Breaking News

မျိုးတေဇာမောင် - မောင်သင်းခိုင် နှင့် စကားပြောခြင်း


မောင်သင်းခိုင် နှင့် စကားပြောခြင်း (၂၀၁၈ မတ်လ)
မျိုးတေဇာမောင်
(မိုးမခ) သြဂုတ် ၁၊ ၂၀၂၁

၂၀၁၈ မတ်လ(၂၁)ဟာ ကဗျာဆရာကြီးမောင်သင်းခိုင် ရဲ့ အသက် ၇၈ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။
ဆရာမောင်သင်းခိုင်ရဲ့ မွေးနေ့မှာ မှတ်မှတ်ရရဖြစ်စေဖို့ ခေတ်ရနံ့အယ်ဒီတာနဲ့ဆွေးနွေးပြီး ဆရာမောင်သင်းခိုင်နဲ့ အမေးအဖြေကဏ္ဍလေးတစ်ခုစီစဉ်ခဲ့ပါတယ်။ ကျနော်တို့ ကဗျာဆရာတွေက ချစ်ခြင်းအားဖြင့် ဗိုလ်ကြီး(Our Captain )လို့ခေါ်ကြတဲ့ ဆရာမောင်သင်းခိုင်ရဲ့ ကဗျာဆရာဘဝ၊ နိုင်ငံရေးခံယူချက်၊ ကဗျာအပေါ်ခံယူချက်တွေကို ဒီဘက်ခေတ်ကဗျာစိတ်ဝင်စားသူတွေ သိရှိခံစားနိုင်ဖို့ ရည်ရွယ်ပါတယ်။
(ကျနော်တို့ က ဗိုလ်ကြီးလို့သူ့ကိုခေါပြီး၊ ဗိုလ်ကြီးကတော့ သူ့ကိုသူ တခါတရံ ''ငါ'' တခါတရံ ''ကျနော်'' လို့နာမ် စားပြုပါတယ်။ ကျနော်တို့ကိုတော့ အများနဲ့ဆိုရဲဘော်လို့ပဲ ခေါ်လေ့ရှိပါတယ်။ ဒီအင်တဗျူးဖြေတဲ့အချိန်မှာ ငါရော ကျနော်ရော ပြောပါတယ်။ ကျနော် နဲ့ စကားပြောတဲ့အခါတော့ ''ငါ'' ပဲ သုံးပါတယ်။)

မေး- ဗိုလ်ကြီး ရေ... ဗိုလ်ကြီး ရဲ့. ကဗျာဆရာဘဝအစကနေ စပြောလိုက်ကြရအောင်လား...။
ဗိုလ်ကြီးစိတ်တိုင်းကျသာပြောပါ။

ဖြေ- ငါ့အဖေက သခင်တင်ဦး၊ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ သား၊ အမေက ဒေါ်သန်းရင် ။ ၁၉၄၀ မတ် ၂၁၊ အီကွေတာပေါ်နေရောက်တဲ့နေ့ပေါ့၊ အဲ့ဒီ့ မတ် ၂၁ မှာမွေးတယ်။ ဗမာသက္ကရာဇ်ဆိုရင် ၁၃၀၁ တပေါင်းလဆန်း ၁၄ ရက်နေ့။

အမေက ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ သူနာပြု၊ နာ့စ်ဆိုပါတော့၊ သခင်တင်ထွန်းတို့နဲ့ ဂျပန်တော်လှန်ရေးကာလ ငါလည်း အမေနဲ့အတူတူ ရှိခဲ့တာ။ လယ်တီပဏ္ဍိတဦးမောင်ကြီးမှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိတယ်။ ငါ့အဖိုးကလည်း ကဗျာဆရာသာဆိုတယ် သားလည်း ကိုတင်ဦး၊ သမီးကျတော့လည်း မတင်ဦးတဲ့ကွာ။ ဒီဘက်မှာ ငါကဗျာရေးတယ်။ ဟို မုံရွာမှာတော့ မောင်ရဲခိုင်ပေါ့ကွာ။

မေး-ဗိုလ်ကြီး ကဗျာစရေးတဲ့ကာလ နောက်ခံလေးပြောပါဦး။

ဖြေ-၁၉၅၆ ဖဆပလ ဆယ်နှစ်ဆယ်မိုး ကာလပေါ့ကွာ။ ဆယ်တန်းကျောင်းသားဘဝ ပေါ့။ ပြည်သူ့ဂျာနယ်၊ ပြည်တော်သစ်၊ လင်းယုန်တို့မှာရေးကြတာပေါ့။ စရေးတဲ့အခါ ဖဆပလအစိုးရရဲ့ ဒီမိုကရေစီမဆန်တာတွေကိုဖွင့်ချပြီး ကဗျာလက်နက်နဲ့တိုက်ကြတာပေါ့။ မကြာပါဘူး ငါတို့ကိုဖမ်းတာပဲ။

မေး-အဲ့တုန်းကပျဉ်းမနားမှာပဲလား။
ဖြေ-အေး ပျဉ်းမနားပဲပေါ့။ ဒီကနေ ကဗျာက ရန်ကုန်ကို စာတိုက်ကပို့ရတာပေါ့။

မေး-ပထမဆုံအကြိမ်အထိန်းသိမ်းခံရတာက...။
ဖြေ- ၁၉၅၈ ၊ ပမထမကြိမ် စစ်အာဏာသိမ်းတုန်းကပေါ့။ စစ်သံခမောက်အောက်မှာ ပညာမသင်...ဆိုပြီးတိုက်ပွဲဖေါ်တာပေါ့။

မေး- ကျနော် တို့ မိုးဝေအကြောင်းဆက်ပြောကြမလားဗိုလ်ကြီး။

ဖြေ- မိုးဝေမှာ ငါ နဲ့ မောင်လေးအောင်ပေါ့ကွာ။ ကဗျာတွေရွေးပေးခဲ့ကြတာ။ ကိုနတ်ကို ဝိုင်းကူကြတာပေါ့။

မေး- မိုးဝေမဂ္ဂဇင်းအတွက် ကဗျာတွေရွေးကြတဲ့အခါ ဘယ်လို စံ နဲ့ ရွေးကြသလဲ။

ဖြေ- ပြည်သူ့အတွက်ကဗျာ။ ပြည်သူ့ကဗျာပေါ့ကွာ။
အနုပညာဟာ အနုပညာအတွက်ဆိုတာကို ဆန့်ကျင်တယ်။ လိုင်းကတော့ အနုပညာဟာပြည်သူ့အတွက်ဆိုတဲ့လိုင်းပေါ့ကွာ။ ဒါလည်း ဒဂုန်တာရာရဲ့ စာပေသစ်နဲ့ကလိုင်းကတော့တူမယ်။ ဆရာတာရာကတော့ Form ပြောင်းတာကို သိပ်လက်မခံချင်ပုံပဲ။ 

မေး- Form က spoken နဲ့ ရေးတာကိုပြောတာလား။

ဖြေ- ဟုတ်တယ်။ ငါတို့ပြောင်းခဲ့တာက မင်းလတ်ရဲခေါင် ရဲ့ Modernization of Burmese Language စာတမ်း ရဲ့ ဂယက်ပဲ။ ပြောသလိုရေးမယ်ပေါ့ကွာ။ ၁၉၆၆ ခုနှစ်လောက်က မန္တလေးက ဦးလှတို့၊ ဒေါ်အမာတို့၊ ဒေါက်တာသန်းထွန်းတို့လုပ်တယ်ကွာ။ မိုးဝေကဗျာတွေကလည်း spoken ပေါ့၊ပြောသလိုရေးတယ်ကွာ။ အဲ့ဒီ့အပြောင်း အလဲပေါ့။

မေး-ဒီမေးခွန်းကတော့ အဟောင်းပါပဲဗိုလ်ကြီး။ မိုးဝေကဗျာခေတ်ရှိသလား။

ဖြေ- ဒါ စကော်လာတွေပြောရမယ့်ကိစ္စကွ။
ငါတို့လုပ်ခဲ့ပြီးပြီ။ စကော်လာတွေကို ဆက်မေးကြကွာ။

မေး- နောက်တစ်ခုမေးချင်တာက ဗိုလ်ကြီးရေးခဲ့တဲ့ ''ထလော့ ဗော်လဂါ'' ကဗျာကိစ္စ။

ဖြေ- ဒါက ချက်ကိုစလိုဗက်ကီးယားကို ဆိုဗီယက်တင့်ကားတွေဝင်တဲ့အခါတုန်းကရေးတာကွ။ ဆိုရှယ်နယ်ချဲ့ကိုဆန့်ကျင်တာပေါ့ကွာ။
ခရူးရှက်ဖ်ကိုယ်တိုင်က သွေဖည်သွားပြီ ပြန်လည်ပြင်ဆင်ရေးဂိုဏ်းကွာ၊ ဒါကိုချတာ။

မေး- ဘာသာပြန်ကဗျာစာအုပ် "မမြင်ရတဲ့ မြစ်''ကို အခု ဒုတိယအကြိမ်ထုတ်ခဲ့ပြီးပြီ။ ဘာသာပြန်ကို ဘယ်တုန်း က စလုပ်ဖြစ်ပါသလဲ။

ဖြေ- ရှုထောင့်ဂျာနယ်မှာကွ ။''ရိုးမ''ဆိုတဲ့ကလောင် နဲ့ စရေးတာ။ ဒီဘက်ရောက်မှ မောင်သင်းခိုင် နဲ့ ပြန်ဖြစ်တာ။

မေး- ဘာသာပြန်ကဗျာတွေကို Spoken နဲ့ ပဲပြန်သလား၊ တချို့က အစောပိုင်းမှာ စကားပြေလိုပြန်ခဲ့တာတွေ့လို့မေးတာပါ။

ဖြေ- ၁၉၆၆၊ မင်းလတ်ရဲခေါင်လိုင်းနဲ့ ပြောသလိုရေးမယ်ဆိုပြီးစကတည်းက ပင်ကိုရေးရော၊ ဘာသာပြန်ရော Spoken ပဲ။ Spoken လက်မခံတဲ့ သူတွေကတော့ စကားပြေကြီးလိုပြန်လိုပြန်၊ ကာရန်တွေနဲ့ ဇွတ်လုပ်လိုလုပ်ရှိတာပေါ့ကွာ။

မေး-ခေတ်ပေါ်ကဗျာခေတ်ဦးက ကဗျာဆရာတွေအကြောင်းပြောပါဦး။

ဖြေ- ခုနက Spoken ဆိုတာနဲ့ဆက်ပြီးပြောရရင် မောင်ချောနွယ်ကွာ၊ မောင်ချောနွယ်က စကားပြောတဲ့အတိုင်းကို သူ့ကဗျာတွေကဖြစ်နေတာ။ သွက်တယ်၊ မလေးဘူးပေါ့ကွာ။ ခုန်နေတာကွ။
ဖော်ဝေးကတော့ ဆာဂျင်ကလပ်စကွ၊ ပျဉ်းမနားသား စိမ်းမော်တို့နဲ့အတူ ပါလာတာ။ ကဗျာဆိုတာက တော်ရုံ တန်ရုံစစ်သားတွေမရေးတတ်ဘူး။ တို့တတွေမိုးဝေမှာ စုစည်းလာကြတာ။ ဖော်ဝေးကတော့ ဘာသာပြန်တွေလည်းလုပ်ခဲ့သလို ကဗျာတွေလည်းအများကြီးရေးခဲ့တာ၊ ကျေးဇူးတင်ရမယ်၊ လွမ်းရတယ်ကွာ။

မေး- ဗိုလ်ကြီးဘာများပြောချင်ပါသေးသလဲ။
ဖြေ- ပြောနေကျစကားပဲပြောရမှာပဲ။
Form နဲ့ Content ကွာ။ ဟိုးရှေးကတည်းက တေးထပ်တွေ၊ လေးချိုးတွေကနေ ဆရာမင်းသုဝဏ်တို့ရဲ့ခေတ်စမ်း အဲ့ဒီကနေ ငါ့ဥက္ကဋ္ဌ ဆရာဒဂုန်တာရာ တို့ လေးလုံးစပ်ကိုချဲ့ထွင်ကြ၊ ပြီးတော့ ငါတို့ရဲ့ ၇၀ ခုနှစ် မော်ဒန်ကွာ။ Form ကတော့ သင်္ခါရသဘောပဲပြောင်းလဲရတာပဲ။ Content ကတော့ အရေးကြီးတယ်ကွ။ မင်းတို့ဖြေကွာ Formနဲ့ Content။ Content ကွာ။ ခုထိ မပြောင်းလဲသေးတဲ့ ခေတ်ကိုရေးဖို့က ဒီ Content ပဲကွာ။
Form အမျိုးမျိုးနဲ့ရေးနေရဦးမှာပဲ။

ကျေးဇူးတင်ပါတယ်၊ ဗိုလ်ကြီး။

မျိုးတေဇာမောင်
-၂၀၀၁ ခုနှစ် မှာ ပထမဆုံးပုံနှိပ်စာမူကဗျာ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar