Breaking News

မိုးမခဝတ္ထု - ညိုထွန်းလူ " နောက်ဆုံးညစာ "

မိုးမခဝတ္ထု
သြဂုတ် ၂၆၊ ၂၀၂၁

နောက်ဆုံးညစာ
ညိုထွန်းလူ

ညစာစားဖို့အဆင်သင့်ဖြစ်တဲ့အချိန်မှာပဲ အိမ်ရှေ့တံခါးကိုတွန်းထိုးဖွင့်လိုက်တဲ့ အသံကြားလိုက်ရပြီးချက်ချင်းဆိုသလိုမီးဖိုခန်းထဲကိုဂျာမန်စစ်သားတွေရောက်လာကြတယ်။ မဖိတ်ဘဲနဲ့ရောက်လာကြတဲ့ဧည့်သည်တွေရဲ့အမူအယာကတင်းမာခက်ထန်နေတယ်။ အော့စ်ဝစ်လိုပြန်လမ်းမရှိတဲ့အကျဉ်းစခန်းကိုပို့တော့မယ်ဆိုတာ ဂျူးအဘိုးအိုက သိလိုက်ပါပြီ။ သူ့ကိုချိန်ထားကြတဲ့သေနတ်ပြောင်းဝတွေဆီက ပလူပျံအောင်ထွက်လာကြမယ့်ကျည်ဆံတွေရဲ့အန္တရာယ်ကိုလွတ်အောင်ရှောင်ပြီးထွက်ပြေးဖို့အထိ အသိဉာဏ်မမဲ့ပါဘူး။

မေးမြန်းစရာရှိလို့ အခုချက်ချင်းလိုက်ခဲ့ပါ

အေးစက်စက်နဲ့ပြောလိုက်တဲ့အရာရှိကိုကြည့်ရင်း အခုခင်ဗျားတို့မြင်တဲ့အတိုင်းပဲဗျာ ညစာစားတော့မလို့ပါ။ ဆယ့်ငါးမိနစ်လောက်စောင့်ပေးပါလားလို့တည်တည်ငြိမ်ငြိမ်နဲ့ပြန်ပြီးပြောလိုက်တယ်။ သူ့လေသံထဲမှာခင်မင်ရင်းနှီးမှုတွေရှိနေပေမယ့်အရာရှိရဲ့အမူအယာကပြောင်းလဲမသွားပါဘူး။ အမိန့်အတိုင်းဆောင်ရွက်ရမှာမို့တောင်းဆိုတာကိုလိုက်လျောပေးဖို့ဆန္ဒမရှိဘူးလေ။ သူကလည်းအခြေအနေကိုရိပ်စားမိပြီးသား။

ဒီမယ်ဗိုလ်ကြီး ခင်ဗျားကကျွန်တော့်ကိုတာဝန်အရဖမ်းဖို့ရောက်လာတယ်။ ခင်ဗျားနဲ့ကျွန်တော်ဟာ တယောက်နဲ့တယောက်သိကြတာမဟုတ်သလို မုန်းစရာလည်းအကြောင်းမရှိဘူး။ ခင်ဗျားကကျွန်တော့်ကိုဖမ်းခေါ်သွားပြီး စစ်ဆေးတဲ့သူတွေရဲ့လက်ထဲကိုပို့ပြီးရင် ခင်ဗျားတာဝန်ပြီးသွားပြီ။ စစ်ဆေးတဲ့သူတွေကကျွန်တော့်ကိုမေးမယ်။ လိုချင်တာတွေမရရင်နှိပ်စက်ညှဉ်းပန်းတဲ့အထိဖြစ်မယ်။ သေချင်လည်းသေသွားနိုင်တယ်။ ပြောရမယ်ဆိုရင် အခုပြင်ဆင်ထားတဲ့ညစာဟာ ကျွန်တော့်အတွက်နောက်ဆုံးညစာဖြစ်သွားနိုင်ပါတယ်။ ဒီအခွင့်အရေးလောက်တော့ကျွန်တော့်ကိုပေးသင့်ပါတယ်။ ကျွန်တော့်ရဲ့တောင်းဆိုချက်ဟာခင်ဗျားတို့အတွက်လည်း အခက်အခဲရှိလောက်မယ်မထင်ပါဘူး။ ခင်ဗျားတို့လည်းညစာမစားရသေးတော့ ဆာနေကြမှာပါ။ ဟင်းတွေလည်းပိုနေတယ်။ လာကြပါဗျာ အားလုံးလက်ဆုံစားကြရအောင်ပါ။

သူကပြုံးပြုံးရွှင်ရွှင်နဲ့ပြောလိုက်တော့အရာရှိလည်း တခဏတွေသွားတယ်။ ရဲဘော်တွေလည်ဆာလောင်နေတာကို သတိပြုမိလိုက်တယ်။
                  - - - - - - - - - -

ကြယ်ရောင်ကလေးတွေမမြင်ရတဲ့အထိအထိ ပိန်းပိတ်အောင်အမှောင်ကျနေတယ်။ ရန်သူရဲ့ထိုးစစ်က တနေ့ထက်တနေ့နီးကပ်လာခဲ့တယ်။ အဝေးဆီကလက်နက်ကြီးပစ်ခတ်သံတွေနဲ့အတူကတုတ်ကျင်းပတ်ပတ်လည်မှာ  တဝုန်းဝုန်းပေါက်ကွဲသံတွေ။ ရန်သူရဲ့ထိုးစစ်အောက်မှာအလူးအလဲခံနေကြရတာရက်နှစ်ပတ်လောက်ရှိသွားပါပြီ။ ရဲဘော်တွေလည်းတယောက်ပြီးတယောက်ကျဆုံးသွားတယ်။ သူတို့မှာအင်အားတွေနည်းလာခဲ့ရသလို သေခြင်းရဲ့အငွေ့အသက်ကိုခံစားလာခဲ့ရတယ်။ ခဏကြာတော့ ရန်သူ့ဖက်ကပစ်ခတ်သံတွေရပ်တန့်သွားပါတယ်။ တကယ်တော့ ဒါကကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ ရန်သူဟာ နောက်ဆုံးထိုးစစ်ဆင်နွှဲဖို့အားယူနေတဲ့သဘောပါ။

ဗိုလ်ကြီးလို့ရဲဘော်လေးတယောက်က အသံတိုးတိုးနဲ့ခေါ်ရင်း အိတ်ငယ်လေးတခုကိုပေးလိုက်ပါတယ်။ အဲဒီအိတ်ထဲမှာပေါင်မုန့်ခြောက်သုံးလေးခုလောက်တော့ရှိမှာပါ။ နေ့တိုင်းပေါင်မုန့်ခြောက်ကိုစားပြီး ရေသောက်ရင်းအသက်ဆက်နေကြရတာကော။ ရိက္ခာကလည်းကုန်သလောက်ဖြစ်နေပါပြီ။ သူတွေးတာမမှားဘူး။ သူ့ကိုပေးလိုက်တဲ့ပေါင်မုန့်ခြောက်ကလေးတွေဟာ နောက်ဆုံးကျန်တဲ့ရိက္ခာတဲ့။ အားတင်းပြီးပြောနေတဲ့ရဲဘော်ကလေးရဲ့အသံက တိုးလျနေ တယ်။ အမှောင်ထုကကြီးစိုးနေလို့ကျန်နေသေးတဲ့ရဲဘော်တွေရဲ့အ​နေအထားကိုမြင်ခွင့်မရပေမယ့် အခြေအနေမကောင်းတော့မှန်းသိပြီးသားပါ။ ဒီရိက္ခာဟာ ရန်သူကိုခုခံတိုက်ခိုက်နေရတဲ့သူ့အတွက်နောက်ဆုံးစားရမယ့်ညစာလား။

သူ့မျက်လုံးထဲမှာဖမ်းခေါ်ခဲ့တဲ့ဂျူးအဘိုးအိုရဲ့အိမ်ကသိုးသားဟင်းတွေ ဝိုင်တွေနဲ့အားရပါးရစားခဲ့ရတဲ့ညစာစားပွဲကိုမြင်ယောင်သွားတယ်။ အဘိုးအိုဟာ စစ်ကြောရေးလက်ထဲရောက်ပြီးသေသလားရှင်သလားသူမသိဘူး။ ဒါပေမယ့် နောက်ဆုံးညစာကိုစိတ်တိုင်းကျသုံးဆောင်သွားခဲ့တဲ့အဘိုးအိုရဲ့ပေါ့ပါးပျော်ရွှင်မှုတွေက သူ့ကိုအံ့သြသွားစေခဲ့တယ်။ သက်ပြင်းချလိုက်ရင်းဘာမှမမြင်နိုင်တဲ့အမှောင်ထုထဲကိုငေးစိုက်ကြည့်နေမိတယ်။ လူသားတယောက်ရဲ့ဖြစ်တည်မှုကိုနားလည်သလိုလိုရှိလာတယ်။ ဒီအချိန်မှာပဲအဝေးဆီကပစ်ခတ်သံတွေကြားလိုက်ရပြီး သူတို့ကတုတ်ကျင်းအနီးမှာလက်နက်ကြီးကျည်တွေအဆက်မပြတ်ကျလာခဲ့ပြန်တယ်။ ရန်သူကထိုးစစ်ဆင်လာပါပြီ။ ဒါပေမယ့်သူကတော့သိပ်ဆာလောင်နေပေမယ့်ပေါင်မုန့်ခြောက်ကလေးတွေကို စားရမှာစိုးရွံ့နေဆဲ။

ညိုထွန်းလူ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar