Breaking News

မိုးမခ ကဗျာ - ထွန်းဝေမြင့်၊ ' ပြည်တော်ဝင် ' ၊ နေစိမ့် ' ဝတ်လစ်စားလစ် နာနာဘာဝ '

Art - Than Htay Maung
မိုးမခကဗျာ
သြဂုတ် ၂၅၊ ၂၀၂၁

ပြည်တော်ဝင်
ထွန်းဝေမြင့်

မိတ်ဆွေနိုင်ငံ နည်းနည်းနဲ့လည်း
နေလို့ရပါတယ်တဲ့။
ဟိုတလောက ကြားမိတဲ့စကားပါ။

"ချစ်ခင်ကြတဲ့ အားလုံးမိတ်ဆွေ
နေ့တိုင်းပဲ သတိရတယ်လေ "။
"ပြည်တော်ဝင်" မွန်သောသီချင်း
အားလုံးနှစ်သက်၊ အားလုံးစွဲမက်။

ကျွန်တော့တစ်သက်မှာတော့
တစ်ယောက်တည်းနေချိန်များခဲ့တယ်။
မိတ်ဆွေတွေကို သတိရရင်းနဲ့ပါ။  ။

၂၅. ၈. ၂၀၂၁


" ဝတ်လစ်စားလစ် နာနာဘာဝ "
နေစိမ့်

ယမမင်းလက်ကမလွတ်မြောက်နိုင်တဲ့ဟီသံ
အောက်စီဂျင်လိုပတ်ချာလည်မှာရှိနေတဲ့သတ္တဝါ
မသိလိုက်ဘူး မမြင်ရဘူး မကြားရဘူး
နာနာဘာဝတွေဟာတုတ်ပြီးဓားပြီးကျည်ဆန်ပါပြီးတော့
ကျည်ကာအကျီ ဝတ်မထားကြ
ကျိန်စာတွေမစွမ်းတော့ 
ဇိန္နမာန လူပုံအလယ်အရှက်မဲ့သလို
အသက်လည်းမရှိ ရက်စွဲလည်းမရှိ
သန်းခေါင်ယံကျော် ခွေးလေခွေးလွ့င်တွေအူပြီဆို
သေချာတယ် 
နာနာဘာဝတွေ လေညင်းခံထွက်ရင်း
အလောင်းကိုအနံ့ခံကြ
နာနာဘာဝဆိုတာ ဘာကောင်တွေလဲ
ဒီကောင်တွေ ပုဒ်မ ၁၄၄ မသိဘူးလား
ဒီကောင်တွေမှာ မိသားစုမရှိဘူးလား
ဒီကောင်တွေ ဘာသာမဲ့လား
သန်းခေါင်စာရင်း မရှိတဲ့အလေအလွင့်တွေ
ငါထင်တယ်
ဒီကောင်တွေ ယမမင်းကလှန်ထားတဲ့နွားတွေပဲ
ငရဲကဆန့်ထွက်လာတဲ့ နှာမောင်းတွေပဲ
စေတန်ကဖြန့်ထားတဲ့ အငှားလူသတ်သမားတွေ
လူသေရဲ့အနံ့ကိုရှူသွင်းဖို့သာသိတဲ့မိစ္ဆာ
သန်းခေါင်ယံကျော်လို့ ခွေးတွေအူပြီဆို
သေချာတယ်
နာနာဘာဝတွေလာပြီ
နာနာဘာဝတွေလာပြီ

၂၀၂၁ သြဂုတ် ၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar