Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၁

လက်နက်ကိုင် ခုခံမှုများ၊ ကိုဗစ်ကပ်ရောဂါ ၊ ရေဘေးနဲ့ မြန်မာနိုင်ငံ

စစ်အာဏာသိမ်းမှု ၆ လပြည့်တဲ့အချိန် နိုင်ငံအဝှမ်းဘာတွေ ဖြစ်နေသလဲလို့ ပြန်ငဲ့ကြည့်လုိက်တဲ့အခါ ဆန္ဒပြမှုတွေမှာ အသက်ဆုံးရှုံးရမှုပေါင်းများစွာ၊ ဖမ်းဆီးမှုပေါင်းများစွာ ၊ ဥပဒေမဲ့ သတ်ဖြတ်မှုပေါင်းများစွာ၊ မိသားစုဝင်တွေ တိုက်ရိုက် မသက်ဆိုင်သူတွေကို ဓါးစားခံ ဖမ်းဆီးချုပ်နှောင်မှုပေါင်းများစွာ၊ မြန်မာနိုင်ငံအလယ်ပိုင်း အထက်ပိုင်းနဲ့ ချင်းပြည်နယ် တောင်ပိုင်းက ကျေးရွာတွေမှာ လက်လုပ်သေနတ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်မှုတွေ ကျေးရွာတွေကို မြေလှန်မီးရှို့၊ အရပ်သား၊ လက်နက်ကိုင်ခုခံသူမရွေးပဲ သတ်ဖြတ်တာ၊ ပိုင်ဆိုင်မှုတွေ လုယူဖျက်ဆီးတဲ့ မြင်ကွင်းတွေ၊ အာဏာကိုထိန်းချုပ်ဖို့ ဦးစားပေးပြီး လူတွေရဲ့အသက်ကိုခြွေမယ့် ကိုဗစ်ကူးစက်ကပ်ဘေးကို ဘေးချထားတာကြောင့် ကိုဗစ်ကူးစက်ကပ်ဘေးဒဏ်နဲ့ သောင်းဂဏန်းနဲ့ချီတဲ့ အသက်ဆုံးရှုံးမှုပေါင်းများစွာ ၊ မိုးလယ်ရာသီမှာ ကျရောက်နိုင်တဲ့ ရေကြီးတဲ့အန္တရာယ်နဲ့ ကိုဗစ်ကူးစက်မှုကို တပြိုင်နက်ခံရတဲ့ မြင်ကွင်းတွေ၊ ရိက္ခာအခက်အခဲ၊ ဆေးဝါးအခက်အခဲကြောင့် အိမ်ရှေ့တွေမှာ အလံဖြူ အလံဝါထောင်ထားကြတဲ့ နေအိမ်အချို့ စတဲ့ မြင်ကွင်းတွေက ပြီးခဲ့တဲ့ ၆ လရဲ့ ပုံရိပ်တွေ ဖြစ်နေပါတယ်။

ဒီလို စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းတွေ အဖြစ်အပျက်တွေကြားထဲမှာ ပြည်သူလူထု အချင်းချင်းကူညီမှု ယိုင်းပင်းမှု အကာအကွယ်ပေးမှုတွေလည်း အမဲရောင်တိမ်တိုက်ရဲ့ ငွေရောင်အနားသတ် အဖြစ်မြင်တွေ့ရပါလိမ့်မယ်။ သို့သော် အမဲရောင်တိမ်တိုက်က ထုထည်ကြီးမားလွန်း မေှာင်မိုက်လွန်းတာမို့ ငွေရောင်အနားသတ်က တောက်ပသင့်သလောက် မတောက်ပနိုင်ပါဘူး။

၆ လ တာ မှာ ထွက်ပေါ်လာတဲ့ ရလဒ်တွေကတော့ နောက်လာမယ့် ၁နှစ် ၂ နှစ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း ၂ သန်းလောက် အလုပ်လက်မဲ့ ဖြစ်နိုင်ခြေ၊ လူဦးရေရဲ့ ထက်ဝက်ကျော် ကိုဗစ်ကူးစက်ခံရနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပြိုလဲမတတ်ဖြစ်နေတာကြောင့် အကျအဆုံးထပ်မံရှိဦးမယ့် အလားအလာ၊ စီးပွားရေး ၃ ပုံ၁ ပုံလောက် ကျံု့ဝင်သွားနိုင်ခြေတွေ ပဲဖြစ်ပါတယ်။

ဒီမြင်ကွင်းတွေ ရှေ့အနာဂတ်အလားအလာတွေ က အများစု အနှုတ်လက္ခဏာဆောင်တာက အများစု ဖြစ်ပါတယ်။

အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကတော့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှား တိုက်ဖျက်ဖို့ အများက သိမြင်လာကြတဲ့အချက် နကိုက အမြင်ကွဲပြားနေကြတဲ့ ပြည်မနိုင်ငံရေး အင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား ဘုံခံစားချက် ဘုံတူညီချက်တွေ ရရှိလာတာ တွေ ဖြစ်မယ်ထင်ပါတယ်။

အဝေးမြင်ကွင်းကို ပြန်ပြောင်းငဲ့ကြည့်ရာက ဒီနေ့နဲ့ မနေ့က ဘာတွေဖြစ်ပျက်နေသလဲလို့ ကြည့်မိတဲ့အခါ ပြီးခဲ့တဲ့ ၃ ရက်လောက်အတွင်း ရန်ကုန်မြို့မှာ သေဆုံးမှု ကိန်းဂဏန်းလျော့ကျလာတယ်လို့ ပရဟိတအသင်းတွေက မှတ်ချက်ချပြောဆိုတဲ့ သတင်း၊ နယ်မြို့ကြီးတွေ အများစုမှာ အောက်စီဂျင်စက်ရုံ တည်ဆောက်နေကြတာ၊ နယ်စပ်က တဆင့် အောက်စီဂျင် ဓါတ်ငွေ့အရည်တွေ တင်သွင်းလာနေကြတာ၊ နယ်မြို့အချို့လည်း stay at home မြို့နယ်တွေအဖြစ် ထပ်မံ ထည့်သွင်းကြေညာလာတာ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း နဲ့ မကွေးတုိင်း ေပါက်မြို့နယ်ထဲက ကျေးရွာတွေမှာတော့ ကျေးရွာတွေက စုဖွဲ့ကြတဲ့ ပီဒီအက်ဖ် လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ခိုက်ကြတဲ့ သတင်း၊ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်ဘက်မှာ ချင်းပီဒီအက်ဖ်တွေ နဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှုး အဆင့်ရှိသူသေဆုံးတဲ့ သတင်းတွေ နဲ့အတူ ကိုဗစ်ကူးစက်မှု ကြောင့် ကာတွန်းဆရာတွေ၊ ကဗျာဆရာတွေ၊ ဆရာဝန်တွေ၊ ပညာရှင်တွေ ကွယ်လွန်ဆုံးရှုံးနေကြတဲ့ သတင်း ယခင်ရက်ပိုင်းတွေက စာရေးဆရာ သိုက်ထွန်းသက်၊ မင်းယုဝေ၊ ကာတွန်းဆရာ မြေဇာ ၊ ယနေ့ကြားသိရတဲ့ သတင်းထဲမှာတော့ ကဗျာဆရာ မောင်သင်းခိုင်၊ အဆိုတော် ရာဇာဝင်းတင့် ပန်းချီဆရာ ခိုင်တင် တို့ပဲ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်ကပ်ဘေးက ကျနော်တို့ လူမှုအဖွဲ့အစည်းက အတတ်ပညာရှင်တွေ အနုပညာရှင်တွေ၊ အသိပညာရှင်တွေကို ရက်သတ္တပတ်အနည်းငယ်အတွင်း ချွေချသွားတာ လူ့အဖွဲ့အစည်းအတွက်ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။

အဲသည်နေ့မှာပဲ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ဆန်ဖရန်စစ္စကိုဘေးဧရိယာမြန်မာကွန်မြူနီတီ အွန်လိုင်းတွေ့ဆုံပွဲကို တက်ရောက်တဲ့မြင်ကွင်းကိုလည်း ဖြည့်စွက်ပေးချင်ပါတယ်။ မြန်မာပြည်သူတွေက ကာကွယ်ရေးဝန်ကြီးဌာနကို တိုက်ရိုက်ရန်ပုံငွေထည့်ဝင်ကြသလို ဒေသခံ PDF တွေကိုလည်း သီးခြား သန်ရာသန်ရာထည့်ဝင်ကူညီနေကြတဲ့အကြောင်းကို ဦးရည်မွန်က မှတ်ချက်ပေးပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ PDF တွေရှိသလို သီးခြားလှုပ်ရှားနေတဲ့ ပီဒီအက်ဖ်တွေ ရှိနေတဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။ နယ်မြေခံ ကာကွယ်ရေးအဖွဲ့အမျိုးအစားတွေ အသီးသီးရှိကြသလို ဖေ့စ်ဘွတ်ပေါ်မှာ သတင်းထုတ်ပြန်ခြင်းမရှိဘဲ လှုပ်ရှားဆောင်ရွက်နေမှုတွေ ရှိနေတယ်လို့လည်း ပြောကြားသွားပါတယ်။ စစ်ကောင်စီ၏ ထောင်ခြောက်ဆင် ဖမ်းဆီးသတ်ဖြတ် ချေမှုန်းခံနေရမှုများကို သူတို့ NUG ကာကွယ်ရေးလက်အောက်က PDF တွေက အထူးဂရုစိုက်ကိုင်တွယ်တယ်လို့ ဆိုပါတယ်။ စစ်မဟာဗျူဟာမြောက် ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်း အကောင်အထည်ဖော်နေကြောင်း၊ EAO လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ၏ လက်တွဲမှု အားကောင်းကြောင်း စသည်ဖြင့်လည်း အသိပေးသွားပါတယ်။ NUG အစိုးရအတွက် တိုက်ရိုက်ရန်ပုံငွေရှာဖွေရေး အဖွဲ့များ ချိတ်ဆက်လှုပ်ရှားနိုင်ရေးရဲ့ အခန်းကဏ္ဍတွေအရေးကြီးကြောင်း အဲသည်အတွက် အစီအစဉ်တွေ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ အတွင်း၀န် နိုင်ထူးအောင်တို့ ပြည်သူတွေနဲ့ စကားဝိုင်းက စိတ်ဝင်စားစရာကောင်းပါတယ်။ ပြည်သူတွေကမေးတဲ့မေးခွန်းတွေက ပြည်သူတွေအများစုသိချင်တဲ့ အကြောင်းအရာတွေ ဖြစ်နေပြီး NUG ကာကွယ်ရေးက ထုတ်ပြန်ချက်တွေထက် ပိုပြီး လူထုအမေး သူတို့အဖြေတွေဟာ လူတွေနဲ့ နီးကပ်တယ်၊ လူတွေအတွက် တိုက်ရိုက်ထင်ဟပ်ချက်ဖြစ်ပါတယ်။

(Photo - Mizzima - ကူရာမဲ့ အဖိုးအဖွားဇနီးမောင်နှံအိမ်တွင် သေဆုံးသူ အဖွားအို၏ ရုပ်အလောင်းကို ၃ ရက်အကြာမှာတွေ့ရ)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar