နောက်ဆုံး ဆရာဝန်ဆီပြေးတော့မှ မအန်တဲ့ဆေးနဲ့ ဗိုက်မနာတဲ့ဆေး ရလာခဲ့တော့ ဆီမပါတဲ့ အစာတွေ ပြန်စားလို့ ရတယ်။ ဆရာဝန်လေးက ချိမ်းခြောက်လိုက်သေးတယ်၊ အစာမစားလို့ သွေးပေါင်ဆက်ကျနေမယ်ဆိုရင် မူးလဲသွားလိမ့်မယ်၊ အဲဒီအခါကျရင် ဆေးရုံတက်ရမယ်၊ လက်က အပ်နဲ့ ဆေးသွင်းရမယ်တဲ့။ မေမေ အစာမစားရင် ကိုယ်တို့ပြောနေကျ စကားလုံးတွေလေ။ ကိုယ်ပြနေကျ အီဂျစ်ဆရာဝန်ကြီးက အဲဒီနေ့ အလုပ်မလုပ်တော့ စင်ကာပူဆရာဝန်လေးနဲ့တွေ့လာတာ၊ ကိုယ်လဲ မေမေ့လိုပဲ ဂေါင်းမာတဲ့ ဂွကျတဲ့ အဖွားကြီးထင်ပါရဲ့။ နောက် ၃ပတ်နေလို့ ဆေးသွားထပ်ထိုးရင် ဘာဖြစ်ဦးမယ်မသိ။ ပထမ အခေါက် လက်မောင်းနာရုံ နာတဲ့သူတွေကတော့ ဒုတိယအခေါက်မှာ လက်ကြီးတန်းနေပြီး အပူတက်တယ်တဲ့၊ ဒုတိယ ဆေးပမာဏက ပထမဆေးထက် ၁၀ ဆလောက်ပိုတယ်လို့လဲ ပြောကြသေး။ ပေါက်တဲ့နဖူး မထူးတော့ပါဘူး၊ အားပြည့်အောင်စား၊ နေကောင်းအောင်နေ၊ အိပ်ပျော်အောင် အိပ်ပြီး ကိုယ့်ကလေးတွေ မျက်နှာလေးတွေ စီပြီးခေါင်းထဲထည့်လို့ ဆေးဒဏ်ကို ခံနိုင်အောင် ကြိုးစားရတော့မှာပေါ့။
ဘေးဘယာဝေးကွာကြပါစေ။
ခင်လေး (Aotearoa)
3:23 p.m. 11.08.2021 Wednesday
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
