Breaking News

ဦးမျိုး(မကွေး) - တွေ့မရှောင်

Photo - Google
တွေ့မရှောင်
ဦးမျိုး(မကွေး)
(မိုးမခ)  ဩဂုတ် ၃၊ ၂၀၂၁

မကြည်လင်သောစိတ်အလျဉ်များစီးဆင်းနေသည်က နေ့စဉ်လိုလို ဖြစ်နေသည်။ ဤကာလ၌ အခြားအလုပ်မရှိ။ ထို့ကြောင့် အိမ်တွင်း၌နေထိုင်ရင်း ကြက်မွေးသည်။ စားပင်စိုက်သည်။ ထွက်မရ၍ အပြင်နှင့် ဝေးခဲ့သော်မိသားစုအဆင်ပြေစေရန်ြဖစ်ပါသည်။ 

ကြက်မွေးရာ၌မူကျွန်တော်ကတိုက်ကြက်မျိုး မွေးချင်သည်။ ကျွန်တော်တို့ဒေသမှာ အိမ်တအိမ်တွင်တိုက်ကြက်ကောင်းတကောင်ရှိသင့်သည်ဟုထင်သည်။ အရက်ဝိုင်းထိုင်ထိုင် လက်ဖက်ရည်ဝိုင်းထိုင်ထိုင် ခေါင်းစဉ်များစွာကို ကျော်ဖြတ်ရာ၌ တိုက်ကြက်အကြောင်းကလည်း ဒေသဝိုင်းများနှင့်ကိုက်ညီသည်။ ချိတ်လား စိမ်းလား မဂိုလား ။ အနုလားအရင့်လား ။ ဗလာကောင်းလား ကြက်ရော ပါလား အဆံကျလား ခံနိုင်ရည်ကောင်းလား ပြီးခြေရှိလား ပြောရင်း သူ့ကြက် ကိုယ့်ကြက် အရသာခံကြသည်။

ကျွန်တော့်ကြက်ကိုအမည်ပေးမည်ဆိုေတာ့ ကျစ်လစ်မာကျောသဖြင့် တွေ့မရှောင်ဟု ကိုယ်ချစ်သောလက်ဝှေ့သမားအမည်ပေးလိုက်သည်။ တွေ့မရှောင်က ကြက်နုဆိုသော်ငြား မာသည်။ ကြက်စိတ်ကောင်းသည်။ အိမ်က ရွယ်တူကြက်နုတွေအားလုံးကို သူ့စိတ် သူ့ခွပ်လမ်းဖြင့် အနိုင်ယူသည်။ သူရောက်ပြီးမကြာခင် အိမ်၏ကြက်အဓိပတိနေရာယူနိုင်သွားသည်။ အမြင့်တက်၏။ အတောင်ခတ်၏။ အသံဩဩဖြင့် တွန်ကျူး၏။ ကြက်ကလေး များကို ညှာတာ၏။ စည်းကမ်းကောင်း၏။ အခြားဝိုင်းသို့ ခြေမကျူးတတ်ဘဲ သခင့်အထာလည်း အလွန်သိလေသည်။ 

တဖက်အိမ်ဝိုင်းတွင်မူ ကြက်ပြာကြီးတကောင်ရှိသည်။ အတက်ချွန်သော ကြက်ရင့်ကြီးဖြစ်၏။ ထိုကြက်ပြာကြီးကား အတက်ချွန်၍ ရင့်သည်ကိုမာနထား သည်ထင့်။ အရှေ့ဝိုင်းလည်းဝင်၍ ဗိုလ်ကျစိုးမိုးသည်။ အနောက်ဝိုင်းလည်းမွှေသည်။ တောင်ဝိုင်းမြောက်ဝိုင်းမကျန် တွန်သံပေးစိုးမိုးထားသည်။ သူ့အိမ်က ကြက် ကလေးများကိုပင် မညှာတာ။ သူ့အစာကိုအထိမခံ။ သူ့စိတ်မထင်လျှင် ခြေဆိုးဆိုးဖြင့် အတက်ထိုးမိသည်အထိ ခွပ်ပစ်တတ်သည်။

တနေ့၌မူ  ထိုကြက်ပြာကြီးက တွေ့မရှောင်၏နယ်မြေ အိမ်ဝိုင်းသို့ကျူးကျော်ဝင်ရောက်လာ၏။ တွေ့မရှောင်က ကြက်နုဖြစ်သော်လည်း ကြက်သဲကောင်းသဖြင့် ကာကွယ်ခွပ် ခွပ်လေသည်။ မိမိမှာမူ မည်သည့်အချိန်က တည်းက ခွပ်နေသည်ကိုမသိလိုက်။ သိချိန်တွင် သူ့ဒဏ်ရာကိုယ့်ဒဏ်ရာရပြီးလေပြီ။ ကြက်နုကြက်ရင့်မို့ စိုးရိမ်စိတ်ဖြစ်မိသော်လည်း တွေ့မရှောင်ကို ကြက်ပြာကြီး၏ ရင့်မာချွန်ထက်နေသော အတက်တို့မစူးခဲ့။ တွေ့မရှောင်၏ အတက်မှာ ပြောင်းဖူးစေ့သာသာရှိငြား ကြက်ပြာကြီးမျက်စပ်ကိုထိ၍ သူ၏မျက်စိတို့ ဖွင့်မရ။ မည်သို့ဆိုစေ ကိုယ့်ကြက်တွေ့မရှောင် အတက်စူးမခံရခြင်းကိုကျေနပ်နေမိသည်။ သိပ်မကြာလှ ကြက်ပြာကြီးကား သူ့အိမ်ဝိုင်းမှ နလံထလာပြန်၏။ ကျူးကျော်ရန်စပြန်လေသည်။ မိမိမှာ တွေ့မရှောင်အတွက်ပူပန်ရပြန်သည်။ တွေ့မရှောင်ကို ခြံထဲထားလိုက် ကြိုးချီထိန်းလိုက် အုပ်ဆောင်းအုပ်လိုက် ပြာကြီးကို မောင်းလိုက် ဖြစ်ရချေသည်။ 
သို့သော် ဤကားကြာမည်မထင်ပါ။

မကြာမီ ကြက်ပြာကြီးကား အတက်မည်မျှချွန်ချွန် သက်လုံကျသည့် ကြက်အိုဖကြီးဘဝရောက်တော့မည်။ 
မကြာမီ ပြာကြီးမှာ အရှေ့ အနောက် တောင် မြောက်စုံအောင်အလေခွပ်ခွပ်ခဲ့ေသာဒဏ်ရာတို့ဖြင့် တက်ဆွေးပင်တည်လာရော့မည်။
မကြာမီ ပြာကြီးဘဝသည် မိမိဝိုင်းထဲမှာပင် အတောင်ပံကို ရဲရဲပင် မခတ်ရဲသည်ထိ နယ်မြေကျုံ့လာပေရော့မည်။
မကြာမီ တွေ့မရှောင်ကား အတက်ရင့်ရင့်ချွန်ချွန်ဖြင့်ကြက်ရင့်ကြက်ကောင်းတစ်ကောင် ဖြစ်လာတော့မည်။ 
မကြာမီ ပြာကြီးရန်ကဝေးတော့မည်ဟုတွေးတောေမျှာ်လင့်ရင်း မနက်ခင်းက ပို၍သာ၍ အောက်စီဂျင်ပြည့်ဝနေတော့သည်။
                        
ဦးမျိုး(မကွေး)
၃.၈.၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar