မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၄ ရက် မြောက်နေ့ မြင်ကွင်း

Photo - Mizzima

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၄ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၄၊ ၂၀၂၁NUG CRPH နဲ့ အခြားတော်လှန်ရေးအင်အားစုတွေ ဘာကွာခြားသလဲ
ရန်ကုန်နဲ့ မြန်မာမြို့ကြီးများမှာ ညဘက်တွေမှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက ပြည်သူတွေရဲ့ အိမ်တွေကို ကျုးကျော်ဝင်ရောက်ပြီး လူကြီး လူငယ်တွေကို ဖမ်းဆီးမှုတွေ တိုးပြီး လုပ်နေပါတယ်။ သူတို့ပြောတာက သတင်းအရ စုံစမ်းဖော်ထုတ်ချက်တွေအရ PDF တွေကို လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။ အချို့ကတော့ PDF ရဲဘော်တွေကို ဖမ်းဆီးစစ်ဆေးရာကနေ ကွင်းဆက်တွေလိုက်ပြီး ဖမ်းဆီးတယ်၊ ရက်စက်ကြမ်းကြုတ်စွာ နှီပ်စက်မေးမြန်းတယ်၊ ဖုန်းတွေ ကွန်ပြူတာတွေကို ဖောက်ပြီး အချက်အလက်တွေ အဆက်အသွယ်တွေ ဖော်ထုတ်တယ်လို့ မှတ်ချက်ပေးပါတယ်။ အချို့ ရဲဘော်တွေက သူတို့စခန်းချထားတဲ့ နေရာတွေကနေ အချိန်တိုတိုအတွင်း တိမ်းရှောင်ပြောင်းရွှေ့ကြရတယ်လို့ ဆိုပါတယ်။ ကြိုတင်ပြီး ပြောင်းရွှေ့သွားကြတာ၊ ပြင်ဆင်ထားကြတဲ့ အစီအမံ အချိတ်အဆက်တွေနဲ့ လုပ်ကိုင်နေကြတာ ရှိကြပုံရတယ်လို့ အကဲခတ်တွေက ခန့်မှန်းကြပါတယ်။ စစ်ကောင်စီက မြို့ပြမှာ ခြေကုပ်ယူထားတဲ့ ဒေသခံ ပီဒီအက်ဖ်တွေ အင်အားတွေကို မြို့ပြင်တွေ ကျေးလက်တောရွာတွေအထိ လွင့်စင် တိမ်းရှောင် ပြန့်ကျဲသွားအောင် ဖိအားပေး ခြိမ်းခြောက်ပြီး မောင်းနှင်ထုတ်နိုင်လိမ့်မယ်လို့ ယူဆနေသလားမသိဘူးလို့ ရန်ကုန်ဒေသခံအချို့က သဘောထားကို ပြောကြားပါတယ်။
မြို့ပြပီဒီအက်ဖ်တွေက အနံ့ရသွားတာ သို့မဟုတ် ကိုယ့်ကွန်ရက်ထဲက တယောက်ယောက် ဖမ်းခံရပြီဆိုရင် လွတ်မြောက်နယ်မြေလိုမျိုးကို တိမ်းရှောင်နိုင်တဲ့ အနေအထားမျိုးမဟုတ်ကြတာ လေ့လာမိတယ်။ ဗကပ လိုအဖွဲ့အစည်းက မြေအောက်လုပ်ရာမှာ မြေအောက်မှာ နေဖို့မလွယ်တော့ နာမည် ၊ လူပုံပန်းသဏ္ဍာန်ရန်သူက ရသွားပြီဆို လွတ်မြောက်နယ်မြေကို ရွှေ့ကြတာမျိုး လုပ်ကြတယ်၊ အခု ပီဒီအက်ဖ်တွေက နောက်ဆုံး အဖမ်းခံ အသေခံမယ်ဆိုပြီး တိုက်ကြရတာမျိုးလို့ အကဲခတ်ရတယ်။
စစ်ကောင်စီဘက်က စစ်ရေးအပြင် အကြမ်းဖက်တဲ့ ဖိအားပေးမှုတွေ တိုးမြှင့်လုပ်လာရတာကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုတွေဘက်က ဒီဒေးခေါ်သံတွေ ကျယ်လောင်လာတာ၊ ငွေကြေးထောက်ပံ့ကူညီဖို့ လှုပ်ရှားမှုတွေ တိုးမြှင့်လာတာ၊ အဲသည်အတွက် ပြည်သူတွေက အရှိန်အဟုန်နဲ့ ငွေကြေးတွေ လှူဒါန်းကြတာတွေ တိုးပြီး လုပ်လာတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒေသခံ PDFတွေ (local PDF) တွေကလည်း သူတို့အချင်းချင်း ချိတ်ဆက်မှုတွေ မဟာမိတ်ဖွဲ့မှုတွေ တိုးပြီး ထုတ်ပြန်လာကြတာလည်း အကြောင်းတခု ဖြစ်နိုင်ပါတယ်။ CDF မင်းတပ်၊ကန်ပက်လက် CNO(Falam & kalay ka baw) ZFC(Tedim , Tonzang & kalay အဖွဲ့ တို့မဟာမိတ်ပြုလုပ်ကြောင်း သြဂုတ်လ ၂၄ ရက်မှာ သဘောထားထုတ်ပြန်ပါတယ်။ ဩဂုတ်လ ၂၃ တုန်းကလည်း - ပြည့်သူ့လွတ်မြောက်ရေးတပ်မတော် (People Liberation Army-PLA) ကို ဖွဲ့စည်းကြောင်း ထပ်မံအသိပေး ထုတ်ပြန်ချက်တစောင်တွေ့ရပါတယ်။ ရန်ကုန်တိုင်းအတွင်းက Local PDF အဖွဲ့ ၁၀ ဖွဲ့ကျော်ကလည်း ချိတ်ဆက်လှုပ်ရှားမယ်လို့ ဩဂုတ်လအတွင်းမှာ ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ဒေသခံ PDF အဖွဲ့တွေက NUG CRPH နဲ့ ဆက်စပ်နေတဲ့ PDF တွေ မဟုတ်ဘူးဆိုတာကိုလည်း သူတို့ကြေညာချက်တွေမှာ တိတိလင်းလင်း မဟုတ်ရင်တောင် အရိပ်အမြွက်တွေ့နိုင်ပါတယ်။ သူတို့ ပြောကြတာက - ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် ခိုင်မာတိကျသော နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်ရှိသည့် အဖွဲ့အစည်းများနှင့် လက်တွဲသွားမယ်လို့ ရေးထားတာ ယေဘူယျအားဖြင့် တွေ့ရပါတယ်။
NUG ကာကွယ်ရေး၊ ပြည်ထဲရေး ဝန်ကြိးဌာနတွေနဲ့ ဆက်စပ်ဖွဲ့စည်းထားတဲ့ PDF နဲ့ အလားတူ အင်အားစုတွေကတော့ NUG အစိုးရ၏ အမိန့်ပေး ညွှန်ကြားမှု တာဝန်ယူမှု တာဝန်ခံမှုတွေအောက်က ဆောင်ရွက်ကြမှာဖြစ်ပြီး အခြား PDF တွေကတော့ သူတို့သဘောထားနဲ့ သူတို့ လွတ်လပ်တဲ့သဘော ရှိပါတယ်။ သူတို့အင်အား လက်နက် ထောက်ခံပံ့ပိုးမှုတွေကို ဆိုရှယ်မီဒီယာကနေတဆင့် ပြန်ကြားစည်းရုံးကြပါတယ်။ အခုချိန်ထိ အချို့ PDF အဖွဲဲ့တွေက အမည်မျိုးစုံခံယူထားကြပြီး စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို လက်နက်ဖြင့် တွန်းလှန်ရေး၊ အလစ်အငိုက်တိုက်ခိုက်ရေးတို့ကို ဦးစားပေးပါတယ်။ သူတို့တွေ၏ နိုင်ငံရေးလမ်းစဉ် စစ်ရေးလမ်းစဉ်ကို တိတိကျကျထုတ်ပြန်ထားတာ မတွေ့ရဘဲ ခုနင်က ပြည်သူတွေမျှော်နေတဲ့ D-Day ကို ဝန်းရံအားဖြည့်ရေးကို ယေဘူယျ ဦးတည်ကြပုံရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေမှာ စစ်ရေးနဲ့ နိုင်ငံရေး သီးခြားစီ ခေါင်းဆောင်သူ၊ စည်းရုံးသူတွေ ယခင်ဖက်ဆစ်တော်လှန်ရေးသမိုင်း၊ တရုတ်ကွန်မြူနစ်တွေ၏ တော်လှန်ရေးသမိုင်းတွေမှာ တွေ့နိုင်ခဲ့ပေမယ့် ယခုကတော့ စစ်လက်နက်ကိုင်စွဲသူတွေက ရှေ့ကရောက်နေတာ တွေ့နိုင်ပါတယ်။
န်ိုင်ငံရေးနဲ့ စစ်ရေးကို တွဲဖက်ပြီး လှုပ်ရှားကြတာ စီမံကြတာကို EAO တွေဆီမှာ ပိုပြီး တွေ့နိုင်ပါတယ်။ ပြည်တွင်းစစ်သက်တမ်းနဲ့အမျှ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေက စစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲတွေ ရှိသလို တဖက်ကလည်း နိုင်ငံရေးစကားတွေ အသံပေးနေကြလေ့ရှိပါတယ်။ ယနေ့ KIA / KIO တို့၏ ထုတ်ပြန်ချက်က အချက် ၅ ချက်ကို ကြည့်ရင် သိသာပါတယ်။ သည်လိုမျိုး PPST တို့ကလည်း ထုတ်ပါတယ်။ KNU အဖွဲ့ကလည်း သည်လိုစကားမျိုး ပြောလေ့ရှိပါတယ်။ တိုက်ပွဲတွေကတော့ ရင်ဆိုင်နေရဆဲပါပဲ။ KIO / KIA ထုတ်ပြန်ချက်ကို ဖော်ပြရရင် -
၁) စစ်အာဏာသိမ်းလိုက်တာကြောင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ်တွေ အကုန်လမ်းပိတ်သွားတယ်၊
၂) ကိုဗစ်၁၉ ကပ်ရောဂါပိုဆိုးလာတဲ့အပြင် ကပ်ရောဂါကြောင့် ဆုံးပါးသွားတဲ့ တိုင်းသူပြည်သားတွေနဲ့ပတ်သက်ပြီး ကေအိုင်အိုအနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရတယ်၊
၃) ကိုဗစ်၁၉ ကပ်ရောဂါကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေပူးပေါင်းတိုက်ဖျက်တာကို အသိအမှတ်ပြုတယ်၊ အိမ်နီးချင်းနိုင်ငံတွေ အကူအညီပေးတဲ့ လုပ်ငန်းတွေမှာ ကေအိုင်အိုအနေနဲ့ တတ်နိုင်သမျှပူးပေါင်း ပါဝင်ကူညီသွားဖို့ အဆင်သင့်ရှိတယ်၊
၄) ဒီလိုအခက်အခဲတွေကြား တိုက်ပွဲတွေ ဆိုးဆိုးဝါးဝါးဖြစ်လာရင် အကျိုးရှိမှာ မဟုတ်ဘူးဆိုတာ ငြင်းလို့မရဘူး၊ ဆွေးနွေးသင့်တဲ့အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး စစ်ပွဲကိုရှောင်လွှဲနိုင်ရင် အကောင်းဆုံးဖြစ်မယ်၊
၅) ကေအိုင်အိုဗဟိုကော်မတီအနေနဲ့ စစ်ပွဲကိုရှောင်ရှားပြီး နိုင်ငံရေးပြဿနာကို စစ်မှန်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားမျှော်လင့်တယ် ဆိုတဲ့ ငါးချက်ပါဝင်ပါတယ်။ (ဒါက ဆိုရှယ်မီဒီယာပို့စ်တခုက ဘာသာပြန်ကို ကူးယူဖော်ပြတာ ဖြစ်ပါတယ်)
NUG နဲ့ CRPH က နိုင်ငံတကာမျက်နှာစာမှာ တရားဝင်အစိုးရတရပ်အဖြစ် စစ်ကောင်စိကို လွန်ပြီး ယူအန်နိုင်ငံတွေက အသိအမှတ်ပြုဖို့ ကြိုးပမ်းနေတဲ့ ကာလဖြစ်နေပါတယ်။ ပြည်သူလူထုက တူးတူးခါးခါးမုန်းတီးဆန့်ကျင်နေတဲ့ စစ်ကောင်စီနဲ့ သူတို့ NUG CRPH က အထက်မှာ ဖော်ပြခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေလို သင့်မြတ်ချင်တဲ့စကားမျိုး ပြောရမယ့် အချိန်အခါလည်း ဟုတ်ပုံမရပါဘူး။ CRPH NUG က ကိုဗစ်တတိယလှိုင်းမှာ သူတို့တတ်နိုင်သလောက် အစွမ်းကုန် CDM network တွေကနေ ကျန်းမာရေးအထောက်အကူလုပ်ပေးခဲ့ကြတာ၊ လူထုကို တတ်နိုင်သလောက် ခွန်အားပေး ပညာပေးခဲ့ကြရာမှာလည်း စစ်ကောင်စီနဲ့ ညှိနှိုင်းခြင်း မရှိဘဲ လုပ်နိုင်ခဲ့တာကို တွေ့နိုင်ပါတယ်။ CRPH NUG ကို ပြည်သူတွေက မိမိတို့ အစိုးရတရပ် လွှတ်တော်တရပ်အဖြစ် အသိအမှတ်ပြု mandate ပေး ထောက်ခံမှု လိုက်ပါဆောင်ရွက်မှုဟာ အခြား တိုင်းရင်းသားတွေ ၊ နွေဦးတော်လှန်ရေး အစုအဖွဲ့တွေကို ပြည်သူတွေက ထောက်ခံမှု အားပေးမှုဆိုတာထက် အဆပေါင်းများစွာ များပြားတယ်ဆိုတာကို တွေ့နေရပါတယ်။ NUG CRPH နိုင်ငံရေးလမ်းစဉ်ထဲမှာ အခြေခံဥပဒေအသစ်တရပ် ဖော်ဆောင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုတာ အလုပ်တာဝန် ၀တ္တရားတရပ်လို ပါဝင်နေတာ၊ မပါဝင်ဘဲ ပစ်ထားလို့ မရတာ ဖြစ်ပါတယ်။ အခြားနိုင်ငံရေး စစ်ရေးအဖွဲ့တွေက အခြေခံဥပဒေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုစကားကို ထုတ်ပြောစရာ မလိုဘဲ ငြိမ်းချမ်းရေးတွေ စေ့စပ်ရေးတွေ အခြားနည်းလမ်းတွေ ပြောချင်ပြောနိုင်သော်လည်း NUG CRPH က ခုချိန်မှာ ပြောနိုင်မှာ မဟုတ်ပါ။ သူ့ခေါင်းပေါ်မှာ လူထုအနာဂတ် အခြေခံဥပဒေသစ်နဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုက ရှိနေတာကိုးလို့ ဆိုရပါမယ်။ (ကျန်အဖွဲ့တွေက နိုင်ငံရေးပြသနာလို့ပဲ အမည်တပ်ကြပါတယ်)
ဒါကြောင့်မို့လို့ နိုင်ငံရေးလမ်းကြောင်းတွေမှာ စစ်ကောင်စီကို အရေးယူရေး ပိတ်ဆို့ရေး ဖြုတ်ချနိုင်ရေး ကန့်သတ်ရေး နည်းလမ်းမျိုးစုံဟာ စစ်ရေးလမ်းစဉ်နဲ့ တပြိုက်နက်တည်း ဖော်ဆောင်နေရတာကြောင့် လူထုက CRPH NUG ကို တပြိုက်နက် အားမလိုအားမရ အလိုမကျ ဖြစ်ကြသလို တဖက်ကလည်း တခဲနက် မျော်လင့် အားထား အားကိုးထောက်ခံမှုတွေ မလျော့နိုင်တာလို့ ဆိုချင်ပါတယ်။ ဒါကြောင့် PDF တွေက လက်သံပြောင်လိုက်တိုင်း ဩဘာပေးတဲ့ ပြည်သူတွေဟာ ဦးကျော်မိုးထွန်း ယူအန်မှာ ဆက်ရှိနေဖို့ ဝိုင်းဝန်း လှုပ်ရှားနေကြပြီး ဒေါက်တာဆာဆာက စကားတခွန်းပြောလိုက်တိုင်း ဟေးကနဲ ဘောလုံးပွဲကြည့်ပရိသတ်တွေလို ဝမ်းသာအားရ လက်ခုပ်ဩဘာတွေ ပေးနေကြတာ ဖြစ်ပါတယ်။ NUG CRPH ခေါင်းဆောင်တွေ ဝန်ကြီးတွေ နဲ့ အစိုးရ လွှတ်တော် PDF အပြောတွေ အသံတွေ အလုပ်တွေ ညွှန်ကြားချက်တွေကို ပြည်သူတွေက စောင့်ကြည့် နားစွင့် အားပေး ထောက်ခံ ဝန်းယံ လုပ်ဆောင်နေကြရတာကိုတော့ ဘယ်သူမှ ငြင်းပယ်လို့ မရနိုင်တဲ့ အခြေအနေ ရှိနေဆဲပါပဲ။
NUG နဲ့ CRPH က အခြေခံဥပဒေသစ်၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ် ဆိုတာကို ကတိခံထားပြီး ဖြစ်နေတာကိုး။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar