Breaking News

မိုးမြင့်ယံ - မေ့ပျောက်မရနိုင်သော နွေဦးရဲ့ အလွမ်းနေ့ရက်များ

Art - Than Htay Maung
မေ့ပျောက်မရနိုင်သော နွေဦးရဲ့ အလွမ်းနေ့ရက်များ 
    မိုးမြင့်ယံ
(မိုးမခ) သြဂုတ် ၂၀၊ ၂၀၂၁


လွမ်းမောဖွယ်ရာနွေညတို့သည် ကျန်ရစ်ခဲ့ပြီဆိုသော်ညား  စိတ်အတွေးထဲမှာ မနေ့တနေ့ကကဲ့သို့ပင် ထင်ကျန် ရစ်နေတုန်းပဲဖြစ်သည် ။
စိန်ပန်းပွင့်တို့ တဖွဲဖွဲလွင့်ကြွေကျနေသော နွေဦးနေ့ရက်တို့သည် ရင်မှာ ဘယ်တော့မှမပျောက်ပျက်နိုင်တော့မဲ့ သေရာပါ ဒဏ်ရာတခုလို ရင်ဘတ်၏အတွင်းကျကျနေရာမှာ အမာရွတ်သဖွယ် ထင်ကျန်ရစ်နေဦးမည်ကတော့ အသေချာဆုံးသော စိတ်ဒဏ်ရာတခုဖြစ်မည်ထင်ပါရဲ့ ။
ဆောင်းနှောင်းလက်ကျန်တို့ ၏ အေးစက်တုန်ရီခြင်း အလွှာပါးပါးအောက်မှ ရန်ကုန်မြေကို နှစ်သစ်တစ်ခုရဲ့ အစပြုခြင်းနဲ့ အတူ ကျွန်တော်သည် ကျောခိုင်းထွက်ခွာလာခဲ့ရသည်။ ကိုဗစ် ဒုတိလှိုင်း၏ အငွေ့အသက်တို့ သည်ပင် အကင်းမသေနိုင်သေးသော အချိန်ကာလ ဖြစ်နေပြန်သေးသည်။
မြေလတ်အညာမြို့လေးတခုရဲ့ ဝပ်ကျင်းလေးထဲမှာ ဆောင်းနှောင်းရက်ကျန်တို့သည်ပိုမိုအေးမြလွန်းလှသည်ဟု ထင်မိသည် ။
သည်မှာဘက် နှစ်များမှာ ပျော်ရွှင်မှုတို့သည်နေရာ အနှံ့အပြား၌ ပျောက်ဆုံးနေသည်ကို လူတော်တော်များများ သည် အာရုံသိနဲ့ ခံစားမိနေကြသည်ပဲလေ ။
၂၀၂၀ ခုနှစ်ရဲ့ ဖေဖော်ဝါရီလ အတွင်းမှာပင် ကိုဗစ် ပထမလှိုင်းသည် မြန်မာပြည်ထဲသို့ တစ်စစနဲ့ တိုးဝင်ကာ ချိန်းခြောက်လာခဲ့ပြီး ပြည်သူလူထုကို နှိပ်စက်ကလူပြုခဲ့လေသည် ။
ထိုသို့ ကိုဗစ်ပထမနှင့် ဒုတိယလှိုင်းတို့ ငြိမ်သက်မလိုရှိခါစ အချိန်ခဏ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အအေးဓာတ်တို့ ပါးပါးလွှမ်းခြုံထားသော နယ်မြို့လေးရဲ့ မနက်ခင်းသည် သာမာန်နေ့ရက်တို့ကဲ့သို့ နိုးထသက်ဝင်လာခဲ့ပြီး တိုးဖွဖွ ထူးခြားမှုတို့သည် ဟိုနေရာတစ်စ သည်နေရာတစ်စ ကြားနေရသည် ။ ကော်ဖီသောက်နေရင်း ကျွန်တော့် ဖုန်းကို ယူ၍ ရန်ကုန်က မေမေ နေကောင်းပါလေစလို့ ဖုန်းဆက်မေးမည်လုပ်မှ ကျွန်တော့် ဖုန်းသည် ဘာတစ်ခုမှ အလုပ်မလုပ်တော့သည်ကို သိလိုက်ရသည် ။ တဖန် လာနေကြရုပ်သံလိုင်းတို့အား ဖွင့်ကြည့်မိတော့လည်း MWD ၊ MRTV ထိုနိုင်ငံပိုင် ရုပ်သံလိုင်း နှစ်ခုရဲ့ ထုတ်လွင့်မှုကိုသာ တွေ့မြင်ရပြန်သည် ။
မသိစိတ်ရဲ့ စေ့ဆော်မှုအရ တခုခုထူးခြားပြီကို သိနေသော်လည်း ဘာမှန်းအတိအကျမသိနိုင်သေးသောအဖြစ်။
နောက်ပိုင်းတွင် ထိုရုပ်သံလိုင်းတို့မှ စစ်တပ်သည် နိုင်ငံတော် အာဏာကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း သတင်းကို ကြည့်ရှု့လိုက်ရသောအခါ ရင်သည် ကြိမ်မီးအုံးသကဲ့သို့ တစ်ဆတ်ဆတ် ခါ၍ နာကျင်လာခဲ့ရသည်။
အမှောင်၏နေ့ရက်များထဲသို့ ပြန်လည် ဆွဲယူနှစ်မြှုပ်ဖို့ အားယူနေသော မိစ္ဆာတို့ရဲ့ လက်တံရှည်ရှည်တို့အား မြင်လိုက်ရသလို အနာဂတ်နေ့ရက်တို့၏မသေချာမှုကို မျှော်မောရန်သာရှိပေတော့သည် ။
စိတ်တို့သည် ဖိစီးလေးလံလွန်းလှနေပေသည် ။ နိုင်ငံတော်သမ္မတကြီးနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ထိုမှတဝ ပြည် နယ်အသီးသီးရှိအမတ်လောင်းများ နှင့် တိုင်းဝန်ကြီးချုပ်များး လွှတ်တော်အမတ်များ အရာရာစနစ်တကျ ကောက်ကျစ်ယုတ်မာစွာ ထိန်းသိမ်းခံလိုက်သည်ကို သိလိုက်တဲ့အချိန် ပြည်သူတရပ်လုံးနည်းတူ အံကြိတ် တောက်ခေါက်ရင်း လက်သီးကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်ပဲလေ ။
သူ့ကျွန် အဖြစ်မှ လွတ်မြောက်ပြီးချိန်မှအစပြု၍ ပြည်သူတို့သည် ၁၉၆၂ အိမ်စောင့်အစိုးရဟူသော ကာလများမှ စတင်ကာ စစ်ကျွန်အဖြစ် သက်ဆင်းခဲ့ရသော နေ့ရက်ကာလတို့၏ အမှောင်တိုက်သည် ရှည်ကြာလွန်းခဲ့ရပေသည် ။
အဖိနှိပ်ခံပူလောင်ကျွမ်းမြှိုက်နေရက်တို့ ရဲ့ တိုက်စားခံ အဖြစ်အပျက်များကို သိရှိနားလည်လာကြသော လူငယ်တို့သည် နေရာပေါင်းစုံ တိုင်းပြည်အနှံ့မှနေ၍ နွေဦးရဲ့ လမ်းမတွေထက်သို့ လက်သုံးချောင်းကိုထောင်ကာ ကြွေး ကြော်သံတွေနဲ့ ချီတက်လာခဲ့ပြီလေ။
ပြည့်သူ့အာဏာ ပြည်သူ့ပြန်ပေး ၊ ကမ္ဘာမကြေဘူးတေးသံတို့သည် နိုင်ငံအနှံ့ရှိ နွေဦးရဲ့လမ်းမတွေထက်၌ ပူပြင်းလောင်မြှိုက်စွာ ပွက်ပွက်ညံခဲ့လေပြီ ။
ရိုသားစွာဟစ်ကြွေးတောင်းဆိုသော ပြည်သူအပေါ် မိစ္ဆာဆိုးတို့သည် ရက်စက်စွာ သတ်ဖြတ်ကြပြန်လေသည် ။
နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး ၊ မုံရွာ ၊ မြစ်ကြီးနား ၊ မော်လမြိုင် ၊ ပခုက္ကူ နဲ့ မြင်းခြံ ၊ မြိုင် ... စသည်ဖြင့် နိုင်ငံအနှံ့အပြား သွေးမြေကြခဲ့ရသည့် အဖြစ်တို့သည် ပုံပြင် တစ်ပုဒ်ဝတ္ထုတစ်အုပ်မဟုတ်ခဲ့ပါလေ ။
နီစွေးသော သွေးစက်တွေအောက်မှ ဒူးမထောက်လက်မမြှောက် သံမဏိစိတ်ဓာတ်နဲ့ လူငယ်တွေသည် အလံမလိပ်သလို အသံလည်း မတိတ်ခဲ့ကြပါပေ ။
နွေဦးသည် ကြွေလွင့်ကြွယ်များ၏ တောက်ပမှု အားကို ယူကာ ဆက်လက်လင်းပွင့်ခဲ့ပြန်ပါသည်။
ယခုလို ဝဿန်ကာလ၏ မိုးစက်မိုးမှုန်တွေအောက်မှာပင် ကျွန်တော်တို့ ပြည်သူတွေသည် ရဲရဲစွေးစွာ မိုးနဲ့အတူ အပြိုင်ရွာသွန်းရင်း အန္ဓမိစ္ဆာ တို့ကိုပစ်ခွင်းပစ်မဲ့မိုးကြိုးမုန်တိုင်းများအသွင် ဖန်းဆင်းနေကြပြီပဲ ။
မကြာမီ အချိန်ကာလ ၌ ပြည်သူ့အောင်ပွဲနှင့် အတူ အောင်လံတလူလူလွင့်ရင်း ပြည်သိမ်းသီချင်းသံကို အတူတူ ဆိုညည်းရပေဦးတော့မည် ။
သို့သော် လွင့်ကျကျန်ရစ်ခဲ့ သော စိန်ပန်းတွေ တသောသောကြွေလွင့်ခဲ့ရတဲ့ နွေဦးကာလတို့အား ကျွန်တော် အသက်ရှင်နေသမျှ ကာလပတ်လုံး လွမ်းဆွတ်နေရဦးမည်သာဖြစ်သည် ။

                    ချစ်ခြင်းမေတ္တာများဖြင့် ...
                    မိုးမြင့်ယံ
                     24 . July . 2021


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar