Breaking News

ဆာသော်ဒိုး - န ဖား ကြိုး

Image- Crd (Google)
န ဖား ကြိုး
ဆာသော်ဒိုး
(မိုးမခ) သြဂုတ် ၄၊ ၂၀၂၁
     

နွေဦး။
     အရပ်ဒေသတစ်ခု မြို့နှင့်မနီးသည့် ရွာတစ်ရွာမှာ။ ခေတ္တအမောဖြေအားမွေးရင်း ယာတစ်ခင်း စိုက်ဖြစ်၏။ ဒေသမျိုး ပြောင်းမျိုးစေ့များရှာဖွေကာ ပေါက်တူးတစ်လက်လက်နှစ်ဘက်ဖြင့် တူးဆွ၍ စိုက်ပျိုးခဲ့၏။

     ယာခင်းအစပ်နေရာတွေမှာတော့ သခွား၊ ပဲ၊ ခရမ်း၊ ချဉ်ပေါင်၊ မုံညင်း . . . စသည်တို့ကို စိုက်ဖြစ်ပါ၏။ အင်တာနက်လိုင်းတွေမမိသည့် ဒေသရပ်ရွာမှာ မနက်မိုးလင်းတာနှင့် ကောက်ညှင်းပေါင်းစား ရေနွေးတစ်ခရားသောက်ပြီးလျှင် ယာထဲသို့ဆင်းကာ အပင်တွေကို လိုက်ကြည့်ဖြစ်၏။ အပင်တွေကြား အောက်ခြေမှ အဖျက်သမား ပေါင်းပင်တွေကို တွေ့တာနှင့် တစ်ခါတည်း ဆွဲဆွဲနှုတ်ပစ်ဖြစ်ပါ၏။

     အကျိုးပြုအပင်များကို ထိခိုက်ဖျက်ဆီးမည့်အနှီပေါင်းပင်ပေါင်းစုံကို ရှင်သန်ခွင့်ပြုလိုက်ပါက ဒုက္ခလှလှနှင့်တွေ့ရမည်မှာ အမှန်ပါပေ။ အချို့ယာကွက်များမှာ ပေါင်းနှုတ်မည့်သူ မရှိသဖြင့် ဘယ်ဟာကပြောင်း၊ ဘယ်ဟာကပေါင်း ဆိုတာခွဲခြားလို့တောင်မှမရပေ။ သည်အကွက်မျိုးဆိုလျှင် နောက်ဆုံး ပေါင်းပင်တွေက ကြီးစိုးအနိုင်ရကာ ယာလည်းပျက်ကိန်းပါခင်ဗျ။

     တစ်မနက် ပေါင်းနှုတ်အပြီး ယာစပ်က သစ်တော်ပင်ခြေမှာထိုင်ကာ ခေတ္တနားနေခိုက် "ဟေး. . . ဟေး . . . ဟေး " အသံတွေကို ရုတ်တရက်ကြားရ၏။ 

နောက်ကိုလှည့်ကြည့်လိုက်တော့ ရွာထဲမှ နွားတစ်ကောင် အရှိန်ဖြင့်ပြေးလာနေတာကိုမြင်ရ၏။ သူ့နောက်မှာကား ရွာသားသုံးလေးယောက် အပြေးလိုက်လာနေပါ၏။ နွားကား ဒုန်းဆိုင်းပြေးလာကာ မြေလမ်းမအတိုင်း ဆက်လက်၍ သုတ်ခြေတင်သွားတာ မြင်ရ၏။
     တစ်အောင့်လောက်ကြာတော့ လူသုံးလေးဦးလက်ထဲမှာ ကိုရွှေနွား " တရှူးရှူး " မှုတ်ရင်းပါလာတာ တွေ့ရပါလေ၏။
     " ဟေး . . . စောတယ်ဆေး ဘယ်လို ဖြစ်တာလဲ "
     စောတယ်ဆေးက ကျနော့်ယာခင်းမှာကျန်ခဲ့ကာ ခဏ နားပါ၏။ ကျန်သူများကား နွားကို ဝိုင်းဆွဲ၍ ရွာထဲသို့ ပြန်သွားပါလေ၏။
     " နဖားကြိုးထိုးနေတာကို အတင်းကန်ရုန်းပြီး ထွက်ပြေးသွားတာ ကာတွန်းဆရာကြီးရ "
     "နဖားကြိုး" ထိုးတာကို ငြိမ်ခံမနေဘဲ ရှိသမျှ အားနဲ့ ရုန်းပြီး လွတ်ရာလွတ်ကြောင်း ရှာကြံတာကိုး ခင်ဗျ။

     "နွား" တွေဟာ လွတ်လွတ်လပ်လပ်မွေးဖွားကြီးပြင်းလာပြီး အရွယ်လေးရောက်လာရင် သူ့ကိုခိုင်းဖို့အတွက် အနှီ "နဖားကြိုး" အထိုးခံကြရတာကလား။ နှာခေါင်းနှစ်ပေါက် ဟိုဘက်သည်ဘက်ကို အစိမ်းဖောက်ပြီးတော့ ကျစ်ထားတဲ့ကြိုးကိုသွယ်ပြီး အချည်ခံကြရတယ်။ အဲသည်နဖားကြိုးကို အခြားကြိုးရှည်တစ်ချောင်းနဲ့ ဆက်ချည်ပြီးအဲဒီကြိုးကို ကိုင်ကာဆွဲကာ လိုရာကိုခိုင်းစေခံရတာ အဲသည်နွားရဲ့တစ်သက်ပါပဲ။
     နှာခေါင်းပေါက်ထဲကနှာနုကိုဖောက်ပြီး နဖားကြိုးအထိုးခံထားရတော့ ဘယ်လောက်များ နာလိုက်လေမလဲဗျာ။ အဲသည်ကြိုးကို ဘယ်ဘက်ဆွဲတော့ ဘယ်ဘက်လှည့်လိုက်ရ၊ ညာဘက်ဆွဲတော့ ညာဘက်လှည့်လိုက်ရ ဘဝဟာ ရင်နာစရာကောင်းလိုက်တာ။
     "အခုလိုမျိုး "နဖားကြိုး" အထိုးမခံဘဲ ဇွတ် "ရုန်း" ပြေးကြတာ တစ်ရာမှာ သုံးလေးကောင်ပဲရှိတယ်ဟ ကာတွန်းဆရာကြီးရ"

     စောတယ်ဆေးကား ရွာထဲသို့ ပြန်သွားလေပြီ။
ကျနော့်မှာကား အတွေးများစွာနှင့် ကျန်ရစ်ခဲ့ပါ၏။
     " နဖားကြိုး " အထိုးခံလိုက်ရပြီဆိုရင် ဘဝတစ်သက်တာ " ခိုင်းဖတ်" ဘဝ ရောက်သွားပါပြီ။

ကိုယ် လုပ်ချင်ချင် မလုပ်ချင်ချင် " သခင် " က " ဘယ်လှည့် " ဆို ဘယ်ဘက်လှည့်ရ၏။ " ညာလှည့် " ဆို ညာဘက်လှည့်ရ၏။
     သခင်က နဖားကြိုးကို တင်းအောင်ကိုင်ကာ" ချောက် " ထဲ " မောင်း " ချလည်း ချောက်ထဲသို့ရဲရဲကြီးခုန်ဆင်းကာ သေပွဲဝင်ကြရမယ့် ဘဝကား။
ဘယ်လောက်များ ကြေကွဲစရာကောင်းလိုက်ပါသလဲ ခင်ဗျာ။    ။

                      ဆာသော်ဒိုး
                     31-7-21(Sat) 12:09 Pm

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar