Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၊ ၂၀၂၁

ပြည်ပရောက်မြန်မာတွေထဲက အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အသီးသိးကတော့ ဒီနေ့နဲ့ မနေ့ကစပြီးတော့ ဝါရှင်တန်ဒီစီကို ဦးတည်ပြီး စတင်ချီတက်ကြပါပြီ။ ဩဂုတ်လ ၈ရက် မြန်မာ့ ၈လေးလုံးအရေးတော်ပုံ နှစ်ပတ်လည် ၃၃ နှစ်ပြည့် အထိမ်းအမှတ်လည်းဖြစ် “NUG ကိုထောက်ခံဖို့ အိမ်ဖြူတော်သို့ ချီတက်စို့” ကြွေးကြော်သံဖြင့် Save Myanmar March Auguest 7 Movement အတွက် မြန်မာတွေ၏ အင်အားပြချီတက်မှု စတင်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်အချိန် ဩဂုတ် ၇ ဆိုတာ မြန်မာအချိန် ဩဂုတ် ၈ ရက်နေ့ဖြစ်ပါတယ်။ အဲသည်နေ့မှာ ဝါရှင်တန်ဒီစီက အိမ်ဖြူတော်ရှေ့မှာ မြန်မာတွေ နဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ အင်အား သောင်းချီပြီး အင်အားပြကာ NUG အစိုးရကို ထောက်ခံပွဲ ကျင်းပကြမှာ ဖြစ်ပါတယ်။ တဆက်တည်း NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုဖို့နဲ့ စက်တင်ဘာကုလကြားနာပွဲကနေ မြန်မာပြည်ကိုယ်စားလှယ်အဖြစ် NUG အစိုးရမှ ရွေးချယ်ပေးသူကိုလက်ခံဖို့ လူထုတောင်းဆိုမှု လှုပ်ရှားမှုကို အရှိန်မြှင့်ကြဖို့ ဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီအထိ မသွားနိုင်တဲ့ မြန်မာအင်အားစုများကလည်း မိမိတို့ ဒေသဆိုင်ရာ မြို့များမှာ လမ်းပေါ်ထွက် ချီတက်ပွဲတွေ စုဝေးကျင်းပကြဖို့ ဖိတ်ခေါ်ထားကြပါတယ်။

ဩဂုတ်လ ၁ရက်နေ့ကတော့ အလုပ်မဖြစ်တဲ့စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် နေရာယူပြီး အိမ်စောင့်အစိုးရတရပ် ဖွဲ့စည်းလိုက်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို လိုသလိုအသုံးချပြီး ဝန်ကြီးချုပ်ရာထူးကို ဖန်တီးလိုက်တာဟာ လူရယ်စရာ ဖြစ်ပေမယ့် သူကတော့ အရင်တုန်းက သမ္မတရာထူးလိုချင်ခဲ့ တောင်းဆိုခဲ့တာကနေ အခုလို ဝန်ကြီးချုပ်ရာထူးယူလိုက်တာကို လူတွေက ဝေဖန်ရှုပ်ချကြပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ကောင်စီအိမ်စောင့်အစိုးရကို ပြည်သူတွေထောက်ခံတဲ့ NUG အစိုးရအဖွဲ့က မတရားအသင်းအဖြစ် သတ်မှတ်ကြေညာလိုက်ပါတယ်။ နိုင်ငံတကာက သည်လုပ်ရပ်ကို ဝေဖန်ပြစ်တင်ကြပြီး - မြန်မာစစ်တပ်က ၂၀၂၃ နှစ်လယ်လောက်အထိ အာဏာဆက်လက် ချုပ်ကိုင်ထားဖို့ လုပ်နေတာဟာ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေ တောင်းဆိုထားတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအုပ်ချုပ်ရေး လမ်းကြောင်းပေါ်ပြန်ရောက်စေမယ့် လုပ်ရပ် မဟုတ်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

အိမ်စောင့်အစိုးရအမည်ခံလိုက်တဲ့ စစ်ကောင်စီက သည်ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းထားတဲ့ CDM ဆရာဝန်၊ ဝန်ထမ်းအချို့နဲ့ သံဃာအချို့ကို ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်၊ ပင်းတယ မီးအိမ်ရှင်လို့ လူသိများတဲ့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် တို့ပါဝင်ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအားလုံးဟာ သူတို့အာဏာတည်မြဲရေး ဆုပ်ကိုင်ထားရေးအတွက်ပဲ ရှေးရှုတာကြောင့် သည်လုပ်ရပ်တွေကို ဘယ်သူကမှ အသိအမှတ်ပြုကြမှာ မဟုတ်ပါဘူး။ တဖက်က လွှတ်ပေးတယ်ဆိုပြီးတော့ မန္တလေးနဲ့ အခြားမြို့ရွာများမှာ PDF တွေ သပိတ်ရဲဘော်တွေကို စစ်ကောင်စီက ပိုက်စိတ်တိုက်ပြီး ဆက်လက်ဖမ်းဆီးနေဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးဝင်းမြင့်တို့အမှုရုံးချိန်းထပ်မံရွှေ့ဆိုင်း လိုက်ပါတယ်။

မြန်မာပြည်သူတွေကတော့ ကူသူမဲ့ ကယ်သူမဲ့ ဆက်လက်ဖြစ်နေပြီး ကိုဗစ်ကပ်ဘေး၏ တိုက်ခိုက်မှုအောက်မှာ အပြင်းအထန် ခံစားနေရပါတယ်။ အသေအပျောက်တွေကလည်း ကျဆင်းသွားတယ် မရှိသေးပါဘူး။ မြို့ရွာအလိုက် သာရေးနာရေးအသင်းတွေ လူငယ်တွေ ဘာသာပေါင်းစုံက သာသနဝန်ထမ်းတွေက လူနာတွေ မိသားစုတွေကို တတ်နိုင်သလောက် ပြုစုစောင့်ရှောက်နေရတာ ဖြစ်ပါတယ်။ အခုချိန်မှာ သာမန်ဆေးဆိုင်တွေက လွယ်လွယ်ကူကူ ဝယ်နိုင်တဲ့ အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေးတွေကိုတောင် လူတွေက တန်းစီပြီး ခဲခဲယဉ်းယဉ်းဝယ်ယူနေရတဲ့ အခြေအနေဖြစ်တာမို့ မြန်မာပြည်၏ ကျန်းမာရေးစနစ် အခြေအနေဘယ်လောက်ဆိုးနေသလဲဆိုတာ မြင်ယောင်ကြည့်နိုင်ပါတယ်။ စစ်ကောင်စီက အိမ်စောင့်အစိုးရထူထောင်တယ်ကြေညာပေမယ့် ပြည်သူတွေအတွက် ကိုဗစ်အရေးကိစ္စအရေးပေါ်ကယ်ဆယ်ရေး ကူညီရေးကို လစ်လျူရှုထားတာက စစ်ခေါင်းဆောင် သန်းရွှေလက်ထက် ၂၀၀၈ အခြေခံဥပဒေကို နာဂစ်မုန်တိုင်းအောက် လူသန်းချီ အိုးအိမ်မဲ့ ထိခိုက်တာကို မကယ်တင်မစောင့်ရှောက်ဘဲ အတင်းအကြပ် လိမ်ညာအတည်ပြုခဲ့တဲ့ ဖြစ်ရပ်ထက်ကို ပိုမို ဆိုးဝါးအကျည်းတန်လှတယ်လို့ ဆိုနိုင်ပါတယ်။

ဩဂုတ်လမှာ ပြည်သူတွေက အင်အားပြပြီး စစ်ကောင်စီက အိမ်စောင့်ဖွဲ့တယ်။ စက်တင်ဘာမှာ UN မှာ မြန်မာအစိုးရဘယ်အစိုးရလဲ၊ အိမ်စောင့်စစ်အုပ်စုလား၊ NUG လား ဆိုတဲ့ UN မှာ ကြားနာစိန်ခေါ်ပွဲရှိတယ်။ စစ်ကောင်စီက သူ့သံရုံးတွေကို အင်အားဖြည့်တင်းတယ်၊ ပြင်ဆင်နေတယ်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ တိုင်းရင်းသားတွေကို စည်းရုံးနေတယ်။ စက်တင်ဘာကြားနာပွဲ ဘယ်လိုရလဒ် ထွက်ထွက် CRPH NUG က နိုင်ငံတကာမျက်နှာစာနဲ့ ပြည်ပရောက်မြန်မာအင်အားစုတွေအတွက် ရပ်တည်မှုတခုခုတော့ လုပ်ပြနိုင်ဖို့လိုပါတယ်။ သူတို့အစိုးရနဲ့ လွှတ်တော်ကိုယ်စားပြုကော်မီတီက နိုင်ငံတကာမှာ ပြည်သူ့အင်အား ထောက်ခံမှုနဲ့ သီးခြား ကိုယ်စားလှယ်ရုံးတွေ စင်တာတွေ ထုတ်ဖော်နိုင်မလား ဖွင့်လှစ်နိုင်မလားဆိုတာကလည်း မေးခွန်းတခု ဖြစ်ပါတယ်။ စက်တင်ဘာစိန်ခေါ်ပွဲအပြီးမှာ လွတ်မြောက်နယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖယ်ဒရယ်မဟာမိတ်အဆင့် စုဖွဲ့မှု၊ ဖယ်ဒရယ်ဒီမိုကရေစီကို အာမခံသော အခြေခံဥပဒေဖြစ်ထွန်းရေး ပဋိဉာဏ်အဆင့်ဆင့် တိုးတက်လာမှုတွေကိုလည်း ပြည်သူတွေက စောင့်မျှော်နေကြတယ်လို့ ဆိုနိုင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar