စိမ်းစို - '' မနုဿသားကောင် '' -နွေဦး က ခြွေသွားတဲ့ ကြယ်တွေ (၂)
နွေဦး က ခြွေသွားတဲ့ ကြယ်တွေ (၂)
မနုဿသားကောင်
စိမ်းစို
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၂၁
ဘယ်သူမှထင်မှတ်မထားမိတဲ့ဇာတ်ညွှန်းနဲ့ပဲ ဒီ နွေဦးကို ဖွင့်တယ် ပြောရမယ်။
မြန်မာနိုင်ငံ ရဲ့ သမိုင်း မှာ မကြုံစဖူး ထူးထူးခြားခြား တိုင်းပြည်ရဲ့ လူဦးရေတဝက်နီးပါးလောက် လမ်းတွေပေါ် တက်လာခဲ့ကြတယ်….
တိုင်းပြည်ရဲ့ မြင်မြင်လေရာ မြို့ရွာတွေမှာသမိုင်းမှာ အကြီးကျယ်ဆုံး စုဝေးမှုကြီးကို စုပေါင်းပုံဖော် ကြဖို့ အလွှာစုံ နယ်ပယ်စုံက လူတွေ လမ်းပေါ် ရောက်လာခဲ့ကြတယ်….
ဆရာဝန်တွေ ပါတယ်၊ သူနာပြု တွေ ပါတယ်၊ အင်ဂျင်နီယာတွေ ပါတယ်၊ ဆရာမတွေ ပါတယ်။ သက်ကြီးရွယ်အိုတွေ ပါတယ်၊ ကိုယ်စိတ် မသန်စွမ်းတဲ့ သူတွေ ပါတယ်၊ ဘဏ်ဝန်ထမ်းတွေ ပါတယ်၊ ရှေ့နေတွေ ပါတယ်၊ အလုပ်သမား တွေ ပါတယ်၊ လယ်သမားတွေ ပါတယ်၊ မီးသတ်သမားတွေ ပါတယ်၊ Food Panda ကလေးတွေ ပါတယ်၊ ဆိုက်ကားသမားတွေ ပါတယ်၊ ခေါင်းရွက်ဗျပ်ထိုး တွေ ပါတယ်၊ နာမည်ကျော် စာပေ ဂီတ ရုပ်ရှင် အနုသုခုမ နယ်ပယ် နဲ့တကွ လူမှုကွန်ယက်ပေါ်မှာ ထင်ရှားကျော်ကြားတဲ့လူတွေလည်း ပါတယ်။
လမ်းပေါ်မှာရှိနေပါလျက်နဲ့ မပါဘဲနဲ့ ကျန်ခဲ့တဲ့ လူ့အတန်းအစား မရှိအောင်ကို တစ်နည်းနည်း နဲ့ ပါတယ်…
အားလုံးရဲ့ ရှေ့ဆုံးမှာတော့ ….
Generation Z လို့ နောက်ပိုင်းမှာ နာမည်ကျော်မယ့် ဆယ့်လေးငါးခြောက်နှစ်ကနေ ဆယ့်ကိုးနှစ်ဆယ် အစိတ် လူငယ်ကလေးတွေ ပါတယ်။
…………………………… ………………………. ………………………….
နွေဦးစပြီး ဆယ်ရက်လောက်မှာပဲ နေပြည်တော် မှာ အသက် ၁၉နှစ်ပဲရှိသေးတဲ့ ပျဉ်းမနားတက္ကသိုလ်တခုက ကွန်ပြူတာကျောင်းသူလေးမြသွဲ့သွဲ့ခိုင်ခေါင်းကို တိုက်ရိုက်သေနတ်မှန် ပြီး ၁၀ ရက်လောက်အကြာမှာ ကျဆုံးတယ်။
အဲဒီတဝိုက်လောက်မှာပဲ မန္တလေးစိန်ပန်းရပ်က အသက် ၁၆နှစ်ပဲရှိသေးတဲ့ လူငယ်ကလေး ဝေယံဟိန်းခေါင်းကို စနိုက်ပါနဲ့ အပစ်ခံရပြီး ဦးနှောက်တွေပါ ထွက်ပြီး တခါတည်း ကျတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့ နဲ့ အဲဒီနေ့ရဲ့ နောက်ပိုင်း မတ်လထဲကနေ့တွေမှာတော့ လမ်းပေါ်မှာ လူတွေပစ်သတ်မခံရတဲ့နေ့ရယ်လို့မရှိတော့လောက်အောင် တပြည်လုံးအတိုင်းအတာနဲ့ကို အကျအဆုံးတွေ စိပ်လာတယ်၊
အဲဒီအချိန်တွေ တဝိုက်လောက်မှာပဲ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနရဲ့သမိုင်းမှာ အရုန့်ရင်းအကြမ်းတမ်းဆုံးနဲ့ ရှက်ဖို့ အကောင်းဆုံး နောက်ကနေပြီး ခေါင်းကိုပစ်သတ်ခံရမယ်ဆိုတဲ့သဘောမျိုး ခြိမ်းခြောက်သံတွေ သတင်းစာနဲ့ တီဗီ တွေမှာ ပါလာတယ်။
နောက်ပြီးတော့ နောက်ပြီးတော့ နောက်ပြီးတော့ ….
ကြက်သီးမွေးညင်း ထရလောက်အောင်ကြောက်ဖို့ကောင်းတဲ့ အံ့မခန်းရက်စက်မှုတွေ တခုပြီး တခု Facebook ပေါ်မှာ တက်လာတယ်။
……………………………... …………………… ………………………….
ပထမဆုံး မြင်ကွင်းထဲမှာ ပေါ်လာတာက ရဲ သုံးလေးယောက်က မုဆိုးဒူးထောက်အနေအထားမျိုး နဲ့ ရိုင်ဖယ်သေနတ်တစ်လက်ကို ပစ်ဖို့ လုပ်နေတယ်….
သူတို့ဘေးမှာတော့ စစ်ဝတ်စုံဝတ်ထားတဲ့ စစ်ဗိုလ်တယောက်မတ်တပ်ရပ်ပြီး သူတို့နဲ့ စကားပြောနေတယ်….
ကျည်အစစ်နဲ့ပစ်ရပြီကွ ကျည်အစစ်နဲ့ပစ်ရပြီကွ တဲ့ ….
မကြာပါဘူး …. ဟေး ထိသွားပြီဆိုတဲ့အသံနဲ့အတူ အားလုံး ထခုန်ကြတယ်….
အဲဒီအဖြစ်အပျက်ဟာ မြိတ်လား ထားဝယ်လားမှာ ဖြစ်ခဲ့တာထင်တယ်။
အဲဒီ ဗီဒီယိုကလစ်အတိုကလေးမှာမပါတဲ့ ပစ်လိုက်တဲ့ကျည်ဆန် ရဲ့ လားရာမှာတော့ ဆန္ဒပြတဲ့သူတစ်ယောက် ယောက် လမ်းပေါ်မှာ သွေးအိုင်ထဲမှာ လဲနေပေရော့မယ် ။
ဒုတိယတကွက်အနေနဲ့ ပေါ်လာတာက ကားတစင်းရဲ့ ဗိုက်အောက်မှာ ဖြစ်နေတယ်….
အဲဒီကားအောက်မှာတော့ ပခုက္ကူ မြို့ ရဲ့ ဆန္ဒပြပွဲမှာ ဒဏ်ရာရခဲ့တဲ့ လူငယ်တယောက်ဝင်ပုန်းနေတယ်….
အဲဒါကို ကားအောက်ကဆွဲထုတ်ပြီး ပစ်သတ်လိုက်တယ်။
တတိယအနေ နဲ့ကတော့ ကာကွယ်ရေးဝတ်စုံလို့ ခေါ်နေကြတဲ့ အနက်ရောင်ကိုယ်ကျပ်ဝတ်စုံဝတ်ထားတဲ့လူငယ်တယောက် လက်ကိုမြှောက်ပြီး လျှောက်နေတယ်….
သူ့နောက်မှာတော့ စစ်သားတယောက်က သေနတ်နဲ့ ချိန်ပြီး သူ့ကိုပစ်သတ်နေတယ်….
တွေ့လိုက်ရတဲ့ပုံကလေးက ဒုတိယကမ္ဘာစစ်တုန်းက ကလေးလေးကိုချီထားတဲ့ ဂျူးအမျိုးသမီးတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်နေတဲ့ နာဇီစစ်သား တစ်ယောက်ရဲ့ ပုံ နဲ့ တထေရာတည်းပဲ။
စတုတ္ထအနေနဲ့တော့ မန္တလေးက စုတ်ခြာခြာခနော်နီခနော်နဲ့ အိမ်ကလေးတလုံး ရဲ့ ရှေ့မှာ အသက် ငါးဆယ်ကျော်လောက်ရှိတဲ့ ခပ်ဝဝအစ်မကြီး တယောက် ရပ်ပြီး စစ်သားတွေနဲ့ ရင်ဆိုင်နေရတယ်….
သူ့နောက်က သူ့အိမ်ကလေးထဲမှာတော့ ချာတိတ်ကလေး ဆယ်ယောက်လောက် ဝင်ပုန်းနေကြတယ်….
အဲဒါကို ချာတိတ်ကလေးတွေကို ဖမ်းရုံနဲ့အားမရ ကလေးနှစ်ယောက်အမေ အစ်မကြီးကိုပါ တခါတည်း ပစ်သတ်သွားတယ်။
ပဥ္စမအနေနဲ့ကတော့ မြန်မာနိုင်ငံအထက်ပိုင်းက မိုးညင်းမြို့ကလေးတနေရာက မြောင်းကူးတံတားလေး အောက်မှာ မြစ်ကြီးနား တက္ကသိုလ်ကျောင်းသားသမဂ္ဂက အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ ဆန္ဒပြတက္ကသိုလ် ကျောင်းသားကလေးက ပုန်းနေတယ်…
အဲဒါကို ရှာရှာဖွေဖွေ ပစ်ဖြစ်အောင် ခေါင်းကိုလိုက်ပစ်သတ်တယ်။
ဆဌမအနေနဲ့ ပြောရရင်တော့ စစ်သားတွေအပြည့်တင်ထားတဲ့ double cab တစင်းမောင်းလာနေတုန်းမှာ မျက်နှာချင်းဆိုင်က လူငယ်သုံးယောက် စီးလာတဲ့ ဆိုင်ကယ်က ဘေးကဖြတ်သွားတယ်….
အဲဒါကို ကားရပ်ပြီးတော့ ဆိုင်ကယ်ပေါ်က လူငယ်တယောက်ကို လှမ်းပစ်သတ်လိုက်တယ်။
သတ္တမအနေနဲ့ ပေါ်လာတာကတော့ စစ်ဗိုလ်တယောက်နဲ့ စစ်သားလေးငါးယောက် ရှေ့ကနေ လက်နောက်ပြန်ကြိုးတုပ်ခံထားရတဲ့လူတယောက်က လျှောက်လာတယ်….
ပတ်ဝန်းကျင်အခြေအနေကတော့ သစ်ပင်ကြီးတွေ ကံထရိုက်တိုက်တွေနဲ့ ရန်ကုန်မြို့ရဲ့တရောရာမှာပဲ ဖြစ်ဖို့ရှိတယ်….
အဲဒီမှာပဲ စစ်ဗိုလ်က သူ့ခါးကြားက ပစ္စတိုကိုထုတ်ပြီး ရှေ့ကလက်ပြန်ကြိုးတုပ်ခံနေရပြီး ရှေ့ကိုလျှောက်သွားနေတဲ့လူကို နောက်က ပစ်သတ်လိုက်တယ်။
နောက် မြင်ကွင်းတခုကလည်း ရန်ကုန်မှာပါပဲ… ကားလမ်းမ ပေါ်မှာ ဆောင့်ကြောင့်ထိုင် ခိုင်းထားတဲ့ လူတယောက်ရဲ့ နောက်မှာ စစ်သားတစ်ယောက်က လည်ပင်းကိုခွစီးထားတဲ့အနေအထားနဲ့ ရပ်နေတယ်….
ပြီးတော့ လက်နှစ်ဖက်နဲ့ ကိုင်ထားတဲ့ ကြိုးကွင်းကိုတင်းပြီး ဆောင့်ကြောင့်ထိုင်နေတဲ့လူကို လည်ပင်းညှစ်သတ်နေတယ်။
နောက်တခုကို ဆက်ကြည့်မယ်ဆိုရင်တော့ မြောက်ဥက္ကလာပမြို့နယ်မှာ ကွမ်းယာဗန်းကလေးချပြီးရောင်းနေတဲ့ ကွမ်းယာသည်ကလေး မအေးအေးခိုင် ပေါ်လာပါလိမ့်မယ်….
ခမျာလေးမှာ သူ့လသားအရွယ်တူကလေးကိုချီပြီး လမ်းမကိုကျောပေးထားရာက ကျောဘက်က ကျည်ဝင်သွားတာကိုတောင် ရုတ်တရက်မသိဘဲ သွေးတွေ ထွက်ကျလာမှ သိရှာတယ်တဲ့ ….
နောက်ဆုံးဝင်သက်တွေကို အငမ်းမရရှူရှိုက်ရင်း သယ်သွားတဲ့လှည်းကလေးပေါ်မှာ အသက် ၂၂ နှစ်ပဲရှိသေးတဲ့ မအေးအေးခိုင်လို့ ခေါ်တဲ့ မွတ်စလင်မကလေး ရိုစာနာဘီ အသက်ငင်နေပုံဟာ ကြည့်ရက်စရာမရှိအောင်ကို ဖြစ်နေတယ်။
ကျန်နေသေးတဲ့အကွက်တွေကိုကျော်ပြီး နောက်ဆုံးအကွက်ကိုကြည့်မိရင်တော့ အခုမှ ၁၆ နှစ်သားကလေးပဲရှိသေးတဲ့ လူချောလူလှ ဆေးတက္ကသိုလ်ပထမနှစ်တက်နေတဲ့ တရုတ်ကလေး ခန့်ညားဟိန်းက ဗညားဒလလမ်းမကြီးပေါ်မှာ အနက်ရောင်ကိုယ်ကြပ် Defense ဝတ်စုံကလေးနဲ့ ပုံလျက်သား လဲကျနေတာပေါ်လာပါလိမ့်မယ်…..
နောက်တကွက်မှာတော့ လမ်းပေါ်မှာ ရင်ဘတ်ကိုကျည်ဆံမှန်ပြီး လဲနေတဲ့ခန့်ညားဟိန်းရဲ့ ဒိုင်းကလေးကို ယူပြီး အကာအကွယ်ဖြစ်လိုဖြစ်ငြား ကာပေးထားရင်း ခန့်ညားဟိန်းနားမှာဝပ်နေတဲ့ကောင်မလေးတယောက် ပေါ် လာမယ်။ ပြီးတော့ သေနတ်တွေကိုင်ထားတဲ့ ရဲတွေ ရောက်လာပြီး နံပါတ်တုတ်နဲ့ သိမ်းကြုံးရိုက်၊ ခြေထောက်တွေနဲ့ကန်ပြီး ကောင်မလေးကို ဝင်ဖမ်းတယ်။ ပြီးတာနဲ့အသက်ကင်းမဲ့နေတဲ့ ခန့်ညားဟိန်းရဲ့အလောင်းကို လက်နှစ်ဖက်ကနေ လမ်းမပေါ်မှာ ဒရွတ်ဆွဲသွားကြတဲ့ ရဲနှစ်ယောက်ရဲ့ ပုံ ပေါ်လာမယ်။
အလားတူပါပဲ။ ကြည့်ရှုနေကြတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ပရိသတ်များ အံ့အားသင့်ထိတ်လန့်ကြဖွယ်ရာ တိုက်အမြင့်တွေပေါ်မှာ အရပ်ဝတ်တွေနဲ့ပါတက်ပြီး အောက်ဘက်က ဆန္ဒပြနေတဲ့ ပြည်သူတွေကိုမနုဿသားကောင်တွေလို စိမ်ပြေနပြေ ပစ်သတ်ဖို့ လုပ်နေတဲ့ မြင်ကွင်းတွေပါ တဆက်တည်း ပေါ်လာမယ်။
ဟိုး လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က အာဖရိက ယူဂန်ဒါက စစ်အာဏာရှင် အီဒီအာမင် ရဲ့ အရပ်ဝတ်ဝတ်ထားတဲ့ အကြမ်းဖက်လူသတ်သမားတွေလို မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံးအနေနဲ့ ယူနီဖောင်းကိုတောင်မဝတ်တော့ဘဲ ပြောင်ပြောင်တင်းတင်း ပြည်သူလူထုတရပ်လုံးရဲ့ လုံခြုံရေးတခုလုံးကို မြောင်းထဲပို့ပစ်ပြီး နံပါတ်မပါတဲ့စစ်ရောင် double cab ကားတွေနဲ့ မောင်းပြန်သေနတ်တွေကိုင်ထားတဲ့ အရပ်ဝတ်တွေလည်း ပေါ်လာမယ်။
လူနာတင်ယာဉ်ကိုပါအသုံးပြုပြီး လူတွေကိုဒလမန်းကြမ်း လိုက်ပစ်သတ်တဲ့ ပြကွက်ကလေးပါ အဆစ်အနေနဲ့ ပေါ်လာမယ်။
လမ်းပေါ်မှာဆန္ဒပြရင်း အသက်ပေးသွားကြတဲ့ အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးလေးနှစ်အရွယ် လူမမယ် ကလေးတွေရဲ့ မျက်နှာကလေးတွေ ပေါ်လာမယ်။
သွေးပျက်ထိတ်လန့်ခြောက်ခြားဖွယ်ရာ ညဘက်မှာဖမ်းသွားပြီး မနက်ကျတော့ မရှုမလှ ဒဏ်ရာတွေနဲ့ပြည့်နေတဲ့ အလောင်းတွေကို ပြန်ပို့လိုက်တဲ့ ပြကွက်တွေလည်း ပေါ်လာမယ်။
သေဆုံးရတဲ့ အကြောင်းရင်းကတော့ နှလုံးရောဂါ တဲ့….
ဂျူးတွေကို အဆိပ်ငွေ့ခန်းထဲထည့်သတ်ပြီး အားလုံး နှလုံးရောဂါနှင့် ကွယ်လွန်သည်လို့ မှတ်ချက်ကလေး ရေးပေးလိုက်တဲ့နာဇီတွေလို နှလုံးရောဂါတဲ့။
…………………………….. ………………………….. ………………………………
တကယ်က သေနတ်မှန်ခံရရင် ဘယ်လိုဘယ်ပုံဆိုတာ အခုမှပဲ မြန်မာပြည်သူတွေ အားလုံး မျက်မြင်တွေ့ဖူးကြတယ် ပြောရမယ်ထင်တယ်။
‘အရုပ်ကြိုးပြတ်’ ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကို ခုမှ အသက် ၁၉ နှစ်ပဲ ရှိကြသေးတဲ့ မြသွဲ့သွဲ့ခိုင်ကလေးနဲ့ ကြယ်စင်ကလေး ခေါင်းကိုသေနတ်မှန်ပြီး ဖြုတ်ခနဲ လဲသွားတာမြင်လိုက်မှပဲ သေချာသိရတယ်။
အဲဒီမှာပဲ အခု ခြောက်လကျော်ကြာ ဆက်လက်ဖြစ်ပွားနေတဲ့ နွေဦးတော်လှန်ရေးရဲ့ နောက်ဆုံးပြကွင်းပြကွက်အဖြစ် ရန်ကုန်မြို့ ၄၄လမ်း ထဲက လေးထပ်တိုက်ကြီးတလုံးအပေါ်ကနေ အောက်ကိုခုန်ချပြီး အဖမ်းခံမယ့်အစား အသေခံသွားကြတဲ့ အမျိုးသမီးငယ် ကလေးတစ်ယောက် အပါအဝင် လူငယ်ကလေး ငါးယောက်ရဲ့နောက်ဖေးလမ်းကြားထဲမှာ သေဆုံးနေကြတဲ့ပုံတွေ ပေါ်လာမယ်။
အခုလောက်ဆိုရင် ကြည့်နေကြတဲ့ ကမ္ဘာပေါ်ကပရိသတ်အပေါင်း ကျေနပ်ရှင်းလင်းလောက်ပြီလို့ ကျွန်တော် ထင်ပါတယ်….
ပြည်သူတရပ်လုံးရဲ့ ရင်နှစ်သည်းခြာ ကိုယ့်သားသမီးအရွယ် ကလေးသူငယ် လူငယ်လူရွယ် ကလေးတွေနဲ့တကွ အခြားအခြားသော ပြည်သူတွေကိုပါ ‘မနုဿသားကောင်’ တွေအဖြစ်သဘောထားပြီး ရက်ရက်စက် စက် လိုက်လံပစ်ခတ် အသေသတ်ဖြတ်နေတဲ့အတွက် မခံမရပ်နိုင်တော့တဲ့ မြန်မာပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့သုတ်သင်ရှင်းလင်းဖို့ သမိုင်းမှာ တွင်ရလောက်အောင် ဖြစ်နိုင်သမျှ အနုအကြမ်းနည်းလမ်းပေါင်းစုံနဲ့ ကြံစည်ကြိုးပမ်း ပံ့ပိုးထောက်ကူနေကြပြီ ဖြစ်ကြောင်း ပရိသတ်အားလုံး အတိုင်းသားမြင်နိုင်ပြီလို့ ထင်ပါတယ်။
အဲဒီလိုမြင်နိုင်ပြီဆိုရင်တော့ မြန်မာပြည်သူတွေကို နှစ်ပေါင်း ၆၀ လုံးလုံး ကုပ်သွေးစုပ် ကျွန်လုပ်ထားခဲ့တဲ့ စစ်အာဏာရှင်စနစ်ဟာ ပြည်သူ့စစ် မီးလျှံတွေကြားမှာ အဝိုင်းခံနေရပြီ ဖြစ်ကြောင်း ဆက်ပြီးမြင်နိုင်မယ်လို့ ထင်ပါတယ် ။ ။
စိမ်းစို
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar