မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၅ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၅ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၅၊ ၂၀၂၁
ဖမ်းဆီးမှုတွေ ၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ နဲ့ ပျောက်ကြားတိုက်ခိုက်မှု
ဖမ်းဆီးမှုတွေက နေ့စဥ် ရက်ဆက်ကြားသိနေရသလိုပဲ ဥပဒေမဲ့ သတ်ဖြတ်မှုတွေလည်း နေ့စဥ် သို့မဟုတ် ရက်ခြားဆိုသလိုကို ဖြစ်ပျက်နေတာဖြစ်ပါတယ်။ အစိုးရလို့ သူတို့ကိုယ်သူတို့ ခေါ်ဝေါ်နေပေမယ့် ဖမ်းဆီးပုံ၊ ဥပဒေမဲ့ သတ်ဖြတ်ပုံတွေမှာတော့ ရက်စက်တဲ့ မင်းဆိုးမင်းညစ် အစိုးရတွေနဲ့သာ အလားသဏ္ဍာန်တူတာပါ။ အီရတ်လို၊ ယူဂန်ဒါလို၊ မြောက်ကိုးရီးယားလို နိုင်ငံမျိုးတွေမှာ အတိုက်အခံ ၊ အာခံသူတွေကို ဥပဒေမဲ့ သတ်ဖြတ်ခွင့်ရှိတယ် လက်နက်ကိုင်တပ်တွေကို အခွင့်အရေးပေးပြီး လုပ်ချင်တာလုပ်ခွင့်ပေးထားတဲ့သဖွယ် ဖြစ်ပျက်ခဲ့တဲ့ ဥပဒေမဲ့ လုပ်ရပ်တခုအတွက်မှ စုံစမ်းစစ်ဆေးတာ အရေးယူတာတွေမရှိပဲ အာခံသူ၊ အာခံတယ်လို့ ယူဆရသူဆို ဘာမဆို လုပ်ခွင့်ရှိတယ်လို့ အထက်က အမိန့်ပေးသူတွေက ယူဆထားကြသလို အောက်ခြေမှာလည်း အလားတူ ကျူးလွန်နေကြတာမျိုး ဖြစ်ပါတယ်။
ယနေ့ ကြားသိရတဲ့ သတင်းတပုဒ်ဆိုရင်လည်း သာကေတမှာ မကြာခင် ၂/၃ ရက်လောက်က အဖမ်းခံရတဲ့ ကျူရှင်ဆရာ ဦးစိုးပိုင် ခေါ် ဦးကျော်ခိုင်ဝင်း သေဆုံးသွားပြီဆိုတဲ့အကြောင်း ကျန်ရစ်တဲ့ မိခင်ဖြစ်သူကို အကြောင်းကြားလာတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။
ဒီလိုအဖြစ်အပျက်တွေမှာ စစ်ဆေးရိုက်နှက်သူ လက်နက်ကိုင် တပ်ဖွဲ့တွေကို အာဏာ ၊ လုပ်ပိုင်ခွင့်အကုန်လွှဲထားပြီး ဥပဒေကြောင်းအရ အရေးယူရမယ်ဆိုတဲ့ အစိုးရတရပ်ရဲ့ ဝတ္တရားကို လျစ်လျူရှုထားလိုက်တဲ့ သက်သေတွေ ထပ်ကာထပ်ကာ ထွက်ပေါ်နေတဲ့သဘောလည်း ဖြစ်ပါတယ်။
ဒီလိုဥပဒေမဲ့ သတ်ဖြတ်မှုတွေက စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူငယ်တွေ တက်ကြွလှုပ်ရှားသူတွေကို ပိုမို ရပ်တည်ချက် ပြတ်သားစေမယ် ဆုံးဖြတ်ချက် ခိုင်မာစေအောင် တွန်းပို့သလို ဖြစ်စေမှာပါ။ တဖက်မှာလည်း ဒီလို ဥပဒေမဲ့ သတ်ဖြတ်မှုတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေ၊ ရာအိမ်မှူးတွေ၊ သတင်းပေးလို့ ယူဆရသူတွေကို လက်စားခြေ သတ်ဖြတ်ဖို့အတွက် စေ့ဆော်မှု ဖြစ်နိုင်ပါတယ်။
အစိုးရဆိုတဲ့အာဏာကို မတရားတဲ့နည်းနဲ့ ရယူထားတဲ့သူက သတ်ချင်သတ်၊ ပစ္စည်းယူချင်ယူ၊ နေအိမ်တွေ မီးရှို့တာမျိုး လုပ်ချင်တာ လုပ်ခွင့်ရှိနေတယ်လို့ ယူဆလာတဲ့အခါ ကစားပွဲရဲ့ စည်းမျဥ်းတွေ အားလုံးပျက်ပြားလာတဲ့ သဘောလည်းဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ အခြေအနေက အနိုင်ကျင့်ခြင်း၊ လက်စတုံးသတ်ဖြတ်ခြင်း၊ ပိုင်ဆိုင်မှုတွေလုယူခြင်း ၊ ဖျက်ဆီးခြင်းတွေ လုပ်ရာက လက်စားခြေခြင်း လက်တုံ့ပြန်သတ်ဖြတ်ခြင်းတွေနဲ့ အဆိုးသံသရာထဲကို ကျဆင်းဖို့ အရိပ်အရောင်တွေလည်း မြင်တွေ့နေရတာဖြစ်ပါတယ်။
အရင် စစ်အာဏာသိမ်းမှုတွေတုန်းက မိသားစုဝင်တွေကို ဖမ်းဆီးတာ ဓါးစားခံဖမ်းဆီးတာတွေ ၊ နေအိမ်ဖျက်ဆီး၊ ပိုင်ဆိုင်မှု ဥစ္စာငွေကြေးကို သိမ်းယူတာတွေ မကြားသိခဲ့ကြရသော်လည်း ယခုမင်းအောင်လှိုင် လက်ထက် အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ ဆန့်ကျင်သူတွေ၊ လက်နက်ကိုင်ခုခံတိုက်ခိုက်သူတွေကို တုံ့ပြန်ရာမှာ အထက်က နည်းလမ်းတွေကို ဥပဒေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်စွာ လုပ်ကိုင်လာတာဟာ နိုင်ငံအတွက် မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ နိုင်ငံရေးအရ ဆန့်ကျင်မှုအပြင် နာကျည်းမှုနဲ့ လက်စားချေမှုတွေပါ ထပ်ဆင့်ပေါ်ထွက်လာနိုင်ပြီး နိုင်ငံရေးအရ အဖြေရှာဖို့ လမ်းကြောင်းမျိုး ပိတ်သွားနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ အဆုံးစွန်သော နည်းလမ်းတွေကို ရွေးချယ်ကြတော့မယ့် အနေအထားမျိုး ဖြစ်လာနေတဲ့သဘောလည်း တွေ့နေရပါတယ်။
တဖက်မှာလည်း အသီးသီး အသကအသက ဖွဲ့စည်းထားကြတဲ့ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ၊ အချို့နယ်တွေမှာ တဖွဲ့မက ရှိကြတာလည်းတွေ့ရတာဖြစ်လို့ ဒီလို အစုစု အဖွဲ့ဖွဲ့ ကွဲပြားနေကြတဲ့ ပီဒီအက်ဖ်တွေက စစ်အစိုးရရဲ့ ထောက်လှမ်းရေး ဖြိုခွဲရေး တပ်တွေနဲ့ နီးကပ်စွာနေထိုင်ပြီး လုံခြုံရေးအရ လျှို့ဝှက်စွာ လုပ်ဆောင်နေကြတာဖြစ်လို့ အစုစု အဖွဲ့ဖွဲ့ တွေအကြား ချိတ်ဆက်မှု တိုင်ပင်မှု၊ ပူးပေါင်းခုခံတိုက်ခိုက်မှုတွေကို ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုတာလည်း စိတ်ဝင်စားစရာ ကိစ္စတရပ်ဖြစ်လို့နေပါတယ်။
ဒီနေ့ ကြားသိရတဲ့ နောက်သတင်းတပုဒ်ကတော့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် နဲ့ ယခင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းအဖမ်းခံထားရတာ အာဏာသိမ်းကတည်းက ဖြစ်ပြီး သူ့ဇနီးနဲ့ သားဖြစ်သူကို ဒီနေ့ဖမ်းဆီးလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ လုပ်ဆောင်မှု တာဝန်ရှိမှုနဲ့ ထိန်းသိမ်းထားတဲ့ အပြင်ကို မိသားစုဝင် ၂ ဦးစလုံးကို ထိန်းသိမ်းခြင်းဟာ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။
အခြားသတင်းတပုဒ်ကတော့ ချင်းပြည်နယ် တီးတိန်မြို့ မြန်မာ့စီးပွားရေးဘဏ်မှာ စောင့်နေတဲ့ ရဲလုံခြုံရေး ၃ ဦးကို လက်နက်ကိုင် ဆောင်သူတွေက ပစ်သတ်ခဲ့ပြီး ဘဏ်ကငွေတချို့ကိုလည်း ယူဆောင်သွားတဲ့ အဖြစ်အပျက် ဒီနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သတင်းဖေါ်ပြချက်တွေ အရ သိရပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်အရဆိုပါက ကျပ်သိန်း ၃၈၀ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ်ဟာ စစ်အာဏာမသိမ်းမီက လက်နက်ကိုင် ပဋိပက္ခ မရှိသလောက် ဖြစ်တဲ့ ပြည်နယ် ဖြစ်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေ ဆန္ဒပြသူတွေကို ဖမ်းဆီးမှု ရိုက်နှက်ညှင်းဆဲမှု၊ သတ်ဖြတ်မှုတွေကြောင့် မခံမရပ်နိုင်ဖြစ်လာကြပြီး ဒေသလုပ် တူးမီး အမဲလိုက်သေနတ်တွေနဲ့ စတင် တိုက်ခိုက်ခဲ့ကြရာမှာ မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန် စတဲ့ မြို့တွေမှာ ဒေသအလိုက်ဖွဲ့တဲ့ ပီဒီအက်ဖ် အဖွဲ့တွေပေါ်ထွက်လာတာပါ။
အခုလို အဖြစ်အပျက်မျိုး တီးတိန်မြို့မှာ ဖြစ်ပျက်လိမ့်မယ်လို့ ဘယ်သူမှ ထင်ခဲ့ကြမှာမဟုတ်ပေမယ့် အခုတော့ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ဖို့၊ အရပ်သားတွေကို ထင်သလို ပြုမူကျင့်ကြံခဲ့ကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ အရင်းအနှီးကြီးမားစွာနဲ့ ပီဒီအက်ဖ်တွေဖွဲ့စည်း ပေါ်ထွက်လာတဲ့သဘောလည်း ဖြစ်ပါတယ်။
နောက်ဆုံးသတင်းတပုဒ်ကတော့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ထဲက ကာကွယ်ရေး ဒုဝန်ကြီးတာဝန်ယူထားသူ ဒေါ်ခင်မမမျိုးကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးအဖြစ်တာဝန် လွှဲပြောင်းပေးအပ်တယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ဧပြီလက စတင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရဟာ စတင်ဖွဲ့စည်းစဥ်က အရေးပေါ်ကာလ အစိုးရ၊ တော်လှန်ရေး အစိုးရသဖွယ် ကျစ်ကျစ်လစ်လစ် လူဦးရေနည်းနည်းနဲ့ ဖွဲ့စည်းခဲ့သော်လည်း အခု ၄လကျော်လာပြီးနောက်မှာ ပုံမှန်ကာလအစိုးရကဲ့သို့ ဝန်ကြီးဌာနများ တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းလာတာတွေ့ရပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar