သီအိုဇော် - ကုလသမဂ္ဂအရေးနဲ့ ဝေးဝေးနီးနီး ဆက်လျှောက်ရမယ့်ဒီခရီး - ၃
သီအိုဇော် - ကုလသမဂ္ဂအရေးနဲ့ ဝေးဝေးနီးနီး ဆက်လျှောက်ရမယ့်ဒီခရီး - ၃
(မိုးမခ) ဩဂုတ် ၂၂၊ ၂၀၂၁လက်တင်အမေရိကနဲ့ ကာရီဘီယံ နိုင်ငံများအုပ်စု
အစဥ်အလာအားဖြင့်ကတော့ ဒီနိုင်ငံတွေဟာ အမေရိကန်နိုင်ငံနဲ့ပိုပြီး နီးနီးကပ်ကပ်ဆက်ဆံရေး ရှိကြပါတယ်၊ အထူးသဖြင့် တရုတ်၊ရုရှားတို့နဲ့ နှိုင်းယှဥ်တဲ့အခါမှာပါ။ Credentials Committee မှာ ဒီအုပ်စုရဲ့ (၃၃) နိုင်ငံအတွက် လက်တင်အမေရိက တစ်နေရာ ၊ ကာရီဘီယံ တစ်နေရာ စုစုပေါင်း (၂)နေရာ ရတဲ့အတွက် ကြိုးစားချဥ်းကပ်ရကျိုး အတော်နပ်တယ်လို့ဆိုနိုင်ပါတယ်။ အမေရိကန်နိုင်ငံဖြူရင် သူတို့ကမည်းလေ့ရှိတဲ့ ကျူးဘားနဲ့ ဗင်နီဇွဲလားက ဒီအုပ်စုထဲပါ ပါတယ်။ ဒီနှစ်နိုင်ငံအပါအဝင် ဒီအုပ်စုထဲက (၁၂)နိုင်ငံလောက်က မြန် မာနိုင်ငံနဲ့ တရားဝင်သံအဆက်အသွယ်ရှိကြပါတယ်။ BRI နဲ့ ကမ္ဘာအနှံ့ခြေဆန့်နေတဲ့ တရုတ်က သူထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အကြောင်းပြုပြီး သံတမန်ရေးလည်း တိုးမြှင့်တည်ဆောက်လာပါတယ်။ လက်တင် အမေရိကနဲ့ကာရီဘီယံ နိုင်ငံတွေကို တရုတ်ကာကွယ်ဆေးဝယ်ဖို့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ထုတ်ချေး သွားမယ်လို့ ဆိုခဲ့ဘူးပါတယ်။ စေတနာမှန်မှသာ ရောင်ပြန်ဟပ်လေ့ရှိတာကြောင့် တရုတ်နိုင်ငံရဲ့ သံတမန်ဗျူ ဟာအောင်မြင် မမြင်ဆိုတာကိုတော့ အရှည်စောင့်ကြည့်ရမှာပါ။
တကယ်တော့ လက်တင်အမေရိကနဲ့ ကာရီဘီယံဒေသဟာ တရုတ်နိုင်ငံအတွက် အတော်လေးစိတ်ကသိက အောက်ဖြစ်ရတဲ့နေရာလို့လည်း ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့အပြင်းအထန်ကန့်ကွက်မှုများကြောင့် ထိုင်ဝမ် နိုင်ငံနဲ့ တရားဝင်သံတမန်ဆက်ဆံရေး ထူထောင်ထားတဲ့နိုင်ငံများဟာ အတော်လေးကိုနည်းပါတယ်။ အမေရိ ကန်နိုင်ငံအပါအဝင် အင်အားကြီးအနောက်အုပ်စုနိုင်ငံများတောင် ရှောင်ရှားကြရတာပါ။ ဗာတီကန်ကိုယ်စား ပြုသံတမန်ဆက်ဆံရေးမပါပဲ စဥ်းစားကြည့်ရင် ကမ္ဘာ့နိုင်ငံ (၁၄)ခုကပဲ ထိုင်ဝမ်နဲ့ တရားဝင်သံတမန်ဆက်ဆံ ရေးရှိတာပါ။ အဲဒီထဲက(၉)နိုင်ငံက လက်တင်အမေရိကနဲ့ ကာရီဘီယံနိုင်ငံများဖြစ်ပါတယ်။ ပြောရရင်တော့ တရုတ်ပြောသမျှအလွယ်တကူ ခေါင်းငြိမ့်တတ်သူများမဟုတ်လို့ စစ်ကောင်စီအတွက်လော်ဘီလုပ်ပေးရင် တောင် အောင်မြင်ပါ့မလားလို့ မှတ်ချက်ချရပါလိမ့်မယ်။
အမှန်တရားချစ်တဲ့ မိတ်ဆွေစစ်များရှာပုံတော်
သံတမန် အဆက်အသွယ်ပုံမှန်ရှိတဲ့နိုင်ငံ၊ အထူးသဖြင့် သံရုံးအပြန်အလှန်ထားရှိကြတဲ့ နိုင်ငံတွေအတွက် ဆန့် ကျင်မဲထည့်ရမယ့်ကိစ္စကို ပိုပြီးသတိထားစဥ်းစားနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရရင် (၁၂၅) နိုင်ငံနဲ့ အပြန်အလှန်သံတမန်ဆက်ဆံရေး ထားရှိထားလို့ (၁၉၃) နိုင်ငံရှိတဲ့ကုလသမဂ္ဂ အဖွဲ့ထဲမှာ (၆၈) နိုင်ငံနဲ့ တရားဝင်အဆက်အသွယ် ရှိမထားပါဘူး။ ဒီလိုနိုင်ငံမျိုးဟာ NUGကို ထောက်ခံမဲထည့် ဖို့ တခြားငဲ့ကွက်စရာ ဘာအကြောင်းမှ မရှိနိုင်လို့လည်း ထင်မိပါတယ်။ ဒါ့ကြောင့်ဒီ (၆၈) နိုင်ငံဟာလည်း ဦး စားပေး ချဥ်းကပ်တဲ့စာရင်းမှာ ပါသင့်တယ်ထင်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ဇွန်လ(၁၈)ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာမြန်မာနိုင်ငံအရေး အဆိုပြုချက်ကို ကမကထပြု ပူးတွဲတင်သွင်းခဲ့တဲ့ နိုင်ငံ(၆၀)ရဲ့ အနေအထားကိုလည်း ဆက်လက်ထိန်းထားနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ Credentials Committee မှာ မဲအသာ ရဖို့ အရေးကြီးတော့ အဲဒီနိုင်ငံတွေကို ပါစေချင်ပါတယ်။ ဇွန်လ(၁၈)ရက်နေ့တုန်းက ထောက်ခံမဲပေးခဲ့ကြတဲ့ (၁၁၉)နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် စာနာမှုကိုလည်း လျော့မသွားစေချင်ပါ။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ စစ်ကောင်စီရဲ့အာဏာသိမ်းမှုဟာ လုံးဝလက်ခံနိုင် ဖွယ်မရှိလို့ ပြောခဲ့သူတစ်ဦးပါ။ ကုလသမဂ္ဂရဲ့ စံတန်ဖိုးဟာ ဒီမိုကရေစီဖြစ်ပြီး လူ့အခွင့်အရေး၊ဖွံ့ဖြိုးရေး၊ ငြိမ်း ချမ်းရေးနဲ့ လုံခြုံရေးတို့ကို မြှင့်တင်ခြင်းနဲ့ ဒီမိုကရေစီကို ထောက်ခံပုံဖေါ်သွားမယ်ဆိုတာ ကုလသမဂ္ဂရဲ့ အခြေ ခံမူဝါဒလည်းဖြစ်ပါတယ်။ ဒါတွေကိုထောက်ရှုကြည့်ရင် စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ ကုလသမဂ္ဂမိသားစုရဲ့ အဝန်းအဝိုင်းမှာ ဘယ်လိုမှအံဝင်ခွင်ကျဖြစ်မနေတာ ကိုတွေ့ရမှာပါ။ ဒါ့အပြင်သတင်းများမှာ ကြားသိပြီးကြ တဲ့အတိုင်း နိုင်ငံတကာအသိုင်းအဝိုင်းကလည်း NUG နဲ့ လက်ခံတွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့တာကိုသတိပြုမိ ကြမှာပါ။ ကုလသမဂ္ဂ အဝန်းအဝိုင်းကလည်း ပြင်းထန်တဲ့စကားလုံးတွေနဲ့ စစ်ကောင်စီကို ဝေဖန်ထောက်ပြမှု တွေ လုပ်နေပါတယ်။ ဒီအချက်တွေကိုကြည့်ရင်တော့ NUG ကို စစ်ကာင်စီထက်ဖို့ ကမ္ဘာကြီးက ပိုပြီးလိုလို လားလားရှိတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
ဒါပေမယ့် ဒီနေရာမှာ သတိပြုရမှာကတော့ Credentials Committee မှာပဲဖြစ်ဖြစ်၊အထွေထွေညီလာခံမှာပဲ ဖြစ်ဖြစ် မဲခွဲ ကြတဲ့နေရာမှာ တရားတဲ့ဘက်ရပ်ခြင်းမရပ်ခြင်း၊ မှန်ကန်တဲ့ဘက်ရပ်ခြင်းမရပ်ခြင်း ဆိုတာထက် အချို့ အစိုးရတွေက အကျိုးစီးပွားကိုသာရှေ့ရှု့ ပြီး နိုင်ငံရေးအကျိုးအမြတ် အတွက် မဲပေးနိုင်ကြတယ်ဆိုတာ ကိုပါ။ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ United Nations Conference on Trade and Development (UNCTAD)ကိုယ်တိုင် အဖွဲ့ဝင်နိုင်ငံများရဲ့ အထွေထွေညီလာခံမှာ မဲပေးတဲ့ပုံစံများကို သုတေသနလုပ်ထား တာကိုအနည်းငယ် ပြောပြလိုပါတယ်။ သူတို့ရဲ့တွေ့ရှိချက်အရ ဆိုရင် ဒေသဆိုင်ရာကုန်သွယ်ရေးသဘောတူ ညီချက်ရေးထိုးထားတဲ့ နိုင်ငံတွေဟာ မဲပေးတဲ့အခါ အတော်လေးကို နီးနီးစပ်စပ် ရှိကြတယ်ဆိုတာကိုပါ။
Credentials Committee မဲခွဲဆုံးဖြတ်မှုမဟုတ်ပေမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကပဲ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်ရွေးချယ်ခဲ့ပုံလေး ဆက်စပ်ရေးသားချင်ပါသေးတယ်။ ၂၀၁၉ခုနှစ် ဇူလိုင်လက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဗင်နီဇွဲလားနိုင်ငံကို ပြစ်တင်ထောက်ပြ ခဲ့ပါတယ်။ စက်တင်ဘာလရောက်တော့ သီးခြားလွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတွင်းမှာ ဗင်နီဇွဲလားက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရဖို့ ကြိုးစားလာတဲ့အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တစ်ခု ဖြစ်တဲ့ Human Rights Watch (HRW) အပါအဝင်လူ့ အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့အစည်းတွေက လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ပုံရိပ်မ ကောင်းတဲ့ ဗင်နီဇွဲလားနိုင်ငံ နဲ့ ဒီရာထူးဟာ လုံးဝမထိုက်တန်တဲ့အကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၇) ရက်နေ့မှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ဗင်နီဇွဲလားနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် အဖြစ်ရွေးချယ်ခဲ့ပါတယ်။ ကုလသမဂ္ဂကို နားလည်ဖို့ အတော့် ကို ကြိုးစားရအုံးမှာပါလားလို့ပဲ မှတ်ချက်ပေးရမလိုပါ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar