သီအိုဇော် - ကုလသမဂ္ဂအရေးနဲ့ ဝေးဝေးနီးနီး ဆက်လျှောက်ရမယ့်ဒီခရီး - ၄ (နိဂုံး)
သီအိုဇော် - ကုလသမဂ္ဂအရေးနဲ့ ဝေးဝေးနီးနီး ဆက်လျှောက်ရမယ့်ဒီခရီး - ၄ (နိဂုံး)
(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၁နောက်ကြောင်းပြန်ဖို့လိုနေပြီ
အတိအကျမသိပဲ ဒီညီလာခံမှာ ဘယ်လိုအဆုံးအဖြတ်မျိုးရနိုင်မလဲ ဆိုပြီး မှန်းဆနေတာထက်စာရင် အရင် ညီ လာခံတွေမှာ ဘယ်လိုစဥ်းစား အဆိုပြုခဲ့ကြသလဲဆိုတဲ့ ချဥ်းကပ်မှုမျိုးက ပိုသဘာဝကျလိမ့်မယ် ထင်ပါတယ်။ Credentials Committee က ပြီးခဲ့တဲ့ညီလာခံတွေမှာ ဘယ်လိုဆုံးဖြတ်ချက်ပေးခဲ့ဖူးသလဲ ဆိုတာမျိုးကို အသေးစိတ်တင်ပြဖို့ကတော့ နောက်ထပ်ဆောင်းပါးများစွာနဲ့မှပဲ သင့်တော်ပါလိမ့်မယ်။ တကယ်တော့လည်း ဒီကော်မတီမှာ အရင်ကဆွေးနွေးဆုံးဖြတ်ခဲ့သမျှအားလုံးက ဒီကနေ့ကြုံတွေ့နေရတာနဲ့ ပတ်သက်နေတာမျိုး ချည့်မဟုတ်ပါ။
အချိန်နှစ်အပိုင်းအခြားနဲ့ ရေခံမြေခံနောက်ခံအကြောင်းတရားတွေ ကွာဟတဲ့ကြားက ကပ်ရောဂါကာ လလို ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ ရူးရူးမိုက်မိုက်အာဏာထသိမ်းတဲ့ နိုင်ငံမျိုး ကမ္ဘာ့သမိုင်းမှာ မရှိခဲ့လေ တော့ ပန်းသီးကိုပန်းသီးနဲ့ အတိအကျ နှိုင်းယှဥ်လို့ရတာမျိုးလည်း မဖြစ်နိုင်ပါ၊ ၂၀၂၁ အခင်း အကျင်းမှာ ၂၀၂၁ အစိုးရများက Credentials Committeeရဲ့ ဆုံးဖြတ်ချက်ဟောင်းတွေ ပြန်လှန်လှောပြီး ၏၊သည် မရွေး လိုက်နာမဲပေးကြမှာတော့လည်း မဟုတ်နိုင်။ ဆိုခဲ့ဖူးသလိုပင်၊ နိုင်ငံရဲ့ အကျိုးစီးပွား၊မဟာမိတ်များနဲ့ တိုးတိုး တိတ်တိတ်တိုင်ပင်ထားမှု၊ မိမိအစိုးရရဲ့ဂုဏ်သိက္ခာနဲ့ အစဥ်အဆက်ရပ်တည်ချက်များ အစရှိတာတွေနဲ့ အပြန် ပြန် အလှန်လှန်ချိန်ထိုး မဲပေးကြတာပါ။ မည်သို့ပင်ဖြစ်စေ သမိုင်းဖြစ်စဥ်များနဲ့ ကုလသမဂ္ဂညီလာခံ များရဲ့ ဆုံးဖြတ်ချက်များကို ပြန်လည်ဆန်းစစ်ကြည့် ခြင်းဟာ လက်တွေ့ကျတဲ့ စူးစမ်းမှုတခုလို့တော့ ပြောနိုင်ပါလိမ့် မယ်။
ဒီဆောင်းပါးမှာတော့ နယ်မြေထိန်းချုပ်ထားနိုင်ခြင်း မရှိပဲ ကုလသမဂ္ဂမှာ အသိအမှတ်ပြုခံရတာမျိုး ဖြစ်နိုင်ပါ့ မလားဆိုတဲ့ အရေးလည်းကြီး၊ စိတ်ဝင်စားစရာလည်းကောင်းတဲ့ အကြောင်းအရာကိုပဲ ရှေ့တန်းတင်ပြီး နောက်ကြောင်းပြန်လေ့လာချင်ပါတယ်။ နယ်မြေပိုင်စိုးမှု့ဟာ စစ်ကောင်စီရဲ့ ရှားရှားပါးပါး အားသာမှုလို့ တွေး ထင်ပြီး စိုးရိမ်မကင်းဖြစ်ကြသူတွေရှိနိုင်ပါတယ်။ လာမယ့်ညီလာခံမှာမဲပေးဆုံးဖြတ်မယ့်သူများရဲ့ သဘော ထားကို မသိနိုင်သေးပေမယ့် ယခင်ကဘယ်လို သဘောထားပြီးဆုံးဖြတ်ခဲ့ကြသလဲဆိုတာ စူးစမ်းကြည့်ပါ မယ်။ သမားရိုးကျအကဲဖြတ်မှု မူဘောင်ထဲက ကျော်လွန်ပြီး ဆုံးဖြတ်ခဲ့ခြင်း ရှိမရှိ တွေ့မြင်နိုင်မှာပါ။
ကုလသမဂ္ဂနဲ့တာလီဘန်
နိုင်ငံတကာသတင်း စာမျက်နှာမှာ ထိပ်ဆုံးကလွှမ်းမိုးနေတဲ့ အကြောင်းအရာတခုကို အခွင့်ကောင်းယူပြီး ခေါင်းစည်းတပ် ရေးသားခြင်းတော့မဟုတ်။ Credentials Committeeနဲ့ အထွေထွေညီလာခံရဲ့ စိတ်ဝင်စား စရာဆုံးဖြတ်ချက်တခု ဖြစ်လို့ပါ။ မှန်ပါတယ်၊ အစိုးရတစ်ရပ်အတွက် နယ်မြေထိန်းချုပ်နိုင်မှုဟာ သူ့အတွက် ပြည်တွင်း ပြည်ပစာမျက်နှာမှာ အရေးကြီးတယ်ဆိုတာ လက်ခံရမှာပါ။ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန် အနေနဲ့ ၁၉၉၆ ခုနှစ် ကနေ ၂၀၀၁ ခုနှစ် အထိ အာဖဂန်နစ္စတန်ရဲ့ နယ်မြေ (၉၀) ရာခိုင်နှုန်းလောက်ကို ထိန်းချုပ် ပြီး အုပ်စိုးခဲ့ဖူးပါတယ်။ တာလီဘန်တွေဟာ ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုခံရဖို့အတွက် အကြိမ်ကြိမ်ကြိုးစား ခဲ့ပေမယ့် ကုလသမဂ္ဂက လက်မခံပဲ သမ္မတဟောင်း ‘ဘာဟနူဒင်း ရဘနီ’ ရဲ့ အစိုးရကိုသာ ၂၀၀၁ ခုနှစ်တိုင် ဆက်လက် အသိအမှတ်ပြုခဲ့ပါတယ်။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး’ကို နယ်မြေပိုင်စိုးမှုထက် ပိုမိုအသားပေး စဥ်းစားခဲ့ကြတဲ့ ညီလာခံဆုံးဖြတ်ချက်လို့ မှတ်ယူနိုင်ပါတယ်။
တင်းကျပ်တဲ့ အစွန်းရောက်ဘာသာရေး ဥပဒေ ကိုအခြေခံအုပ်ချုပ် ပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုများစွာ ကျူးလွန်သော၊ အမျိုးသမီးများရဲ့ ပညာသင်ကြားခွင့်၊အလုပ်လုပ်ကိုင်ခွင့် အပါအဝင် အခြေခံရပိုင်ခွင့်အခွင့် အရေးများကို ငြင်းပယ်ခဲ့တဲ့ တာလီဘန်တွေကို ပါကစ္စတန်၊ယူအေအီးနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ကလွဲ လို့ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုခဲ့ကြပါ။
အာဖဂန်နစ္စတန်နိုင်ငံဟာ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့တွေရဲ့ လေ့ကျင့်စခန်းနဲ့ ခိုအောင်းရာဖြစ်လာလို့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်တဲ့ဆုံးဖြတ်ချက်များထုတ်ပြီး သတိပေးခဲ့ပါတယ်။ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ (၁၉၉၉)နဲ့ ၁၃၃၃(၂၀၀၀) မှာဆိုရင် ‘ဘင်လာဒင်’ကိုလွှဲပြောင်းပေးဖို့အထိ နာမည်နဲ့တကွ ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ ဒါတွေဟာ ၉/၁၁ မတိုင်မီ ကာလတွေကတည်းကဆိုတော့ကုလသမဂ္ဂရဲ့ တာလီဘန် အပေါ်ရပ်တည်ချက်ဟာ မှန်ကန်ခဲ့တယ်လို့ ထပ်မံအတည်ပြုလိုက်သလိုပါ။
ကုလသမဂ္ဂနဲ့ကမ္ဘောဒီးယား
အာဏာရှင်‘ပိုလ်ပေါ့တ်’ရဲ့ Khmer Rouge လို့ခေါ်တဲ့ ခမာနီ ကွန်မြူနစ်အစိုးရကြောင့် ကမ္ဘောဒီးယားပြည် သူတွေ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြတာပါ။ ကိုးကားတဲ့ ရည်ညွှန်းအချက်အလက်ပေါ်မူတည်ပြီး ကွဲပြား မှုတွေရှိ နိုင်တဲ့အတွက် ကုလသမဂ္ဂရဲ့ Legal Affairs and Legal Counsel ဌာနမှာ အကြီးအကဲလုပ်သွားခဲ့ဖူး တဲ့ Hans Corell ကိုယ်တိုင် ကိုးကားခဲ့တဲ့ ကိန်းဂဏန်းတွေကို အသုံးပြုပါ့မယ်။ ဒီဌာနကပဲ Credentials Committee ကို အထွေထွေညီလာခံမှာ စိစစ်ဆောင်ရွက်စရာကိစ္စများအတွက် ဥပဒေကြောင်းနဲ့ ပတ်သက်တဲ့ အကြံဥာဏ် အချက်အလက် အထောက်အထားတွေကို နှစ်စဥ်ပြင်ဆင်ပြုစုပေးရပါတယ်။ ‘ကော်ရဲလ်’ က အစီရင်ခံစာတစ်ခုမှာ ၁၉၇၅ခုနှစ်မှ ၁၉၇၉ ခုနှစ် အတွင်း ကမ္ဘောဒီးယားပြည်သူ ၁.၅သန်း ကနေ ၁.၇ သန်း အတွင်း အသက်ဆုံးရှုံးခဲ့ကြတယ်၊ ၁၉၇၅ ခုနှစ် ကမ္ဘောဒီးယားလူဦးရေဟာ ၇.၃သန်း-၇.၉ သန်းခန့်ရှိတယ် လို့ ကိုးကားခဲ့တာပါ။ ရာခိုင်နှုန်းနဲ့ ပြန်တွက်ကြည့်ရင် လူသားမျိုးနွယ်စုသမိုင်းမှာ ဖျောက်ဖျက်မရအောင် စွန်း ထင်းခဲ့ရတဲ့ အမည်းစက်တစ်ခုရဲ့ တုန်လှုပ်စရာ ကိန်းဂဏန်းကို ပိုလို့မြင်နိုင်မှာပါ။
၁၉၇၈ ခုနှစ် ဒီဇင်ဘာလမှာ ဗီယက်နမ်ဦးဆောင်တဲ့တပ်တွေဟာ ဖနွမ်းပင်ကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့လို့ ခမာနီတွေ အာဏာလက်လွှတ်ခဲ့ရပါတယ်။ ဗီယက်နမ်လိုလားတဲ့ ပြည်သူ့သမ္မတကမ်ပူးချားအစိုးရ (PRK) နဲ့ ခ မာနီတို့ရဲ့ ဒီမိုကရက်တစ်ကမ်ပူးချား အစိုးရ (DK) တို့ဟာ ကုလသမဂ္ဂရဲ့နေရာကို ရဖို့အပြိုင်အဆိုင်ကြိုးစား ကြပါ တယ်။ ထိုင်းနိုင်ငံနယ်စပ်ကို ဆုတ်ခွာခဲ့ကြရတဲ့ ခမာနီတို့ဟာ နယ်မြေထိန်း ချုပ်မှုမှာ ဘယ်လိုမှမယှဥ်နိုင် ပါဘူး။ ဗီယက်နမ်တပ်ဖွဲ့တွေနဲ့ သူတို့ ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူ့သမ္မတ ကမ်ပူးချားအစိုးရ (PRK)ဟာ နိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းကျော်သော နယ်မြေကို ထိန်းချုပ်ထားခဲ့တာပါ။ ဒါပေမယ့် Credentials Committee ကနေ ၆ မဲ-၃ မဲ နဲ့ ခမာနီအစိုးရကို အသိအမှတ်ပြုတဲ့ အဆိုကြမ်း ကို (၃၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ထောက်ခံမဲ ၇၁၊ ကန့်ကွက်မဲ ၃၅၊ ကြားနေမဲ ၃၄၊မတက်ရောက်သူ ၁၂ ဖြင့် မဲခွဲအတည်ပြုပေးခဲ့ပါတယ်။
အမေရိကန်၊တရုတ်၊အာဆီယံနဲ့ အနောက်အုပ်စုအများစုရဲ့ ဦးဆောင်မှုနောက် အခြားနိုင်ငံများလိုက်ပါခဲ့ပြီး ထောက်ခံမဲထည့်ခဲ့ကြပါတယ်။ အရှိန်မသေသေးတဲ့ စစ်အေးကာလလည်း ဖြစ်တဲ့အတွက် အမေရိကန်နဲ့ ဆိုဗီ ယက်ယူနီယံ အုပ်စုနှစ်စုရဲ့ အားပြိုင်မှုဂယက် အနေနဲ့လည်း ရှုမြင်နိုင်ပါတယ်။ပြင်သစ်၊ဩစတြီးယား၊ဖင်လန်၊ ဆွီဒင်၊အိုင်ယာလန်တို့က ကြားနေခဲ့တာကို တွေ့ရပါတယ်။ဒီတစ်ကြိမ်ကြပြန်တော့ ပြည်ပနိုင်ငံတစ်ခုက ကျူး ကျော်ဝင်ရောက်စွက်ဖက်ပြီး အစိုးရတင်မြှောက်ပေးမှုကို လက်မခံနိုင်ဘူး ဆိုတဲ့မူက လူမျိုးတုန်းသတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတို့ထက် အဓိကဦးစားပေးခံခဲ့ရတဲ့ ညီလာခံ ဆုံးဖြတ်ချက်လို့ ကောက်ချက်ချ ရမှာပါ။အမှန်တကယ့်ကို ဆုံးဖြတ်ရ မလွယ်ကူလှသော ကိစ္စဖြစ်တဲ့အတွက် အဆိုသာနိုင်ခဲ့ပေမယ့် ထောက် ခံမဲအရေအတွက်ဟာ ထိုစဥ်က စုစုပေါင်း အဖွဲ့ဝင် ၁၅၂ နိုင်ငံရဲ့ ထက်ဝက်ပင် မရရှိခဲ့တာကို တွေ့နိုင်ပါ တယ်။ Credentials Committee အဖွဲ့ဝင်ဖြစ်တဲ့ ကွန်ဂိုနိုင်ငံက ဘယ်သူ့ဘက်ကိုမှ အသိအမှတ်မပြုပဲ နေရာ လပ် ချန်ထားဖို့ အဆိုပြုခဲ့သေးပေမယ့် အထမမြောက်ခဲ့တာကို တွေ့ရပါတယ်။
ကုလသမဂ္ဂနဲ့အာဏာသိမ်းမှုများ
ကမ္ဘာမှာအာဏာသိမ်းမှုတွေနဲ့ ကြုံလာတဲ့အခါ ကုလသမဂ္ဂအနေနဲ့ အာဏာသိမ်းအစိုးရတွေကို အသိအမှတ် မပြုခဲ့တာတွေ ရှေ့မှာသက်သေရှိခဲ့ပါတယ်။ ထင်ရှားတဲ့ဥပမာတွေအဖြစ် ပေးလေ့ရှိတာတွေကတော့ ဟေတီ (စက်တင်ဘာ ၁၉၉၁)၊ ဆီယာရာ လီယွန်း (မေ ၁၉၉၇)၊ ဟွန်ဒူးရပ်စ် (ဇွန် ၂၀၀၉) တို့ဖြစ်ပါတယ်။မျက်မှောက် ခေတ်မှာလည်း အလားတူပါပဲ၊ အင်အားသုံးပြီး အာဏာရယူတဲ့ ဘယ်အစိုးရ မျိုးကိုမဆို ကုလသမဂ္ဂက အသိ အမှတ် ပြုမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ‘ဂူတာရက်စ်’က လက်ရှိဖြစ်ပျက်နေတဲ့ အာဖဂန် နစ္စတန်နိုင်ငံအရေးနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ၁၆ ရက်နေ့က ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီ အရေး ပေါ်အစည်းအဝေး မှာ ကုလသမဂ္ဂရဲ့သဘောထားကို ထပ်မံပြောကြားခဲ့ပါတယ်။ တကယ့်လက်တွေ့မှာတော့ အဖွဲ့ဝင်နိုင်ငံများရဲ့ သဘောထားက ပိုအရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Credentials Committee မှာ မဲခွဲတဲ့အခါမှာပဲဖြစ်ဖြစ်၊ လိုအပ်လို့ ညီလာခံမှာဆက်ပြီး မဲခွဲကြရင်ပဲဖြစ်ဖြစ် အဖွဲ့ဝင်နိုင်ငံများကသာ တစ် နိုင်ငံတစ်မဲနှုန်းနဲ့ သူတို့ရဲ့သဘောထားကို ထုတ်ဖေါ်ကြတဲ့အတွက်ပါ။ ရေများရေနိုင် မီးများမီးနိုင်ဆိုတဲ့ ကုလ သမဂ္ဂဆုံးဖြတ်ချက်တွေ ရှိခဲ့ဖူးတာကိုလည်း မမေ့သင့်ဘူးလို့ ထင်ပါတယ်။
ဒီနေရာမှာဖြည့်စွက်ပြောချင်တာက ဒေသဆိုင်ရာအဖွဲ့ကြီးများရဲ့ အခန်းကဏ္ဏပါ။ အာဖရိကန်နိုင်ငံတွေနဲ့ လက်တင်အမေရိက-ကာရီဘီယံနိုင်ငံများ အတွက် အားသာတယ်လို့ပြောနိုင်တဲ့အချက်က မူဝါဒနဲ့စည်းစံနစ်ခိုင် မာပြီး အင်အားတောင့်တင်းတဲ့ ဒေသဆိုင်ရာအဖွဲ့ကြီးတွေရှိနေတာပါ။ အာဖရိကန်သမဂ္ဂ (African Union –AU)မှာ အဖွဲ့ဝင်(၅၅) နိုင်ငံရှိပြီး၊ အမေရိကန်နိုင်ငံများအဖွဲ့အစည်း (Organization of American States- OAS) မှာတော့ (၃၅) နိုင်ငံရှိပါတယ်။ AU ရဲ့မူဝါဒအနေနဲ့ အာဏာသိမ်းခြင်း သို့မဟုတ် အခြေခံဥပဒေ နဲ့ မကိုက်ညီတဲ့ အစိုးရအဖွဲ့ပြောင်းလဲခြင်းမျိုးကို လုံးဝလက်မခံပါ။ OAS ကလည်း အလားတူပါပဲ၊ချမှတ်ထား တဲ့ဆုံးဖြတ်ချက်အမှတ်-၁၀၈၀ နဲ့အညီ ဒီမိုကရေစီနဲ့အညီ ရွေးချယ်တင်မြှောက်ခံထားရတဲ့ အစိုးရရဲ့တရား ဥပဒေနဲ့ အညီလုပ်ဆောင်နိုင်ခွင့်ကို ပျက်ပြားအောင်လုပ်ဆောင်ခဲ့ရင် ဝင်ရောက်စွက်ဖက်ခွင့် ရှိပါတယ်။
ဒီဒေသတွေမှာ အဖွဲ့ဝင်နိုင်ငံတွေကလည်း အများအပြားဆိုတော့ အာဏာသိမ်းမှုအပါအဝင် သူ့ပြဿနာနဲ့ သူတွေ ရှိနေသေးတာပါပဲ။ ဒါပေမယ့် ဒီအဖွဲ့အစည်းတွေရဲ့ ပြတ်သားထိရောက်တဲ့ လုပ်ရပ်တွေဟာ နိုင်ငံကိုယ် စားပြုခွင့်လို အကြောင်းကိစ္စမျိုး ကုလသမဂ္ဂစင်မြင့်ထက်ရောက်ခဲ့ရင် Credentials Committee အပါအဝင် အဖွဲ့ဝင်နိုင်ငံများရဲ့ ဆုံးဖြတ်ချက်ချမှတ်ရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ဆိုကြပါတော့၊ မာလီနိုင်ငံမှာ ပြီးခဲ့တဲ့မေလ (၂၄)ရက်နေ့ကအာဏာသိမ်းမှုစတင်ပြီးနောက် ဇွန်လ(၁)ရက်နေ့မှာပဲ AUက မာလီ ကိုအဖွဲ့ဝင်နိုင်ငံအဖြစ်ကရပ်စဲလိုက်ပါတယ်။ အဖွဲ့ဝင်နိုင်ငံ(၅၅)ရှိတဲ့ အဖွဲ့ကြီးက ပြတ်ပြတ်သားသား ဆုံးဖြတ် ခဲ့တာဟာ ကုလသမဂ္ဂအတွက် ဆုံးဖြတ်သင့်၊ဆုံးဖြတ်ထိုက်တာများကို လွယ်ကူမြန်ဆန်စွာ ချမှတ်နိုင်စေပါ လိမ့်မယ်။
အထက်ကဥပမာပေးခဲ့တဲ့ ဟွန်ဒူးရပ်စ်နိုင်ငံမှာဆိုရင်လည်း ၂၀၀၉ ခုနှစ် ဇွန်လ (၂၈)ရက်နေ့ အာဏာသိမ်းပြီး တဲ့ နောက် ဇူလိုင်(၄)ရက်နေ့မှာပဲ OAS ရဲ့ အဖွဲ့ဝင်အဖြစ်ကရပ်စဲခံခဲ့ရပါတယ်။ စီးပွားရေးပိတ်ဆို့အရေးယူမှု တွေလည်း ဆောင်ရွက်မယ်လို့ သတိပေးခဲ့ပါတယ်။ နယ်နမိတ်ချင်းထိစပ်နေတဲ့ နိုင်ကာရာဂွာ၊ဂွာတီမာလာနဲ့ အယ်လ်ဆာဗေဒိုတို့ကလည်း နယ်စပ်စီးပွားရေးကို ရပ်တန့်လိုက်ပါတယ်။ ဒီလိုပြင်းထန်ပြတ်သားတဲ့ ဒေသ တွင်း တုန့်ပြန်မှုတွေဟာ အဲဒီနှစ်ကကျင်းပတဲ့ (၆၄) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ဒီမိုက ရေစီနည်းကျတင်မြှောက်ခြင်းခံထားရတဲ့ အာဏာသိမ်းခံအစိုးရရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ကိုပဲ အသိအ မှတ်ပြုဖို့ တနည်းတဖုံ လမ်းကြောင်းပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ ကံမကောင်းအ ကြောင်းမလှစွာနဲ့ ကုန်ရောင်းကုန်ဝယ် သာသာလောက်ကိုပဲ စိတ်ဝင်စားမှုရှိတဲ့ အာဆီယံကုန်သည်ကြီးများအသင်းအဆင့်လို့ပဲ သတ်မှတ်ခေါ်ဝေါ်သင့်တဲ့၊ ဒေသဆိုင်ရာအဖွဲ့အတွင်း ကျရောက်နေတော့ ပြင်းထန်တဲ့ အရေး ယူတုန့်ပြန်မှုများ၊ဖိအားပေးမှုများ ဝေလာဝေးဖြစ်နေတာဟာ အားမရစရာပါ။
လေးနက်ကျယ်ပြန့်တဲ့အကြောင်းအရာတစ်ခုကို လေ့လာပြီးကြတဲ့နောက် ပေါ့ပေါ့ပါးပါးဥပမာလေးနဲ့ အဆုံး သတ်လိုပါတယ်။ ဘောလုံးစကားနဲ့ပြောရရင် အမှတ်ပေးဇယားထိပ်ဆုံးနား ရောက်နေတဲ့အသင်းက ကိုယ့် အိမ်ကွင်းမှာ ချာတူးလန်တဲ့ အောက်ဆုံးကအသင်းနဲ့ ကစားရမယ့်အနေအထားလို့တောင်ပြောနိုင်ပါတယ်။ အ စစအရာရာ ကိုယ့်အသင်းဘက်ကို အခြေအနေပေးနေပါတယ်။ ဒါပေမယ့် ပရီးမီးယီးယားလိဂ် ဖလားကို မှန်းထားတဲ့ အသင်းအတွက် ဒီတစ်ပွဲနိုင်တာနဲ့ အောင်ပွဲခံလို့မရသေးပါဘူး၊ ဖလားရတဲ့အထိ ဆက်ကစားကြ ရမှာပါ။ ဒါ့အပြင်မနိုင်မှာသေချာတဲ့နောက် သရေကျဖို့အတွက်ပဲ ရည်မှန်းပြီး ပိတ်ဆို့လူချကစားတတ်တဲ့ အသင်းမျိုးနဲ့ ကြုံရတဲ့အခါမှာပဲဖြစ်ဖြစ်၊မြို့မေတ္တာခံယူမယ့် ခပ်ချာချာဒိုင်လူကြီးများနဲ့ ကြုံကြိုက်ရလို့ပဲဖြစ် ဖြစ် စိတ်တိုင်းမကျတဲ့ ရလဒ်နဲ့ ကြုံကောင်းကြုံနိုင်ပါတယ်။ မြန်မာပြည်သူတွေအတွက်ကတော့ ကုလသမဂ္ဂ ဆိုရင်ပဲ အမာရွတ်ကလေးတွေကိုယ်စီ စမ်းကြည့်ရမလိုမျိုး ဖြစ်နေတာလည်း ကြာခဲ့ပါပြီ။
ကုလသမဂ္ဂနေရာနဲ့ အသိအမှတ်ပြုခံရမှု အတွက်ယှဥ်ပြိုင် အားထုတ်နေရခြင်းဟာ ပြည်သူ့အာဏာ ပြည်သူ့ လက်ထဲ ပြန်လည်ရောက်ရှိဖို့အတွက် အရေးကြီးတဲ့ဖြစ်စဥ်ဖြစ်သော်လည်း တစ်ခုတည်းသော ဖြစ်စဥ်တော့ မဟုတ်။မျှော်လင့်ထားတဲ့ရလဒ် ထွက်ပေါ်လာခဲ့ရင် အဲဒီအပေါ်အခြေပြုလို့ ဆင့်ပွားဖေါက်လုပ်ရမယ့် လမ်း ကြောင်းများနဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ ဆက်လျှောက်ကြပါမယ်။ စိတ်တိုင်းကျရလဒ် မဟုတ်ခဲ့ရင်လည်း ဖြစ် ရပ်တစ်ခုအနေနဲ့သာ ချန်ထားရစ်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ခရီးကို ဆက်သွားရပါမယ်။ဒီအတွက် (၇၆) ကြိမ် မြောက် ညီလာခံက ဘယ်လိုအဆုံးအဖြတ်ကိုပဲရရ၊ ပရီးမီးယီးယားလိဂ်ဆုဖလားနဲ့ အလားသဏ္ဏန် တူတဲ့မိမိ တို့ရဲ့ အန္တိမရည်မှန်းချက်ကို လက်ဝယ်ပိုင်ဆိုင်ခွင့် မရမချင်း ရေကုန်ရေခန်း ခြေကုန်ကစားကြမယ်လို့ အား လုံးကသန္တိဌာန်ပြုပြီး ခရီးဆက်ကြဖို့ လိုအပ်တယ်လို့ ထင်မြင်မိကြောင်းပါ။
(သီအိုဇော်)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar