Breaking News

မိုးမခ - ကေဇော်မိုး ' ဂန္တဝင်မမ ရှာပုံတော် '

မိုးမခ
သြဂုတ် ၂၅၊ ၂၀၂၁
ဂန္တဝင်မမ ရှာပုံတော်
ကေဇော်မိုး

လူ့ဘဝရဲ့ခရီးစဉ်ဆိုတာက ရှာဖွေခြင်းတမျိုးလို့ပဲ သတ်မှတ်ရမှာပါ။ ဒီလိုသတ်မှတ်မှုထဲမှာတင် တဦးနဲ့တဦး ကွဲလွဲချက်များရှိကြပါသေးတယ်။ လောကစည်း စိမ်ကို ရှာမလား။ လွတ်မြောက်ရာလမ်းကိုရှာမလား။ အတတ် ပညာကို ရှာမလား။ အနုပညာကို ရှာမလား။ ရှာဖွေခြင်းအကြောင်းပြောရမယ်ဆိုရင် တစ်ထောင့်တစ်ည ပုံပြင်များလို ရှည်ကြာလွန်းနေမှာပါပဲ။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်ကတော့ လူငယ်ကလေးတဦးက သူ့စိတ်ထဲမှာဖြစ်ပေါ်လျက်ရှိသော အာသီသတခုအတွက် ရှာဖွေခြင်းတခုကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးစဉ်ထဲမှာ "သစ္စာပန်းများနဲ့မေလ" ကိုရှာခဲ့တယ်။ " ဂန္တဝင်မမ" ကိုရှာဖွေခဲ့ပါတယ်။ " ဒိုင်ယာရီ" တအုပ်ကိုရှာခဲ့ပါတယ်။
ကျွန်တော်သတ္ထမတန်းကျောင်းသားဘဝရောက်တော့ စာလေး၊ ကဗျာလေး ရေးတတ်စပြုလာပါပြီ။ ဒီလိုစာရေးနိုင်ဖို့အတွက် သူငယ်ချင်းမလေးနှစ်ဦးက ကျေးဇူးပြုခဲ့တာပါ။ တယောက်က ကဗျာဆရာ/ဇာတ်ညွှန်းရေးဆရာ မြင့်ဦးဦးမြင့်ရဲ့ သမီးတဦးဖြစ်တဲ့ " ဟေမာမြင့်ဦး" ပါ။ နောက်တယောက်ကတော့ စာရေးဆရာကြီး " မောင်ထင်" ရဲ့ မြေး " သန္တာအောင်" ပါ။ သူတို့နှစ်ဦးရဲ့ အဘိုးဖြစ်သူနဲ့၊ အဖေဖြစ်သူစုဆောင်းထားတဲ့ စာအုပ်တော် တော်များများကို ကျွန် တော်ငှားရမ်း ဖတ်ရှုခွင့်ရခဲ့တာပါ။ 

ဒီကာလတုန်းကပဲ ကျွန်တော့်အဖိုးက အင်းစိန်ပေါက်တောဝမှာ( ယခုမီးပွိုင့်နား)  ပိတောက်ဝါဆိုတဲ့ ဓာတ်ပုံဆိုင်ကလေးတဆိုင်ဖွင့်ထားပါတယ်။ အဘိုးကလဲ စာဖတ်နာသူပါ။ အင်္ဂလိပ်စာကျွမ်းတော့ အင်္ဂလိပ်ရေးထားတဲ့ စာအုပ်အများစုကိုဖတ်တာပါ။ ကျွန်တော့်အဖိုးရဲ့ဓာတ်ပုံဆိုင် ဘေးနားမှာတင် အရက်ဖြူဆိုင်ကလေးတဆိုင်ရှိပါတယ်။ ဒီဆိုင်လေးက ခပ်ပေါ့ပေါ့တော့ မဟုတ်ပါဘူး။ အင်းစိန်ကိုရောက်ရှိလာသော အနုပညာသမားတချို့ထိုင်တဲ့ဆိုင်ကလေးပါ။ ပေါက်တောဝနားမှာနေတဲ့ ဆရာငြိမ်းကျော်က အဓိကဒိုင်ခံဧည့်ခံခဲ့တာပါ။ ဒီမှာ လာထိုင်ကြသူတွေကို အဘိုးပြပေးထားလို့ သိခဲ့ရပါတယ်။ ဆရာငြိမ်းကျော်ရဲ့ တွဲဖက်အများစု ဒီမှာထိုင်ကြပါတယ်။ ဆရာမင်းလူကို ဒီဆိုင်လေးမှာတွေ့ခဲ့ဖူးပါတယ်။ ဆရာအောင်ပြည့်ကတော့ အတွေ့အများဆုံးပါ။ ဘာလို့အတွေ့များရတာလဲဆိုတော့ ကျူရှင်တခုကြောင့်အတွေ့များရတာပါ။ အဲဒီတုန်းက အင်းစိန်ထောင်ရဲ့မျက်စောင်းထိုးမှာရှိနေတဲ့ ကျူရှင်တခုမှာ ဆရာအောင်ပြည့်က မြန်မာစာလာသင်ပေးနေတာပါ။ ဒါ့အပြင် တလောလေးကမှ ကွယ်လွန်သွားခဲ့တဲ့ ကဗျာဆရာချိုသာ (ခ) မွှေးတာစစ်တင် ခေါ်ဆောင်လာခဲ့သော ကဗျာဆရာမောင်ချောနွယ်ကိုလည်း ဒီဆိုင်ကလေးမှာ မြင်တွေ့ခဲ့ရဖူးပါတယ်။ ဒါကလဲ ကျနော်သိလှတာရယ်လို့ မဟုတ်ပါဘူး။ ဓာတ်ပုံဆရာဖြစ်တဲ့ အဘိုးပြလို့သိရတာရယ် ၊ မဂ္ဂဇင်းတချို့မှာ ဓာတ်ပုံတွေဘာတွေ မြင်ဖူးထားလို့ပါ။ ဓာတ်ပုံဆိုပေမယ့်လဲ အခုခေတ်ကာလလို ရှင်းလင်းပြတ်သားသော ပုံတွေမဟုတ်ပါဘူး။ အဖြူအမည်းဖလင်ခေတ်ပဲရှိသေးတော့ ခပ်ဝါးဝါး၊ခပ်မှုံမှုံရယ်ပါ။

တစ်ရက်မှာ " သန္တာအောင်" အိမ်ကို သွားတော့ စာအုပ်တစ်အုပ်လက်ဆောင်ရလာပါတယ်။
" သန့်ဇော်..ရော့ နင်ဖတ်ဖို့ ယူလိုက်။ အဘိုးစာအုပ်စင်ကို ရှင်းပေးရင်းတွေ့တာ။ အဖိုးစာအုပ်လဲ မဟုတ်ဘူး။ ဘယ်သူ ကျန်နေခဲ့တာလဲမသိဘူး။ နင်က ကဗျာဝါသနာပါတော့ နင်ဖတ်ပေါ့။"

ဒီလိုနဲ့စာအုပ်ကလေးတအုပ်က ကျွန်တော့်ဆီရောက်လာပါတော့တယ်။
စာအုပ်အဖုံးက ထူးထူးခြားခြား ကြွတက်နေတယ်လို့ ခံစားရပါတယ်။ အမျိုးသမီးတဦးရဲ့ ရေဆေးပုံတစ်ပုံပါ။ ပန်းချီလက်ရာ အတော်ကောင်းတာပါ။ သရုပ် ဖော်ပန်းချီဆရာရဲ့ နာမည်ကိုဖတ်မိတော့ ကျွန်တော်ဖျားသွားပါတယ်။ " ခင်ဝမ်း" တဲ့။ ကဗျာစာအုပ်ကလေးနာမည်က " ဂန္တဝင်မမ" ။ ကျွန်တော်ရရှိခဲ့သော ဒီစာအုပ်ကလေးဟာ ကဗျာဆရာအောင်ချိမ့်က အခြားကဗျာဆရာတဦးဦးကို လက်ဆောင်ပေးထားခဲ့တဲ့ပုံပါ။ ဆရာအောင်ချိမ့်ရဲ့ လက်ရေးနဲ့ လက်မှတ်ပါပါတယ်။ လက်ဆောင်ရရှိသော ကဗျာဆရာရဲ့နာမည်ကိုတော့ ဖတ်လို့မရတော့ပါဘူး။ ဒီလိုနဲ့ " ဂန္တဝင်မမ" ဟာ ကျွန်တော့်လက်ထဲမှာ နှစ်အတော်ကြာကြာ တည်ရှိနေခဲ့ပါတယ်။ 

ကျွန်တော် ကျောင်းပြီးသွားချိန်ရောက်တော့ ကဗျာပိုရေးဖြစ်လာပါတယ်။ ဒါပေမဲ့..  ပြင်ပမဂ္ဂဇင်းတွေဆီ ကဗျာမပို့ဖြစ်သေးပါဘူး။ ကဗျာပို့မယ်ဆိုပြီး ဒေါင်း တင်မောင်းတင် မြို့ထဲသွားပါတယ်။ မဂ္ဂဇင်းတိုက်နားရောက်တဲ့အခါ တိုက်ပေါ်မတက်ရဲတော့ဘဲ နောက်ပြန်လှည့်ခဲ့ရတာတွေမနည်းပါဘူး။ ဘယ်လိုပဲ စိတ်ကိုအားတင်းတင်း တိုက်ရှေ့ရောက်တဲ့အခါ ဒူးတွေတုန်လာပြီး ခြေထောက်တွေရှေ့ဆက်လှမ်းလို့မရအောင် ဖြစ်ခဲ့ရတာပါ။ 

တစ်ရက်တော့ ကျောက်မြောင်း၊

ဓမ္မစိန္တာလမ်းထဲမှာ အခြေစိုက်သော " သောင်းပြောင်းထွေလာရယ်စရာ" မဂ္ဂဇင်းတိုက်ကို ကဗျာပို့ဖို့ထွက်လာပါတယ်။ တိုက်ရှေ့ရောက်တော့ ထုံးစံအတိုင်းပဲ စိတ်တွေဗွေဖောက်ပြီး မတက်ရဲတော့ပါဘူး။ ဒီလို တက်ရကောင်းနိုးနိုး၊ ပြန်လှည့်ရကောင်းနိုးနိုးဖြစ်နေတုန်း...

" ညီလေး မဂ္ဂဇင်းတိုက်ပေါ် တက်မလို့လား" တဲ့။ အသံကြားလို့ လှည့်ကြည့်မိတော့ မျက်နှာစိမ်းလူတဦးပါ။ သူက ကျွန်တော့်ကို ပြုံးပြပြီး " စာမူပို့မလို့လား ညီလေး။ အစ်ကိုလဲ စာမူပို့မှာပါ။ လိုက်ခဲ့ပါ ညီလေး" တဲ့။ အဖော်ပါလာတော့ အားရှိလာပြီး တိုက်ပေါ်တက်လာမိပါတယ်။ ရယ်စရာမဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင် ဆရာကောက်နွယ်(ကနောင်) က စာမူကိုတလေးတစား လက်ခံယူပေးပါတယ်။  ကျွန်တော့်ကို တိုက်ပေါ်ခေါ်လာခဲ့သူကလည်း ကဗျာဆရာတယောက်ပါပဲ။ ကျွန်တော်က မဂ္ဂဇင်းတိုက်ရယ်၊ အယ်ဒီတာဆိုတာရယ်နဲ့ ပထမဦးဆုံးအကြိမ် နှာဖူးတိုက်ဒူးတိုက်ရင်ဆိုင်နေရတော့ အကြီးအကျယ်စိတ်လှုပ်ရှားနေတာပါ။ ဒီအတွက်ကြောင့် တိုက်ပေါ်လိုက်ပို့ပေးခဲ့တဲ့ ကဗျာဆရာရဲ့နာမည်ကို မမေးမိလိုက်ဘူး။ " ရယ်စရာ" မဂ္ဂဇင်းကိုစာမူပို့ပြီးတဲ့နောက်ပိုင်းမှာတော့ အခြားမဂ္ဂဇင်းတိုက်တွေကိုသွားဖို့ အရင်လိုသိပ်မကြောက်တော့ပါဘူး။ ကျွန်တော့်အတွက် ပိုမိုအဆင်ပြေသွားမှုကတော့ ဦးလေးတယောက်ကြောင့်ပါ။ 

အစိုးရဝန်ထမ်းပေါင်းစုံ သက်သာအတွက်ထုတ်ဝေသော "GEC ရသစုံမဂ္ဂဇင်း" ဆိုတာကို သိကြမယ်ထင်ပါတယ်။ ကျွန်တော့်ဦးလေးက ဒီမဂ္ဂဇင်းမှာ ရုံးလုပ် ငန်းဆိုင်ရာများကို လုပ်ကိုင်ပေးရသူပါ။ မဂ္ဂဇင်းထုတ်ဝေရေးနဲ့ မပတ်သက်ပါဘူး။ ကျွန်တော်အားရက်တွေမှာ ဦးလေးနဲ့အတူ မဂ္ဂဇင်းတိုက်ကိုလိုက်ဖြစ်ပါတယ်။ သိကျွမ်းမရင်းနှီးခဲ့ပေမယ့် ကဗျာဆရာတချို့ကို  ကလောင်နာမည်နဲ့ရုပ်တွဲမိပါတော့တယ်။ ကဗျာဆရာနောင်ဝင်းထွန်း၊ ကဗျာဆရာမြမြင့်မိုရ်၊ ကဗျာ ဆရာမြေလတ်မောင်မြင့်သူ ပါ။ ( ဆရာမြေလတ်မောင်မြင့်သူက နောင်တချိန်မှာ ကျွန်တော့်ဆရာဖြစ်ခဲ့ရသူပါ။ ဆရာကိုင်တွယ်ခဲ့သောမဂ္ဂဇင်းတွေမှာ ကဗျာတွေ တော်တော်များများရေးဖြစ်ခဲ့ပါတယ်။ )

ကဗျာလောကထဲမှာ အချိန်တော်တော်ကြာကြာကျင်လည်နေသလို ကဗျာဆရာတော်တော်များများနဲ့လည်း သိနေခဲ့ပါပြီ။ ကျွန်တော့်ရဲ့ ကဗျာဖေးဘရိတ်ကဗျာဆရာတစ်ယောက်ဖြစ်သော ဆရာအောင်ချိမ့်နဲ့ကတော့ ကဗျာဆိုင်ရာ ပွဲလမ်းသဘင်များမှာ မကြာခဏဆုံတတ်ပါတယ်။ ကျွန်တော်က ပင်ကိုယ်စကားနည်းသူဖြစ်တဲ့အတွက် နူတ်ဆက်ရုံလောက်ကလွဲပြီး စကားအများကြီးမပြောဖြစ်ပါဘူး။ ဆရာကလည်း မျက်မှန်းတန်းမိရုံကလွဲရင် သိပ်သိတဲ့ ဟန်မရှိပါဘူး။ ဒီလိုနဲ့ နှစ်အတော်ကြာကြာ ကဗျာနဲ့အတူ ဖြတ်သန်းနေထိုင်ဖြစ်ခဲ့ပါတယ်။ ကဗျာနဲ့ပတ်သက်ပြီး စာအုပ်၊စာစောင်တွေလုပ်ကိုင်ဖြစ်ခဲ့တာပေါ့။

ကိုညီလင်းနိုင်တို့မလေးရှားကပြန်လာချိန်မှာ " ခေတ်ပြိုင် # 7" ကဗျာစာအုပ်တစ်အုပ်ထွက်လာပါတယ်။ ကဗျာစာအုပ်မိတ်ဆက်ပွဲနဲ့အတူ ကဗျာဆရာကြီးများအား ဂုဏ်ပြုပွဲပါလုပ်ပါတယ်။ ကိုညီလင်းနိုင်ရော လင်းသဏ်ညီပါအကူအညီတောင်းတဲ့အတွက် အင်းစိန်၊ နံ့သာကုန်းရပ်ကွက်ထဲနေသော " ဆရာမောင်လင်း ယုန်(ရှမ်းပြည်)" ရဲ့ အကြိုအပို့ကို ကျွန်တော်တာဝန်ယူပေးလိုက်ပါတယ်။ ကျွန်တော်နဲ့က တမြို့တည်း၊ ရပ်ကွက်သာခြားပြီးနေတာမို့ပါ။ ပွဲမတိုင်ခင်တရက်အလိုမှာ ပြင်ဆင်စရာကိစ္စတွေအတွက် (၃၅) လမ်းအလယ်က လက်ဖက်ရည်ဆိုင်တဆိုင်မှာ တိုင်ပင်ကြတာပေါ့။ ပြန်မယ်လို့ပြင်တော့ လင်းသဏ်ညီက သူနဲ့လိုက်ခဲ့ဆိုတာနဲ့ လိုက်ဖြစ်တာပေါ့။ ( ၃၅)လမ်းအထွက်မှာ " ဆူးခက်မင်း" နဲ့ထပ်မံပြီးဆုံတော့ သူ့ကိုပါ ခေါ်လာခဲ့ပါတယ်။ ဒီအထိ ဘယ်သွားမယ်ဆိုတာကို မသိရသေးပါဘူး။ လင်းသဏ်ညီ ခေါ်ဆောင်ရာနောက်ကိုသာလိုက်လာကြတာပါ။ (၃၆) လမ်းအထက် " ရွှေလားရှိုး" ကိုရောက်တော့မှ သောက်ဖို့ခေါ်တယ်ဆိုတာသိရပါတယ်။ ရွှေလားရှိုးရဲ့ အဝင် အပြင်ဖက်ဝိုင်းမှာ ကဗျာဆရာတဦးတည်းထိုင်နေပါတယ်။ ဒီဝိုင်းမှာပဲ ကျွန်တော်တို့ဝင်ထိုင်ရတာပေါ့။ ထိုင်နေသူက " ဆရာအောင်ချိမ့်" လေ။ 
ဆရာက ကျွန်တော်နဲ့ဆူးခက်မင်းကို ခေါင်ညိတ်အသိအမှတ်ပြုပြီး ထိုင်ခိုင်းပါတယ်။ " ဘာသောက်မလဲ" လို့ ဆရာချိမ့်က မေးတော့ ကျွန်တော်တို့သုံးဦးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ဖြစ်ပါတယ်။ ကျွန်တော့် အိတ်ထဲ ပိုက်ဆံ(၂၀၀၀)သာသာလေးသာရှိတာပါ။ " ဆူးခက်မင်း" မှာလဲမပါ။ လင်းသဏ်ညီဆီမှာလဲ သိပ်ပါတဲ့ပုံမရပါဘူး။ ကျွန်တော်တို့ အခြေအနေကို ရိပ်မိတဲ့ဟန်တူတဲ့ ဆရာချိမ့်က " သောက်ချင်တာသောက်ကြ။ ငါတိုက်မှာ" တဲ့။ လင်းသဏ်ညီက ဘီယာသောက်ပါတယ်။ ကျွန်တော်နဲ့ဆူးခက်မင်းက အရက်သောက်ဖို့ပြင်ပါတယ်။ ကုန်ကျစရိတ်နည်းအောင် high class ဖြစ်ဖြစ်၊ RC ဖြစ်ဖြစ်မှာဖို့ပြောနေတုန်း ဆရာချိမ့်ကပဲ မှာပေးပါတယ်။

" မြန်မာနှစ်ပုလင်း၊ ရွှေပတ်တစ်ထောင့်" တဲ့။ တစ်ထောင့်ဆို မကုန်ဘူးမို့လို့ တစ်ပိုင်းနဲ့လဲခိုင်းပေမယ့် ဆရာချိမ့်က " သောက်မှာသာ သောက်စမ်းပါ။ မင်းတို့လား မကုန်မှာ။ " တဲ့။ အဲဒီနေ့ညက ဆရာချိမ့်တိုက်ခဲ့တဲ့ ရွှေပတ်တစ်ထောင့်ကြောင့် ကျွန်တော်လဲ မူးသွားခဲ့ရပါတယ်။ ဆရာချိမ့်ကတော့ ဘီယာကို မျှင်းမျှင်းသောက်ပြီး စကားဝိုင်းကိုဦးဆောင်ပြီး ပြောသွားခဲ့တာပါ။ ကျွန်တော်ကတော့ မူးနေတော့ ကြားတစ်ချက်၊မကြားတစ်ချက်ပါပဲ။ တစ်ခုတော့ အမှတ်ရမိပါတယ်။

" မင်းတို့က အမြဲရန်ဖြစ်နေကြတာပဲ။ ချောကြီးတို့ဖော်ဝေး တို့ကိုခေါ်ပြချင်ပါတယ်။ ဘယ်လိုချစ်ကြသလဲဆိုတာ" 
အဲလိုပုံစံမျိုး ဆရာချိမ့်ပြောခဲ့တာပါ။

ကဗျာဆရာ/ပန်းချီဆရာ မင်းရည်သွေးနဲ့ ပတ်သက်ပြီး ကဗျာဝိုင်းကလေးတစ်ခုထံ ကျွန်တော်ရောက်ရှိသွားခဲ့ပါတယ်။ " တနင်္ဂနွေကဗျာဝိုင်း" တဲ့။ ဦးဆောင်သူတွေက မောင်ဆောင်းခ၊မင်းရည်သွေး၊မေ၊ခိုင်လေညင်း တို့ပါ။ တစ်ခြားသူတွေပါရင် ပါကြပါဦးမယ်။ ကျွန်တော်သိသလောက်ကို ပြောပြတာပါ။ ပွဲစလုပ်တဲ့နေရာက မြေနီကုန်းက ဦးဇင်းဆူးရင့်ရဲ့ ကျောင်းမှာပါ။ နောက်ပိုင်းမှာတော့ " တနင်္ဂနွေကဗျာဝိုင်း" နာမည်အစား " ကဗျာလွယ်အိတ်များ" ဆိုပြီး ပြောင်းပေးလိုက်ပါတယ်။ " ကဗျာလွယ်အိတ်" ရဲ့ လိုဂိုဒီဇိုင်းကိုတော့ သွားလေသူ "သက်ငြိမ်သစ်"က ရေးဆွဲပေးခဲ့တာပါ။ ဒီ ကဗျာလွယ်အိတ်ထဲမှာရှိတဲ့ " မေ" ဆိုတဲ့ကဗျာဆရာမလေးနဲ့က မောင်နှမတွေလိုနေကြတာပါ။ " မေ" က ကျွန်တော့်မွေးနေ့အမှတ်တရဆိုပြီး ဂျင်းရှပ်အင်္ကျီလက်ရှည်တစ်ထည် လက်ဆောင်ပေးပါတယ်။ ကျွန်တော်လဲ သူ့ကို တခုခုလက်ဆောင်ပြန်ပေးဖို့ပြင်ရပါတယ်။ ဘာဝယ်ပေးရမလဲ စဉ်းစားမိတော့ အမှတ်တရဖြစ်အောင် ကဗျာစာအုပ်တစ်အုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်ပါ။ ကျွန်တော့်အသက်လို တန်ဖိုးထားထိန်းသိမ်းထားသော ကဗျာစာအုပ်တစ်အုပ်ပါ။ " ဂန္တဝင်မမ" တဲ့။ ပထမအကြိမ်ထုတ် ဆရာအောင်ချိမ့်လက်မှတ်ထိုးပေးထားသော စာအုပ်ပါ။ ရွှေထက်ရှားကြောင်း ကဗျာတန်ဖိုးထားသူမှန်သမျှ သိရှိကြမှာပါ။ စာအုပ်ကို လက်ဆောင်ပေးတော့  ကဗျာဆရာမလေးခမျာ တအံ့တသြဖြစ်သွားရှာပါတယ်။ အဲဒီလိုနဲ့  ကျွန်တော်တို့ရဲ့ " ဂန္တဝင်မမ" ဟာ ကဗျာဆရာမလေးတစ်ယောက်ရဲ့ လက်ထဲပြောင်းလဲရောက်ရှိသွားခဲ့ပြန်ပါတယ်။

" ဂန္တဝင်မမ" က ကျွန်တော့်အတွက် အမှတ်တရဖြစ်စေလိုတာလား။ တသသ လွမ်းစေလိုတာလား မသိပါဘူး။ ကဗျာဆရာမလေး " မေ" ဆီရောက်ပြီး သိပ်မကြာခင် စစ်ဘေးရှောင်တွေကို လှူဒါန်းဖို့ စာအုပ်ရောင်းချပွဲတစ်ပွဲလုပ်ပါတယ်။ ကဗျာဆရာမလေး " မေ" က သူလည်းထပ်တူတန်ဖိုးထားရပေမယ့် အခြေ အနေအရ ရောင်းချဖို့ဖြစ်လာရပါတယ်။ ဒီအတွက် ကျွန်တော့်ထံလာရောက်တိုင်ပင်ပါတယ်။ လက်ဆောင်ပေးခဲ့ချိန်တည်းက ကြိုက်တာလုပ်ပါလို့ ယတိပြတ်ပြောထားခဲ့တာပါ။ ဒီလိုနဲ့ " ဂန္တဝင်မမ" ကို ပမာဏာတစ်ခုအထိရှိတဲ့ ငွေကြေးအချို့နဲ့ ရောင်းချပြီး လှူဒါန်းပေးလိုက်ပါတယ်။ 
အခုဆိုရင် " ဂန္တဝင်မမ" က လက်ပြောင်းလက်လွှဲအဆင့်ဆင့်နဲ့ ဘယ်အရပ်ဒေသထံသို့ ရောက်ရှိနေသလဲဆိုတာကို မသိနိုင်တော့ပါဘူး။ လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ကျော်ကတော့ " ဂန္တဝင်မမ" ကို အမှတ်မထင်လက်ခံရရှိခဲ့သော လူငယ်လေးတစ်ဦးက သက်ရှိထင်ရှား " ဂန္တဝင်မမ" ကို ဆုံစည်းခဲ့ရဖူးပါတယ်။ သက်ရှိထင်ရှား " ဂန္တဝင်မမ" ရဲ့ အရေးအသားကိုရဖို့အတွက် ကဗျာဆရာရဲ့အိမ်ရာထံ ရို့ရို့ကျိုးကျိုး ချဉ်းကပ်တောင်းခံခဲ့ဖူးပါတယ်။

ပစ္စုပ္ပန်အရပ်ထံ၌ သတိရေအလျင်ကို ကပ်မိတော့ " ဂန္တဝင်မမ" က ငြိမ်းအေးရာဘုံကို ပြန်လည်ထွက်ခွာသွားခဲ့ပါပြီ။ သူ့အနုပညာကို ချစ်မက်သူများအား ချန်ရစ်ထားခဲ့ပြီ။ 
သို့ပေမယ့် ကဗျာဆရာသည် သက်တော်ရာကျော်ရှည်ခဲ့ပြီးဖြစ်ပါသည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar