Breaking News

မိုးမခကဗျာ - အောင်ကောင်းမြစ် "ပျံသန်းခြင်း" ၊ ကျော်ဟုန်း " ဖြည့်စွက် ဥပဒေသ ၂၁ "

မိုးမခကဗျာ
သြဂုတ် ၂၇၊ ၂၀၂၁

"ပျံသန်းခြင်း"
အောင်ကောင်းမြစ်

သစ်တစ်ပင်ကောင်းကြောင်းကို နောက်မှပြောပါ
စားကျက်တွေ ဘယ်အရပ်မှာရှိနေသလဲ
ကျေးဇူးပြု၍ cb ကနေ Link ချပေးပါ
ဟလို ဟလို! ကောင်းကောင်းမကြားရဘူး
အဓိပ္ပာယ်မရှိတဲ့အကြောင်းတွေ သိပ်မပြောပါနဲ့
အဓိပ္ပါယ်ရှိတာတွေက
လေနှင်ရာ လွင့်ကုန်တတ်လွန်းလို့
သန်းခေါင်ထက် ညဉ့်မနက်ဘူးတဲ့လား
အဲဒီလို မျက်ကန်းကြုံးဝါးသံတွေက
တောခြောက်တဲ့အဆင့်ထက် မပိုပါဘူး
ညစစ်စစ်တွေက ဝါးလုံးကွဲ ထထရယ်တော့
ငါတို့ အိပ်ရေးပျက် သက်လုံမကောင်းတာပဲ အဖတ်တင်မယ်
အရေးကြီးတာက မြောက်ဘက်တောင်တန်းတွေ
နေလုံးထမ်းလာတဲ့အချိန်
ငါတို့အတောင်ပံတွေ အဆင်သင့်ဖြန့်ထားကြဖို့ပဲ။

24.8.2021
Wed: 11:55 am

-
" ဖြည့်စွက် ဥပဒေသ ၂၁ "
ကျော်ဟုန်း

အခုတလော
ရုတ်တရက်သေဆုံး
နာရေးသတင်းတွေ ကြားရတာ
ဝမ်းသာစရာ။

အခုတလော
ဆိုင်မဲ့အိမ်မဲ့
ပြာသတင်းတွေ ကြားရတာ
ခံပြင်းစရာ။

အခုတလော
ဇွပ်ဇွပ်ဇွပ်နဲ့
အုန်းခနဲအသံတချို့ ကြားရတာ
ဝမ်းနည်း ဝမ်းသာ။

ငါ့မှာလည်း(ငါ့မလဲ)
သံသရာအဆက်ဆက်
အဝီဇိ ချိုးကပ်မယ့် တကောင်ကြောင့်
အမျက်ချို အချစ်ခါးတွေဖြစ်လို့။

မြန်မာ့နွေဦးတော်လှန်ရေးရေ
လောကပါလတရားမှာ
ထပ်ဖြည့်စရာ စာကြွင်းကျန်နေဦးမလား။


၂၀၂၁၀၅၂၀
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar