မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၈ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၁၈ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၈၊ ၂၀၂၁ယမန်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရဲ့ခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်း၊ မြို့ကြီးအချို့မှာ ကိုဗစ်ကူးစက်မှုတွေ ကျဆင်းလာပေမယ့်လည်း နယ်မြို့တွေမှာ ကူးစက်မှု အရေအတွက် တိုးမြင့်လာနေဆဲ ဖြစ်သလို သေဆုံးမှုတွေလည်း ရှိနေဆဲဖြစ်တဲ့ သတင်း၊ မြန်မာနိုင်ငံရဲ့ ကိုဗစ်ကူးစက်မှုတတိယလှိုင်းမှာ သေဆုံးမှုတွေဟာ ဒေသတွင်းနိုင်ငံတွေအထဲ အမြင့်ဆုံးသေဆုံးတဲ့နိုင်ငံတနိုင်ငံဖြစ်နေတယ်ဆိုတဲ့ သတင်း၊ အုပ်ချုပ်ရေးမှူးတွေကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်တဲ့ အဖြစ်အပျက်တွေက မြန်မာနိုင်ငံအနှံ့မှာ နေ့စဥ်ဖြစ်နေကျ အဖြစ်အပျက်တွေသဖွယ် ဖြစ်ပွားနေတဲ့ သတင်း၊ ပြီးခဲ့တဲ့ ရက်ပိုင်းက ပုဒ်မ ၅၀၅-က ထုတ်ခံထားရတဲ့ သတင်းစာဆရာတဦးနဲ့အတူ အခြားသတင်းသမားတဦးအဖမ်းခံရတဲ့ သတင်းတွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီမှာ မြန်မာ့နိုင်ငံအရေးကို တံခါးပိတ်ဆွေးနွေးခဲ့တဲ့ သတင်းမှာတော့ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကူးစက်မှု ပိုမိုဆိုးရွားလာတဲ့ အခြေအနေမှာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့၊ အပစ်အခတ်တွေ ရပ်ဆိုင်းထားပြီး ကာကွယ်ဆေး ထိုးပေးခွင့်ရှိဖို့ ယခုနှစ် ဖေဖေါ်ဝါရီလ က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၅၆၅ ကိုလိုက်နာဖို့ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ပေးခွင့်ရဖို့ နဲ့ အာဆီယံမူ ၅ ချက်ကို အမြန်ဆုံး အကောင်အထည်ဖေါ်နိုင်အောင်လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ဖြစ်သူ ခရစ်စတင်း ဘာဂန်နာက တိုက်တွန်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့ပြီး အပစ်ရပ်ဖို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခွင့်ရှိဖို့ တောင်းဆိုချက်ကို ထောက်ခံပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီအစည်းအဝေးက တော့ မလိုက်နာမဖြစ် လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုးတော့ ချမှတ်ခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။
ရှေ့လာမယ့် ၆ လ တနှစ် အတွင်း မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အကြပ်အတည်း၊ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုအရှိန်မြင့်လာမယ့် အနေအထား၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေဖြစ်ပွားရာ နယ်မြေဒေသတွေ ပိုမိုကျယ်ပြန့်လာမယ့် အလားအလာတွေ ရှိနေပြီး ဒီလိုအလားအလာတွေကို နိုင်ငံတကာကလည်း သတိပြုမိတာ ဖြစ်ပါတယ်။
လတ်တလော အနေအထားက နောက်လအနယ်းငယ်အတွင်း နှစ်ဝက်ကနေ တနှစ်လောက်ကာလအတွင်း နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းကြဖို့ စုဆောင်း ပြင်ဆင်နေကြတဲ့ သဘောလည်း ရှိသွားကြတဲ့ မြန်မာနိုင်ငံဒေသအသီးသီးက လူငယ်တွေက စစ်ပညာ၊ ဖောက်ခွဲရေးနဲ့ မြို့ပြပျောက်ကြား တိုက်ခိုက်တဲ့ အတတ်ပညာတွေ သင်ယူနေကြသလို၊ နကိုရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း စစ်အာဏာသိမ်းပြီးနောက် သူတို့တပ်ဖွဲ့ထဲ ဝင်ရောက် စစ်မှုထမ်းကြမယ့်သူတွေ ပိုများပြားလာလို့ လက်နက်ကိုင် အင်အား တိုးမြင့်လာနေတာ ဖြစ်သလို ၊ အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့လည်း PDF လို့ခေါ်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းထားပြီး D- Dayလို့ခေါ်တဲ့ တပြိုင်နက်ထဲ တိုက်ပွဲခေါ်သံခေါ်ကာ စတိုက်မဲ့နေ့ကို ဆွေးနွေး သတ်မှတ်မယ်ဆိုတဲ့ တရားဝင် ပြောဆိုမှုတွေ ယခုရက်ပိုင်း ထပ်မံကြားသိနေရတာကြောင့် လာမယ့် လပိုင်း သို့မဟုတ် လအနည်းငယ်အတွင်း လက်နက်ကိုင် ပဋိပက္ခထပ် အရှိန်မြင့်ဖို့ ကျယ်ပြန့်စွာ ဖြစ်လာဖို့ အလားအလာတွေ ရှိနေတယ်လို့ မြင်ပါတယ်။
နောက်သတင်းတပုဒ်ကတော့ မြန်မာနိုင်ငံရဲ့ တတိယလှိုင်းကိုဗစ်သေဆုံးမှု အနေအထားဟာ အာရှ ပစိဖိတ်ဒေသအတွင်းမှာ သေဆုံးမှု အမြင့်ဆုံးနိုင်ငံတွေ စာရင်းထဲ ပါဝင်နေတယ်ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ သေဆုံးမှု ၂ ဆတိုးတဲ့ ၁၀ နိုင်ငံစာရင်းထဲ အာရှ ပစိဖိတ်ဒေသက ၇ နိုင်ငံပါဝင်ပြီး မြန်မာက အဲဒီ ၇ နိုင်ငံထဲပါဝင်နေတာဖြစ်ပါတယ်။ မြန်မာနဲ့အတူ စာရင်းထဲပါဝင်နေတဲ့ အခြား ၂ နိုင်ငံကတော့ ဗီယက်နမ်၊ ဖီဂျီနိုင်ငံတို့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လလောက်က စလို့ အိန္ဒိယနဲ့ ဆက်စပ်နေတဲ့စစ်ကိုင်းတိုင်း ချင်းပြည်နယ်မြို့တွေကနေ ကူးစက်ပျံ့နှံ့လာတဲ့ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲရဲ့ ကူးစက်မှုနဲ့ လအနည်းငယ်အတွင်း လူသောင်းနဲ့ချီသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။ စစ်ကောင်စီအစိုးရရဲ့ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေက အမှန်တကယ် သေဆုံးတဲ့ ကိန်းဂဏန်းတွေနဲ့ စာရင် အဆများစွာနည်းပါးနေခဲ့တဲ့ သဘောလည်း ရှိပါတယ်။ ရန်ကုန်မြို့တမြို့ထဲတင် ဇူလိုင်လတလအတွင်း လူသောင်းနဲ့ချီသေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ဇူလိုင်လလယ်ကနေ လကုန်ရက်တွေအထိ သြဂုတ်လ ရဲ့ ပထမပတ်တွေ အထိ တရက်ကို ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသူ တနေ့ကို တထောင်နဲ့ အထက်ရှိနေခဲ့တာကြောင့် ခန့်မှန်းခြေအားဖြင့် ရန်ကုန်တမြို့ထဲတင် ဇူလိုင်လနဲ့ သြဂုတ်လဆန်းထိ ၂ သောင်းဝန်းကျင်လောက် ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးခဲ့ရပြီလို့ ယုံကြည်ရပါတယ်။
ဒီကိန်းဂဏန်းတွေက ၂၀၂၀ ခုနှစ် ဆန်း မတ်လနဲ့ ဧပြီလတုန်းက အီတလီနိုင်ငံမြောက်ပိုင်းမှာ ကိုဗစ်ကူးစက်မှုကြောင့် ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတဲ့ ကိန်းဂဏန်းတွေကိုတောင် ကျော်သွားတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။
နောက်သတင်းတပုဒ်ကတော့ နေ့စဥ်လိုလို သတင်းတွေထဲ ဖတ်ရှုနေရတဲ့ အုပ်ချုပ်ရေးမှူးနဲ သတင်းပေးလို့ စွပ်စွဲခံရသူတွေ လုပ်ကြံသတ်ဖြတ်ခံရတဲ့ သတင်းတွေဖြစ်ပါတယ်။ ဒီနေ့တရက်ထဲ မြန်မာနိုင်ငံရဲ့ နေရာ ၃ နေရာမှာ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ တောင်သာမြို့နယ်၊ ဧရာဝတီတိုင်း အသုတ်မြို့နယ်၊ မန္တလေး ရွှေလှံရပ်ကွက် နေရာသုံးနေရာမှာ ဖြစ်ပွားခဲ့တာပါ။
ဒီလိုမျိုး လုပ်ကြံသတ်ဖြတ်မှုတွေက နေ့စဥ် ဖြစ်နေကျ အဖြစ်အပျက် သဖွယ်ဖြစ်ပျက်လာနေပြီး သတင်းတွေထဲပါနေတာကို ရိုးသွားတဲ့သဖွယ် ဒီလောက် အရေးမထားကြတော့တဲ့ သဘောလည်း တွေ့ရပါတယ်။ အဖြစ်အများဆုံးဒေသတွေက ရန်ကုန်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ဖြစ်ပါတယ်။
ဒီနေ့အတွက် အခြားသတင်းတပုဒ်ကတော့ နိုင်ငံရေး သုံးသပ်ချက် ဆောင်းပါးတွေ ရေးသားနေသူ သတင်းစာဆရာ စည်သူအောင်မြင့်နဲ့ အခြားသတင်းသမားတဦးတို့ ရန်ကုန်မြို့က တိုက်ခန်းတခန်းမှာ ဧည့်စာရင်းဝင်စစ်မယ်ဆိုပြီး ဖမ်းဆီးခံလိုက်ရတဲ့ သတင်းဖြစ်ပါတယ်။ ဆောင်းပါးရှင် စည်သူအောင်မြင့်ကို ၅၀၅-က နဲ့ အလိုရှိကြောင်း ဝရန်းထုတ်ထားတာ ပြီးခဲ့တဲ့ ၄ လလောက်ကတည်းက ဖြစ်ပြီး ယခုအချိန်မှ ရန်ကုန်မြို့တိုက်ခန်းတခန်းမှာ ဝင်စစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ပုဒ်မ ၅၀၅-က နဲ့ ထုတ်ထားသူတွေအပေါ် ဖြေလျော့မှုတွေ လုပ်ပေးမယ်လို့ ထုတ်ပြန်ထားတာတွေရှိနေပေမယ့်လည်း ဖမ်းဆီးခံ သတင်းသမားတွေ ဒါဇင်နဲ့ချီရှိနေသေးသလို ခုလို အသစ်သောဖမ်းဆီးမှုတွေလည်း ရှိနေသေးတာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ အပြောနဲ့ အလုပ်မညီတာကို တွေ့ရမှာဖြစ်ပါတယ်။
မြန်မာပြည်မှာ စစ်ရေးပြင်ဆင်မှုတွေ ဟိုဖက် ဒီဖက် တိုးလုပ်လာကြတဲ့အချိန်မှာ မြန်မာပြည်တွင်းက ကျေးလက်တောရွာတွေထဲက ရွာပုန်း ရွာရှောင် စစ်ဘေးရှောင်တွေ ဒုက္ခသည်တွေ ဦးရေ တိုးပွားသည်ထက် တိုးပွားနေပါတယ်။ စစ်ဘေးရှောင် သိန်းချီနေပြီလို့ ဆိုပြီး တခါဖူးမှ စစ်ဘေးရှောင် IDP မဖြစ်ခဲ့ကြဘူးတဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတွေက မြို့ရွာ ကျေးလက်ဒေသတွေ တောတောင်တွေထဲမှာ ရွာလုံးကျွတ် မြန်မာစစ်ကောင်စီတပ်တွေဘေးက ရှောင်ပြေးနေရပါတယ်။ အဲသည်အတွက် အကူအညီတွေကို မြန်မာပြည်သူတွေကပဲ ကိုယ်ထူကိုယ်ထပေးအပ်နေကြရပါတယ်။ အာဖဂန်နစ္စတန်က အစိုးရတရပ် ကျဆုံးခန်းကို စစ်ဘေးရှောင်နဲ့ ခုခံစစ်ဆင်နွှဲနေရသူတွေက အထူးစိတ်ဝင်စားကြပါတယ်။ သည်ထက်ပိုပြီးတော့ အမေရိကန်တပ်တွေ အာဖဂန်အစိုးရစစ်တပ်တွေ ကျန်ရစ်ခဲ့တဲ့ စစ်လက်နက်တွေ မော်တော်ယာဉ်တွေ အရင်းအမြစ်တွေကိုလည်း သူတို့က စိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေက စစ်လက်နက်ပစ္စည်းတွေဟာ အိမ်နီးချင်းစစ်ဒေသတွေဆီကို ကုန်သည်တွေ မှောင်ခိုလမ်းကြောင်းတွေကနေ ပြန့်နှံ့လာလေ့ရှိတဲ့ ထုံးစံရှိသမို့ သည်ကိစ္စကလည်း ဆွေးနွေးစရာ ဖြစ်လာပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာမှု ကူညီရေးလုပ်ငန်းတွေ အစိုးရအဖွဲ့အစည်းတွေအနေနဲ့က စစ်မီးကို တားဖို့၊ လူသားတွေကို ကာကွယ် စောင့်ရှောက်ဖို့အရေးဟာ ပိုပြီး ရှေ့တန်းရောက်လာတာကို သတိမူကြရမှာ ဖြစ်ကြောင်းပါ။
Photo - လမ်းပေါ်ထွက်ပြီး ချီတက်ဆန္ဒပြခဲ့သော " မန္တလေးလူငယ်များ သပိတ်စစ်ကြောင်း - facebook post"
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar