Breaking News

ထွန်းဝင်းငြိမ်း - ငြိမ်းအေးမှု၊ မျှတမှု၊ လှပမှုနဲ့ အလင်းရောင် (သို့မဟုတ်) လမင်းတရာ ဆရာမောင်မြတ်မှိုင်း


ထွန်းဝင်းငြိမ်း - ငြိမ်းအေးမှု၊ မျှတမှု၊ လှပမှုနဲ့ အလင်းရောင် (သို့မဟုတ်) လမင်းတရာ ဆရာမောင်မြတ်မှိုင်း

(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၁

“ဝါလကျွတ်ပြောင်း၊ ကြာကနှောင်းသော်၊ ဒေါင်းငှက်ကတွန်၊ ဆောင်းလက်မွန်၌၊ စွန်ကလည်းဝဲ၊ တွန်ကြစဲလျှင်၊ ဝမ်းဘဲကချွေ၊ ချမ်းမြဲထွေ၍၊ လေကလည်းမြောက်၊ ချေကဟောက်နှင့်၊ နှင်းပေါက်မဝေ၊ မိုးမဆွေသာ၊ အပေဘယံ၊ နေဝင်ယံတွင်၊ ယုန်စံဘုန်စက်၊ ခုန်ပျံတက်၍၊ ကျီးကြက် တာရာ၊ ကြယ်နှင့်လာသော်၊ တန်ဆာဆင်ယင်၊ နတ်သဘင်သို့၊ မြို့ပြင်မြို့တွင်း၊ မီးရောင်ဝင်းလျှင်၊ ဟင်းလင်းတံခါး၊ ဖွင့်ကာထား၍၊ ပြည်သားပြည်သူ၊ လှိုက်ဆူအုံးအုံး၊ တန်ဆောင်မုန်းတွင်၊ ချိန်ဘုန်းသဘင်၊ ပွဲကြီးဆင်လျက်၊ ပျော်ရွှင်ကြမြဲ၊ ထိုသည့်ပွဲ၌ . . .’’

(မဟာမင်းလှမင်းခေါင် ဦးရွှန်း၏ တန်ဆောင်မုန်းလဖွဲ့)

အငြိမ့်သဘင် ရွှေခေတ်

အခုလို ဝါလကင်းလွတ်ပြီး မြူတိမ်ကင်းစင်တဲ့ တန်ဆောင်မုန်း၊ နတ်တော် ရောက်တဲ့အခါ ၁၉၇၀-၈၀ ကျော် ကာလတွေက မန္တလေးမြို့ကို အမှတ်ရ လွမ်းတ မိပါတယ်။ ဒီလို ဝါကျွတ်ချိန်ဆိုရင် မြို့ပေါ်ရပ်ကွက် အသီးသီးမှာ ကထိန်တွေခင်း၊ ဘုရားပွဲတွေ စနေပြီပေါ့။ ညဖက်ဆိုရင် မြို့လုံးပတ်လည် အပြတိုင်းမှာ ဇာတ်သံ၊ အငြိမ့်သံတွေ စဲသွားတယ်ရယ်လို့ မရှိပါဘူး။

ကထိန်နဲ့ ဘုရားပွဲတွေအပြင် မွေးနေ့၊ မင်္ဂလာဆောင်၊ အလှူအောင်ပွဲ၊ ဘုရားထီးတင်၊ ကျောင်းရေစက်ချ၊ ဘုန်းကြီးပျံ ဘာပွဲဖြစ်ဖြစ် အနဲဆုံး အငြိမ့်လေးတော့ ထည့်လိုက်ရမှ။ တချို့နာမည်ကြီး အငြိမ့်တွေဆို ပွဲချီတွေစိပ်လွန်းလို့ နှစ်ငြိမ့် ခွဲ ကရတဲ့အထိ အငြိမ့်ရွှေခေတ် ဖြစ်ခဲ့ဖူးတာပေါ့။ မန္တလေးမြို့မှာ အငြိမ့် ၄၀ ဝန်းကျင်လောက်ရှိတဲ့အထဲက ရတနာပုံ၊ သစ်လွင်၊ အောင်မြေအေး၊ နန်းမြို့တော်၊ ရွှေရတနာ၊ လမင်းတရာ စတာတွေက ထိပ်တန်းအငြိမ့်တွေလို့ ဆိုနိုင်မယ် ထင်ပါတယ်။

သဘင်သုခုမမှာ ဝါသနာဘာဂီဆက်တိုင်း မှီခဲ့တဲ့ မန္တလေးဟာ သဘင်သည်တွေသာမက အရပ်သူတွေတောင် “ခေါင်း၊ ခါး၊ ခြေ၊ လက်၊ ဤလေးချက်၊ မပျက်စေရ သုခုမ” ရယ်လို့ ဆိုရလောက်အောင် ထူးချွန်ခဲ့ကြတာ မဟုတ်လား။ အငြိမ့်သဘင် ရွှေခေတ်ကို ထူထောင်နိုင်ခဲ့တဲ့ သဘင့်တက္ကသိုလ်လို့ တင်စားခဲ့ရတဲ့ မန္တလေးဟာ အခုချိန်မှာ အငြိမ့်ဆိုတာ လက်ချိုးရေရင် လက်တဖက်တောင် မပြည့်တော့ဘူးလို့ ကြားရတာ စိတ်မကောင်း ဖြစ်မိပါတယ်။


လမင်းတရာ မောင်မြတ်မှိုင်း

ဒါကြောင့် “လမင်းတရာ” လို ထိပ်တန်းအငြိမ့်တခု ထူထောင်နိုင်ပြီးတော့ မန္တလေးအငြိမ့်သဘင်ကို ရွှေခေတ်ဖြစ်အောင် ဖန်တီးနိုင်ခဲ့ကြသူ တွေထဲမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ဆရာမောင်မြတ်မှိုင်းကို အထူးသတိရမိပါတယ်။ မောင်မြတ်မှိုင်းဟာ ပန်းချီဆရာ၊ ကဗျာဆရာ၊ ပြဇာတ် အော်ပရာ ဒါရိုက်တာ အပြင် ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းနဲ့ ၁၉၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ တဲ့ နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ပါတယ်။

မောင်မြတ်မှိုင်းကို လွတ်လပ်ရေးရတဲ့နှစ် ၁၉၄၈ မတ်လ ၂ ရက်နေ့မှာ အဖ ဦးဘဖေ၊ အမိ ဒေါ်တင်ငွေတို့က မန္တလေး ရှမ်းပွဲရပ်မှာမွေးတယ်။ ဆရာ့မိဘတွေက သနပ်ဖက်ကုန်သည်တွေပါ။ သဘင်အနုပညာသည်မျိုးရိုးမဟုတ်ပေမယ့် ဆရာက ငယ်စဉ်ကတည်းက ပန်းချီ၊ ကဗျာ စာပေ အနုပညာ ဝါသနာပါခဲ့သူ။ အမည်ရင်း ကိုစန်းတင် ဖြစ်ပါတယ်။ မန္တလေးမြို့ ပေါက်မြိုင်အလယ်တန်းကျောင်းမှာ ကဗျာဆရာ မောင်သင်းပန် ဖြစ်လာမယ့် ကိုအောင်မောင်း နဲ့အတူ ကျောင်းတက်ခဲ့တယ်။ ကိုအောင်မောင်းက ကိုစန်းတင်ထက် တစ်တန်းကြီးတယ်။ ၇ တန်းအောင်တော့ အမှတ် ၃ အထက ရတနာပုံကျောင်းကိုပြောင်းတယ်။


သူ့ကဗျာတွေကို ပုံနှိပ်စာလုံးအဖြစ် “နွေအပြန်” ကဗျာစာအုပ်မှာ စပြီးဖော်ပြနိုင်ခဲ့တယ်။ ဒီစာအုပ်က ၁၉၆၄-၆၅ စာသင်နှစ် အတန်းဖော် ကျောင်းသား ငါးယောက်ရဲ့ကဗျာတွေကို စုထုတ်ထားတာပါ။ ကဗျာစာအုပ်ရဲ့ မျက်နှာဖုံးနဲ့ အတွင်းသရုပ်ဖော်ပန်းချီတွေကို ကိုစန်းတင်ကပဲ ဆွဲပေးပေမယ့် အတွင်းထဲက ကဗျာသရုပ်ဖော်ပန်းချီတွေအတွက် ဘလောက်တုံးဖိုး မတတ်နိုင်လို့ ချန်ထားခဲ့ရပါသတဲ့။ ၁၉၆၆ မှာ သျှန် တက္က သိုလ်ဝင်အထက်တန်းကျောင်း (အခု အမှတ် ၂၃ အထက်တန်းကျောင်း)ကနေ ဆယ်တန်းအောင်မြင်ခဲ့တယ်။ ၁၉၆၇ မန္တလေးတက္ကသိုလ်မှာ မြန်မာစာအဓိကကျောင်းသားအဖြစ် တက်ရောက်ခဲ့သူပါ။

ဆရာက ၁၉၆၇ ခုနှစ် မန္တလေးတက္ကသိုလ်စတက်တဲ့နှစ်ကစပြီး “လူထု” သတင်းစာမှာ ကဗျာတွေရေးနေပါပြီ။ စာပေနယ်ကို ကဗျာတွေနဲ့ စတင်ခြေချခဲ့တာပါ။ ဆောင်းပါး၊ ရုပ်ရှင်ဝေဖန်ရေးနဲ့ သဘင်ဆိုင်ရာဆောင်းပါးတွေလည်း ရေးသားခဲ့ပါသေးတယ်။ အဲဒီနှစ်ထဲမှာပဲ “ကြာဖူးနီ ကဗျာများ” “အကျည်းတန် ကဗျာများ” “အလှတရား ကဗျာများ” “ရေဆန်ခရီး ကဗျာများ” နဲ့ “မိုးခေါင်ရေရှား ကဗျာများ” ကဗျာစာအုပ်တွေကို ကဗျာရေးဖော်တွေနဲ့အတူ စုပေါင်းထုတ်ဝေခဲ့ကြတယ်။ “ကြာဖူးနီ ကဗျာများ” “အကျည်းတန် ကဗျာများ” “မိုးခေါင်ရေရှား ကဗျာများ” ကဗျာစာအုပ်တွေအတွက် မျက်နှာဖုံးသရုပ်ဖော်ပန်းချီကိုလည်း သူကိုယ်တိုင် ရေးဆွဲပေးခဲ့တာပါ။

ကျွန်းဆွယ်လှုပ်ရှားမှု ကျောင်းသားခေါင်းဆောင်

၁၉၆၉ ခုနှစ် မြန်မာစာ တတိယနှစ် တက်နေချိန်မှာ “၆၉ ကျွန်းဆွယ်ကျောင်းသားအရေးအခင်း” ဖြစ်တော့ မန္တလေးတက္ကသိုလ်မှာ ဦးဆောင်ပြီး တက်တက်ကြွကြွလှုပ်ရှားခဲ့လို့ တက္ကသိုလ်ကျောင်းသားအဖြစ်ကနေ ရပ်စဲခံခဲ့ရပါတယ်။ အဲဒီတုန်းက အဖြစ်အပျက်တွေကို ဆရာ့ရဲ့ ငယ်သူငယ်ချင်း ဖြစ်သူ ရှေ့နေကြီး ဦးထွန်းအောင်ကျော်က မောင်မြတ်မှိုင်းရဲ့ “ခွေးတိုးပေါက်ကဝင် ခြင်္သေ့တဲ့လား” ကဗျာစာအုပ်အမှာ မှာ အခုလို ရေးပါတယ်။

“၁၉၆၉ ခုနှစ်မှာ ကျွန်းဆွယ်အရေးအခင်း ဖြစ်ပွားပါတယ်။ မန္တလေးကိုကူးစက်လာတဲ့ ကျွန်းဆွယ်အရေးအခင်းဟာ မန္တလေးတက္ကသိုလ်ကို ဗဟိုပြုပြီး အထက်ဗမာပြည်အနှံ့ပျံ့နှံ့သွားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာထက် ပိုမိုကျယ်ပြန့်တဲ့ကျောင်းသားလှုပ်ရှားမှုလည်း မန္တလေး တက္ကသိုလ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ စန်းတင်က အဲဒိကျောင်းသားလှုပ်ရှားမှုရဲ့ အမှတ်အသားတခုဖြစ်ပါတယ်။ ကျောင်းသားတွေက စန်းတင်နဲ့ သူ့ရဲဘော်တွေ ဟောတာပြောတာကို နားထောင်ပြီး လှုပ်ရှားမှုထဲ ပါလာကြတာကြောင့် စန်းတင်ကို မန္တလေးလှုပ်ရှားမှုရဲ့ အဓိကခေါင်းဆောင် အဖြစ် မန္တလေးက အသိအမှတ်ပြုခဲ့ပါတယ်။ အစိုးရကို ထင်ထင်ရှားရှားဆန့်ကျင်သူအဖြစ် လူတွေက အသိအမှတ်ပြုလာတော့ စန်းတင်ဟာ အစိုးရရဲ့ပစ်မှတ်ဖြစ်လာပါတယ်။ အဲဒီမှာ စန်းတင်လည်း ဝရမ်းပြေးဖြစ်သွားပြီး မြေလျှိုးခဲ့ရပါတယ်။”


မောင်စန်းတင်(မန်းတက္ကသိုလ်)ရဲ့ ကဗျာ

၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင် ကိုတင်အေးကြူ ခေါ် ကဗျာဆရာ မောင်မှိုင်းလွင်(အင်းဝ)ရဲ့ “မီးသွေးခဲမို့ မဲသကိုး ဒို့ကျောင်းသား မို့ ရဲသကိုး” ဆောင်းပါးမှာတော့ ဆရာမောင်မြတ်မှိုင်း ကျွန်းဆွယ်အရေးအခင်းမှာ ပါဝင်ခဲ့ပုံ၊ ၁၉၆၉ ဒီဇင်ဘာမှာ ထုတ်ဝေတဲ့ “ဒေါင်းအိုးတဝေဝေ ကဗျာစာအုပ်မှာ မောင်စန်းတင်(မန်းတက္ကသိုလ်) ရဲ့ကဗျာတပုဒ်အကြောင်းကို အခုလိုဖော်ပြထားတယ်။

“မန္တလေးမှာလည်း ကျွန်းဆွယ်သပိတ်က ကူးစက်နေပြီ။ ကျောင်းသားတွေ ဆန္ဒပြနေကြပြီ။ Main ရှေ့မှာ အသားညိုညို ခပ်ပိန်ပိန် ဆံပင်မ သပ်မရပ် မျက်မှန်တပ် ကျောင်းသားကြီးတယောက် စစ်အာဏာရှင်တစုရဲ့ ယုတ်မာရက်စက်မှုတွေကို ဌာန်နဲ့ မာန်နဲ့ အာဝဇ္ဇာန်းကောင်းကောင်း သပိတ်တရား ဟောနေလေရဲ့။ ကျောင်းသားထုကြီးက လက်ခုပ်သံ တဖြောင်းဖြောင်း လက်ခမောင်းတခတ်ခတ်။ ကျွန်တော့်မြို့သား အစ်ကို ကြီး ကိုတင်ထွန်း ပြောမှ အဲဒါ မောင်စန်းတင်(မန်းတက္ကသိုလ်) နောင်မှာ မောင်မြတ်မှိုင်း(လမင်းတရာ) ဆိုတာ သိလိုက်ရတယ်။”


“တက္ကသိုလ်ရောက်စ စဉ့်ကူဆောင်မှာ အဆောင်ဖော် မုံရွာသား ကိုဌေးအောင်က အခန်းထဲ ဝင်လာပြီး ကဗျာစာအုပ် လာရောင်းဖူးတယ်။ တက္ကသိုလ်ရွှေရတုသဘင် အကြိုအဖြစ် ထုတ်ဝေတဲ့ ဒေါင်းအိုးတဝေဝေ။ ခွပ်ဒေါင်းပုံ ဆင်ဆာထိခံနေရတဲ့ ကာလမှာ ခွပ်ဒေါင်းက ဝိုက်ပြီး ခွပ်နေတော့ တောင်ပံတွေက ဝဲပြီး ကနေသယောင်ယောင်။ အနုပညာ မှော်ဝင်လက်ကြောင့် ဆင်ဆာလွတ်။ ဆရာကြီးမှိုင်းရဲ့သြဝါဒ လေးချိုး အဖွင့်နဲ့။ မောင်သိင်္ဂါရဲ့ “မလင်းပြာ… သို့နဲ့” မောင်ယဉ်ဆန်းရဲ့ “ရဲဘော်… သို့” ကဗျာနှစ်ပုဒ်က တင်ကျန်ခဲ့တယ်။ တင်သန်းနီ၊ မြစိန်မိုး၊ မောင်စိန်ဝင်း (ပုတီးကုန်း) တို့နဲ့ တက္ကသိုလ်စုံ၊ ကလောင်စုံ။ အဲဒီထဲမှာ ကျွန်တော်စွဲနေတဲ့ မောင်စန်းတင်(မန်းတက္ကသိုလ်)ရဲ့ကဗျာ။ အဲဒီကဗျာစာအုပ် စီစဉ်သူဟာ အခု တရားရုံးချုပ်ရှေ့နေကြီး ဦးထွန်းအောင်ကျော် ပါတဲ့။ မောင်စန်းတင်(မန်းတက္ကသိုလ်) ရဲ့ကဗျာ။”

တုံးအောက်ကဖား

ဖိကားဖိ၏ မကြွ
ပိကားပိ၏ မမျှ။
ထိတဲ့နေရာက ကားယားညှပ်
မထိတဲ့နေရာက များများလွတ်။
ပိတဲ့နေရာက ထွားထွားမွတ်။
တုံးညီပြန်တော့ မြေကမညီ
မြေညီပြန်တော့ တုံးကမညီ။
သည်မှာအတူနေ သည်မှာ အတူအောင်း
ပြားတဲ့ဖားက ပြား
ဖောင်းတဲ့ဖားက ဖောင်း။

ဆရာက ၁၉၆၉ နှောင်းပိုင်းကနေ ၁၉၇၂ အစောပိုင်းထိ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် တိမ်းရှောင်နေခဲ့ရပါတယ်။ အဲဒီလို မြေအောက်သျှိုးရတဲ့ အခြေအနေကို ဆရာ့သူငယ်ချင်း ကဗျာဆရာမောင်သင်းပန်က “သူသည် မြန်မာပြည်အနှံ့အပြား ခရီးယာယီသွားသူဖြစ်သည်။ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ ကစ္ဆပနဒီ၊ ထန်းတောညိုညို၊ ရှားစောင်းတော၊ ကျေးလက်ဘုန်းကြီးကျောင်း၊ လယ်စောင့်တဲ၊ အားလုံး သူ့မိတ်ဆွေချည်းဖြစ်သည်။” ဆိုပြီး ပုသိမ်ကြီး မဂ္ဂဇင်း အမှတ် ၅ ၊ ၂၀၁၇ မှာ ရေးဖွဲ့ဖူးပါတယ်။

အိုးဝေနည်းပြ

ကျနော့်အကိုအကြီးဆုံး ပန်းချီကိုငြိမ်းဦး ဆယ်တန်းတုန်းက ဆရာကိုစန်းတင် တည်ထောင်တဲ့ “အိုးဝေနည်းပြ” ကို တက်ခဲ့ပါတယ်။ “အိုးဝေ နည်းပြ” ကို ၁၉၇၂ ခုနှစ်တုန်းက ဆရာနဲ့ စိတ်တူကိုယ်တူ အပေါင်းအသင်းတွေ ထူထောင်ခဲ့ကြတာပါ။ ကျနော်က ၆ တန်းပဲ ရှိသေးတော့ ၈၊ ၉၊ ၁၀ တန်းတွေသာသင်ပေးတဲ့ အိုးဝေကို တက်ခွင့်မသာခဲ့ပါဘူး။ ဆရာကိုစန်းတင်က စာသင်ရင်း လူငယ်တွေကို တိုးတက်တဲ့ အတွေးအခေါ် တွေနဲ့ မိတ်ဆက်ပေးပါတယ်။ ဒါ့အပြင် “အိုးဝေ” ဆရာတယောက်က တပတ်ကို နှစ်ရက်လောက် ကျနော်တို့ အိမ်အထိလိုက်ပြီး ကိုငြိမ်းဦးနဲ့ သူ့သူငယ်ချင်း သုံးယောက် လောက်ကို လေ့လာရေးအစုတခု ဖွဲ့ပေးပြီး ကျောင်းစာအပြင် နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဒီမိုကရေစီသစ်၊ စာပေသစ် စတာတွေ ဦးဆောင်ရှင်းပြပြီး လေ့လာစေပါတယ်။

ဆရာတို့ကျူရှင်က စာသင်နှစ်တနှစ်စာလောက်ပဲ ဖွင့်နိုင်ခဲ့တာပါ။ သက်ဆိုင်ရာရပ်ကွက်ကောင်စီတွေက ကျောင်းသား မိဘအိမ်တွေထိလိုက်ပြီး ကွန်မြူနစ်တွေသင်တဲ့ ကျူရှင်ကိုမတက်ဖို့ လိုက်ပြီးတားခဲ့ကြပါတယ်။ ကျနော်တို့ မိဘတွေကိုလာပြောပေမယ့် အမေတို့က အကို့ကို မတက်နဲ့ လို့ တားတာမတွေ့ရပါဘူး။ အကိုကတော့ အိုးဝေနည်းပြကို အဆုံးထိတက်ခဲ့ပါတယ်။ ဆရာနဲ့လည်း နောက်ဆုံးအချိန်အထိ တတွဲတွဲနဲ့ပါ။ နောင်ကျတော့ အကိုတို့ လေ့လာသိခွင့်ရခဲ့တဲ့ မာ့က်စ်၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်တွေအကြောင်း ကိုငြိမ်းဦးနဲ့ ဆရာက မကြာခဏ ရှင်းပြတတ်လို့ ကျနော်လည်း လေ့လာခွင့်ရခဲ့ပါတယ်။

အော်ပရာတခေတ် လူထုဟစ်တိုင်

၁၉၇၃ ခုနှစ်မှာ မောင်မြတ်မှိုင်း ကလောင်အနေနဲ့ သူ့တပည့် မုံရွာတက်တိုး အကြောင်းပြုပြီး မန္တလေး “မှုံရွှေရည်” အငြိမ့်မှာ “သွေးအိုင်ထဲက ဖဲမွေ့ရာ” ပြဇာတ်နဲ့ သစ်လွင်အငြိမ့်မှာ “ပန်ထွာဧကရီ” အော်ပရာရေးပြီး အငြိမ့်လောကကို ဝင်ရောက်ခဲ့သူပါ။ အငြိမ့် သဘင်နယ်မှာ အော်ပရာ၊ ပြဇာတ်၊ ဇာတ်ဝင်သီချင်းတွေနဲ့ အငြိမ့်သီချင်းတွေ ရေးသားတင်ဆက်ခဲ့တယ်။ “အော်ပရာဆိုတာ ကဗျာလို့ ကျနော် ယူဆတယ်၊ ပြဇာတ်က ဝတ္ထုနဲ့တူတယ်။ ကဗျာလေးတပုဒ်လို ကျစ်လစ်လှပအောင် အော်ပရာကို တင်ဆက်တယ်။” ဆိုပြီး နေဝင်းမြင့် “ပလ္လင်အငြိမ့်၊ ကုတင်အငြိမ့်၊ စင်အငြိမ့်” စာအုပ်အမှာ မှာ ရေးပါတယ်။ အမေလူထု ဒေါ်အမာက “အငြိမ့်ဟာ လူထုအဆန်ဆုံး၊ အလွတ်လပ်ဆုံး ရိုးရာသဘင်တရပ်”လို့ ဆိုခဲ့တာကို ခံယူပြီး ဆရာက အငြိမ့်စင်ကို လူထုဟစ်တိုင်၊ နိုင်ငံရေးစင်မြင့်အဖြစ် တင်ပြခဲ့တာ ဖြစ်ပုံရပါတယ်။

ဆရာက ၁၉၇၃ ခုနှစ်ကနေ ၁၉၉၅ ခုအထိ အော်ပရာ ၃၀ လောက်နဲ့ ပြဇာတ် ၁၀ ပုဒ်လောက်ရေးခဲ့ကြောင်း အောင်ထိပ်ရဲ့ “တိမ်ပျိုတစ်ခင်းနဲ့ ပန်းပင်လယ်” စာအုပ်ထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီကာလ မန္တလေးအငြိမ့်သမိုင်းမှာ အောင်မြင်တဲ့ ပြဇာတ်၊ အော်ပရာ ဒါရိုက်တာ တွေက မြို့တော် မောင်ယဉ်အောင်၊ ချင်းတွင်းချစ်သွေး၊ မောင်နီမာ၊ မောင်နေဦး၊ မောင်ဝင်းမြတ်၊ မြောက်ပြင်မြသောင်း၊ မောင်ဖေငယ်၊ မောင်သင်းပန်၊ ချစ်စရာ၊ ချမ်းမြေ့အေး၊ ဘဂျမ်းတင်တို့ဟာ ထင်ရှားကြပါတယ်။ မောင်မြတ်မှိုင်းဟာ အဲဒီအငြိမ့်ဆရာတွေထဲကမှ အစဉ်အလာ ဟောင်းကို ခွဲထွက်သူ၊ လမ်းသစ်ထွင်ကာ ကောင်းကင်သစ်ကို ရှာဖွေသူ၊ အငြိမ့်သမိုင်းသစ်ကို ရေးဖွဲ့သူလို့ ဆိုရမှာပါ။

ဆရာမောင်မြတ်မှိုင်းရဲ့ ထင်ရှားတဲ့ အော်ပရာတွေက ပန်ထွာဧကရီ(၁၉၇၃)၊ မာယာအကျဉ်းသား(၁၉၇၄)၊ ဂင်္ဂါမြစ်ရဲ့ မေခလာ(၁၉၇၅)၊ ပုဂံဆည်းဆာ(၁၉၇၅)၊ အောင်ပင်လယ်ရေညိုခမ်းစေတော့(၁၉၇၆)၊ အတ္တအိပ်မက်(၁၉၇၇)၊ ရေဆန်လေဆန်(၁၉၇၈)၊ ဝင်္ကပါလမ်းကို ကျော ခိုင်း၍(၁၉၇၈)၊ နွေဦးဧည့်သည်(၁၉၇၉)၊ မနော်ဟရီသစ္စာ(၁၉၈၁)၊ မယ်ဝဏ္ဏကိုညအိပ်ခိုင်းသူ(၁၉၈၂)၊ ကစ္ဆပနဒီရဲ့ ရင်ခုန်သံ(၁၉၈၃)၊ ပန်ထွာ ပြည်တော်ဝင်(၁၉၈၄)၊ ဝိဋဋူပဒေါသ(၁၉၈၅)၊ အတုကလေးရယ်တဲ့ ယှဉ်ကာပြိုင်(၁၉၉၃)၊ အချစ်မီးပင်လယ်(၁၉၉၄)၊ တတိယဇာတက (၁၉၉၅)တို့ ဖြစ်ကြပါတယ်။ ပြဇာတ်တွေကတော့ သွေးအိုင်ထဲကဖဲမွေ့ယာ(၁၉၇၃)၊ မြတ်ပန်းနီနီ(၁၉၇၄)၊ တိမ်တိမ်တွေဖုံးပါလို့(၁၉၈၂)၊ ဥမ္မ တက(၁၉၈၅)၊ ရေဆန်လေဆန်၊ နွေဦးဧည့်သည်၊ တပေါင်း၊ ပန်းမြတ်နီနီ၊ စိန်ပန်းကလေးများ ပွင့်လေလျှင် စတာတွေ ဖြစ်ပါတယ်။

ဆရာ့ရဲ့ ပြဇာတ်နဲ့ အော်ပရာတွေက တင်ပြပုံ ဆန်းသစ်ပါတယ်။ လူထုခံစားမှုကို ကိုယ်စားပြုတဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေကို အနုပညာ မြောက်စွာ ဖန်တီးခဲ့တာပါ။ ဆရာက အငြိမ့်ခုံကိုလည်း အနိမ့်ပုံစံကနေ လက်ရှိ အမြင့်ပုံစံကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတီထွင်ခဲ့တယ်။ လှပ ခမ်းနားတဲ့ ဆက်တင်တွေနဲ့ ပရိဿတ် ရင်ထဲရောက်ခဲ့တဲ့ အော်ပရာတွေတင်ဆက်ခဲ့တယ်။ အငြိမ့်ခုံပေါ်မှာ မြန်မာ့ဆိုင်းဝိုင်းနဲ့ အနောက်တိုင်း တူရိယာတွေ ပေါင်းစပ်ထားတဲ့ ဆရာမြို့မငြိမ်းရဲ့ ဆင်ဖိုနီအိပ်မက်လို ခေတ်ပေါ် လမင်းတရာသုခုမစွမ်းအားစုရဲ့ ဥယျာဉ်မှူးလည်း ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်မှု၊ စကားလုံး ဖွဲ့သီပုံ၊ မီးအလင်းအမှောင်၊ အရောင်အယူအဆ၊ နောက်ခံအပြင်အဆင်၊ ဇာတ်လမ်းဇာတ်ကွက် က စပြီး ထူးခြားတဲ့ တင်ပြပုံတွေက “သဘင်အနှစ်မှ အမြင်သစ်သို့”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အားထုတ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။


ပန်ထွာဧကရီ

ဒါရိုက်တာ မောင်မြတ်မှိုင်းရဲ့ ပန်ထွာဧကရီက သစ်လွင်အငြိမ့်မှာ ပထမဆုံး စင်တင်ခဲ့တဲ့ အော်ပရာပါ။ မောင်မြတ်မှိုင်းရဲ့ အတွေးသစ် အမြင် သစ်တွေ ပရိသတ်ကို ပေးနိုင်ခဲ့တယ်။ ပန်ထွာဧကရီဖြစ်တဲ့ ပန်တျာဌေးဌေးမြင့်လည်း အဲဒီအော်ပရာကြောင့် လူသိများထင်ရှားစေခဲ့တယ်။ ပရိဿတ်တွေက ပန်တျာဌေးဌေးမြင့်ရဲ့ အလှကို ကယ်လီယိုပက်ထရာနဲ့ တင်စားခဲ့ကြပါတယ်။ ပန်ထွာဧကရီ အော်ပရာကြောင့် တခြားအငြိမ့်တွေကလည်း နာမည်ကြီးစာရေးဆရာတွေကို ရေးခိုင်းပြီး အပြိုင်အဆိုင် ကခဲ့ကြပါတယ်။ ဆရာဖန်တီးခဲ့တဲ့ “ဂင်္ဂါမြစ်ရဲ့ မေခလာ” အော်ပရာအကြောင်း ကုမုဒြာဂျာနယ် အမှတ် ၁၃၉ မှာ အင်တာဗျူးစဉ်က လက်နက်၊ အာဏာ၊ စစ်သည် အပြည့်အစုံ တပ်ဆင်ထားပြီး ပြည်သူတွေကို ဖိနှိပ်နေတဲ့တပ်ကို သစ္စာတရားဘက်တော်သား ကချေသည်တစ်ဦးက ရဲရင့်တည်ကြည်စွာ တုန့်ပြန်ပုံကို အခုလို ပြောပါတယ်။

“ . . . ကချေသည်မေခလာမင်းသမီးလေးကို ချည်ဖို့ တုပ်ဖို့ တုတ်ပေ့ဆိုတဲ့ လွန်ကြိုးခွေကြီး မနိုင့်တနိုင်ထမ်းယူလာပြီး ဇာတ်စင်ပေါ်မှာ ဝုန်းကနဲ ပစ်ချ။ ဓါး၊ လှံ၊ လက်နက်၊ ဝါးရင်းတုတ်တွေ၊ ဝုန်းဝုန်းဆို ပစ်ချပေါ့။ မေခလာ မင်းသမီးက ဖယ်ပါ ရှားပါ အလကားဟာတွေ။ ကျွန်မကိုခေါ်ဖို့ ဒီလောက်တောင်ကြိုးစားနေရသလား။ ကဲ - သွားမယ်။ စိတ်မချရင် ထမီစ ဆွဲပြီး ရဲရဲသာ လိုက်ခဲ့ကြ” တဲ့။ ဆက်ပြီးတော့လည်း . . .

“ဝေသာလီဖွား အို စစ်သားတို့၊ သင်တို့ စစ်ချီသွားရမည်မှာ တိုင်းပြည်အတွက် စစ်ထွက်တာလား။ အဇာတသတ် စစ်သွေးငတ်ရဲ့ နန်းရပ်ပလ္လင် မြင့်တင်နိုင်ရေး အသက်ပေးဖို့ မိုက်သွေးဆူကြွ တိုက်ကြမှာလား။ သားဆုံးသောမိခင်၊ လင်ဆုံးသော ဇနီးသည်၊ ဖတဆိုး လူမမယ်၊ မောင်ကြီး ပျောက် နှမငယ်၊ ဤကမ္ဘာမြေတဝှမ်း ဒင်းကြမ်းပြည့်မှာ မြင်ယောင်မိသေး၊ မြင်ယောင်သေးတော့ . . .”

“ပုဂံဆည်းဆာ” အော်ပရာမှာတော့ တရုပ်ပြေးမင်း လို့ခေါ်တဲ့ နရသီဟပတေ့ လက်ထက်မှာ ဘုရင်က အပျော်အပါးမက်၊ တိုင်းပြည်က စီးပွားပျက်၊ တိုင်းသူပြည်သားတွေအတွက် အခွန်အတုပ်တွေ ကြီးမြင့်၊ သူခိုးက ပူ၊ ဒမြက ထူ၊ တောရပ်တွေ ဆူပူအုံကြွတဲ့ကာလမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သီချင်းဆိုပြိုင်ပွဲကြီးကို ဝှဲချီး ကျင်းပသတဲ့။ သီချင်းတွေကို သင်ကြားပေးနေတဲ့ ဂီတပညာရှင်တစ်ဦးက သီချင်းပြိုင်ပွဲနဲ့ ပတ်သက်ပြီး သူ့တပည့်တစ်ယောက်ကို ရှင်းပြတဲ့ စကားတွေမှာ “အနုပညာဆိုတာ စိတ်ပျော်မှ၊ လွတ်လပ်မှုရှိမှ ဖန်တီးရတာ အသက်ဝင်မှာပေါ့။ အခုပြိုင်ပွဲမှာ တိုင်းသူပြည်သားတွေက ကျီးလန့်စာစားနေရတာ၊ စိတ်ပျက်နေကြတာ၊ မွဲငတ်နေကြတော့ ဘယ်လိုစိတ်နဲ့ တေးဆိုကြမှာလဲ။ ဒီလိုပွဲတွေဆိုတာက တိုင်းပြည် တကယ့်ကို ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်နေသယောင်၊ ပြည်သူလူထုကလည်း သောကတွေကင်းပြီး ပျော်ရွှင်နေကြသယောင် ထင်ယောင်ထင်မှားဖြစ်စေဖို့ အာရုံပြောင်းလှည့်စားထားတဲ့ မီးရှူးမီးပန်းတွေလွှတ်နေကြတာ . . . ။ မီးရှူးမီးပန်းတွေ လွှတ်နေကြတာ . . . ။” ဆိုတဲ့ စာသားမျိုးတွေက ပရိဿတ် နှလုံးသားကို ဖမ်းစားနိုင်ခဲ့တယ်။

ညအဆင်းမှာ ပဝင်းဖြာ

မောင်မြတ်မှိုင်းက လမင်းတရာ အငြိမ့်ကို သူ့ ရဲ့ပါရမီဖြည့်ဖက် ပန်တျာ ဌေးဌေးမြင့်ရဲ့ အက၊ အလှတွေနဲ့အတူ ၁၉၈၁ ခုနှစ်က စပြီး တည် ထောင်ခဲ့တာပါ။ မန္တလေး ရှမ်းပွဲရပ် သမန်းကုန်းဝင်း ဓမ္မာရုံနားမှာရှိတဲ့ ဆရာတို့အိမ်ကနေ စပြီး လမင်းတရာ သာခဲ့တယ်လို့ ဆိုရမှာပေါ့။ ဆရာကြည်အောင်ရဲ့ အမျိုးသားစာပေဆုရ လမင်းတရာ ကဗျာစာအုပ်(၁၉၆၃)ထဲက “နယ်ချဲ့ကင်း၍ လမင်းတရာ၊ သာသောအခါဝယ်၊ ကမ္ဘာငြိမ်းချမ်းလာလိမ့်တကား” ဆိုတဲ့ “လမင်းတရာ” ကဗျာနာမည်ကလေးကို နှစ်သက် သဘောကျလို့ ခွင့်တောင်းပြီး သူတို့အငြိမ့်နာမည် ပေးခဲ့တာလို့ သိရပါတယ်။ ဆရာ့ အနေနဲ့ မွေးကတည်းက ပြည်တွင်းစစ်ဖြစ်နေတဲ့ခေတ်ကြီးကို ဖြတ်ခဲ့ရတော့ စစ်ဒဏ်ခံစားနေကြရတဲ့ တိုင်းသူပြည်သားတွေနည်းတူ စစ်ပွဲတွေ ကို ရပ်စဲစေချင်တယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရချင်တယ်။ ဒါကြောင့်လည်း “လမင်းတရာ” အငြိမ့်ရဲ့ ဆောင်ပုဒ်က “ငြိမ်းအေးမှု၊ မျှတမှု၊ လှပမှုနဲ့ အလင်းရောင်” ဆိုပြီး တွေ့ရတာဖြစ်ပါတယ်။

ဆရာက အငြိမ့်ဆိုတာ ဖျော်ဖြေရေးအနုပညာထက်ပိုပြီး ယဉ်ကျေးမှု တန်ဘိုးမြင့် စေချင်တယ်။ အငြိမ့်ဆိုတာ ခေတ်ကာလကို ထင်ဟပ်တဲ့ အနုပညာတရပ် ဖြစ်တယ်။ အဆို၊ အတီး၊ အက၊ ဟာသ၊ ဂီတ၊ စာရေးဆရာ ပညာရှင်များ စုစည်းထားတဲ့ လူထုဟစ်တိုင် လို့ ယုံကြည်ထားသူမို့ “လမင်းတရာ သုခုမစွမ်းအားစု” ဆိုပြီး ခံယူထားတာ တွေ့ရပါတယ်။

လမင်းတရာရဲ့ ခေါင်းဆောင်မင်းသမီး ပန်တျာဌေးဌေးမြင့်ရဲ့ လမင်းတရာအငြိမ့်ခေါင်းစီးသီချင်းထဲက “နဒီ သံလွင်၊ ဧရာ၊ စစ်တောင်း ရင်ခွင်မှာ၊ အများသောက်ရန် ရေကြည်စိမ်းမြ၊ စပါးကောက်နှံ ရွေရည်လိမ်းကြ၊ အလှချင်းက သူသာ ငါသာ၊ လမင်းက တစ်ရာ နှစ်ရာ၊ မိုးမြေအနှံ့ (ဒို့ခြေဆန့်)၂ ဖြန့်ရမယ့် အနုသဘင်၊ ခရီးတစ်ရာ နှစ်ရာ . . . မေခရယ် မလိခ ဘယ်ညာ ဧရာလမ်းမှာ ဝေငှလန်းဖြာ အမိမြေကမ္ဘာ အေးမြဘိ်ု့ ..... လမင်းတရာ ရှင့်.....” ဆိုတဲ့ သီချင်းစာသားကလေးကလည်း ပရိဿတ် အသည်းစွဲပါပဲ။

ဝီလပ်ဗ် လမင်းတရာ

ဆရာက လမင်းတရာ အငြိမ့် စပြီးတည်ထောင်ကတည်းက အငြိမ့်လိုဂို၊ ဆောင်ပုဒ်၊ အငြိမ့်စင်၊ တီးဝိုင်း၊ ဧည့်ခံတီးလုံး၊ ကိုယ်ပိုင်သီချင်း၊ ပြက်လုံးခွင် စတာတွေကအစ စနစ်တကျ အသေအချာပြင်ပါတယ်။ အငြိမ့်စင်အသေးလေးဆောက်ပြီးတော့ တိုင်ဖုံး၊ နဖူစည်း၊ ကားလိပ်၊ မီးဆလိုက်၊ ပိုစတာ၊ ဒီဇိုင်း၊ အရောင်တွေ ဘယ်လိုလုပ်မယ်ဆိုတာ ကိုယ်တိုင်ဒီဇိုင်းထုတ်တာပါ။ ကျနော့်အကို ပန်းချီကိုငြိမ်းဦးနဲ့ အသေးစိတ်တိုင်ပင်ပြီး အကောင်အထည်ဖော်ကြပါတယ်။ ကိုငြိမ်းဦးက ဆရာနဲ့တွဲပြီး လမင်းတရာအတွက် ပိုစတာ၊ ဒီဇိုင်း၊ ဆိုင်းဘုတ်တွေကို တလျှောက်လုံး ရေးခဲ့တာပါ။ အဲဒီကာလက ကိုငြိမ်းဦးဆီမှာ ပန်းချီဝိုင်းကူရေးရင်း ဆရာမောင်မြတ်မှိုင်းကို လေးစားရင်းစွဲရှိကြတဲ့ ပန်းချီ အေးကြူ၊ စန်းလွင်၊ ထွန်းဝင်းငြိမ်း၊ စိုးဝင်းငြိမ်း တို့လည်း လမင်းတရာ ပရိဿတ်အဖြစ် မန်နေဂျာ၊ တီးဝိုင်းဆရာ၊ လူရွှင်တော်၊ မင်းသား၊ မင်းသမီး၊ ယိမ်းသမ၊ ကားလိပ်ဆွဲ၊ ထမ်းဆင့် စတဲ့ ဝိုင်းတော်သားတွေနဲ့ ရင်းရင်းနှီးနှီးခင်မင်ရှိကြပါတယ်။ တကယ်တော့ ကျနော်တို့လည်း လမင်းတရာ သုခုမစွမ်းအားစု အဖွဲ့ဝင်တွေပါပဲ။ လမင်းတရာ ပွဲကရာမှာ မလွတ်တမ်းအားပေးခဲ့တဲ့ သူတွေလည်း ဖြစ်တယ်။ အခု ခေတ်လို ဆိုရင်တော့ “ဝီလပ်ဗ် လမင်းတရာ” ပေါ့။

အင်းဝဆိုင်က အငြိမ့်စာရင်း

၁၉၈၀ ဝန်းကျင်က မန္တလေး ရှမ်းပွဲရပ် အင်းဝ လ္ဘက်ရည်ဆိုင်ရှေ့ မန်ကျည်းပင်မှာ တစ်လအတွင်း မြို့ပေါ်မှာ က မယ့် အငြိမ့်စာရင်း ကပ်ထားတဲ့ အလေ့ရှိခဲ့ဖူးတယ်။ ဘယ်နေရာမှာ ဘယ်အငြိမ့်၊ ဘယ်ဇာတ် က မယ် ဆိုတဲ့ စာရင်းပေါ့။ အငြိမ့်ဝါသနာအိုးတွေက ပြုစုကြတာ။ ကြားတာ သိတာတွေ ဝိုင်းဖြည့်ရင်း တလစာ ပြည့်သွားတာပဲ။ ညနေ ခြောက်နာခွဲ ခွန်နှစ်နာရီလောက် အင်းဝမှာ ပွဲကြည့်ဖို့ လူစုမိကြပြီ။ ဘယ်အငြိမ့်က အော်ပရာ အသစ်တင်လို့။ ဘယ်သူတွေရဲ့ ပြက်လုံးခွင်ကြိုက်လို့။ ဘယ်မင်းသမီး ဘယ်သီချင်းနဲ့ က တာ ကောင်းလွန်းလို့ ဆိုတာမျိုး ကိုယ်ကြိုက်တဲ့ အငြိမ့်တွေကို စက်ဘီးနဲ့ ပတ်ပြီးကြည့်ကြတာပေါ့။

အင်းဝဆိုင်မှာ ပွဲကြည့်ဖို့လူစုကြတဲ့ အမာခံအင်အားတွေအဖြစ် စပယ် ကိုညွှန့်ရွှေ၊ မြတမာ ကိုကျော်ရင်၊ ထီးဖြူ အော်စကာ၊ ကိုငြီးချမ်း (မန်းတက္ကသိုလ်)၊ မြောက်ပြင်ကလာတဲ့ သဘင်ကိုလေး၊ ကိုသင်းပန်၊ ကိုတိုးမြင့်၊ ကိုအေးကြူ၊ ကိုငြိမ်းဦး၊ စန်းလွင်၊ ခင်မောင်တင့်၊ စိုးဝင်းငြိမ်း၊ ရွှေကမ္ဘာ မောင်မောင်ကြီး၊ ဘဂျမ်းတင် စတဲ့သူတွေကို ညတိုင်းလိုလို တွေ့ရတာ အမှတ်ရမိပါတယ်။ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနဲ့ တိုက်ကြီးနှစ်ဆယ်ကျော်က အငြိမ့်ချစ်သူတွေ ပွဲခင်းမှာ ဆုံကြတာပါပဲ။ မန္တလေး လေးပြင်လေးရပ်မှာ အငြိမ့်ကြည့်ဖို့ အဲဒီလိုစုဖွဲ့ကြတဲ့နေရာတွေ ထိုက်သင့်သလောက်ရှိခဲ့ကြပါတယ်။ တကယ်တော့ အဲဒီကာလဆိုတာ အငြိမ့်နဲ့ဇာတ်သဘင်တွေရဲ့ ယဉ်ကျေးမှု မျိုးစေ့တွေ ကျဲပက်ရာ၊ ညဉ့်ယံ မှာ ရွှေမင်းသမီးလေးတွေရဲ့ ဂန္ထဝင်ကကြိုးတွေ သီဖွဲ့ရာ၊ လူရွှင်တော်တွေရဲ့ ကြိုးတန်းပေါ်က ပြက်လုံးတွေနဲ့ ကျူံးရေဟာ လှပစွာ စီးဆင်းခဲ့ကြ ပါတယ်။

စကားပြောသော အသဲနှလုံး

တခါက မြို့လယ် ဘုရားပွဲ တခုမှာ လမင်းတရာ ကလို့ ကျနော်တို့ သွားကြည့်ကြတယ်။ အဲဒီအချိန်က ရှမ်းပြည် အရှေ့မြောက်မှာ ဗကပနဲ့ မဆလတပ်တိုက်ပွဲတွေ ပြင်းထန်နေချိန်။ မြို့ကြီးတွေမှာ ညဖက်ဆို ပေါ်တာဆွဲတယ်လို့ သတင်းတွေထွက်နေတာ။ အငြိမ့်ခန်းရောက်တော့ လူရွှင်တော် ကိုတက်တိုးက ပြက်လုံးခွင်တခု ဘောက်လုံး ထဖောက်ပါလေရော။ မာဖလာလေး လည်ပင်းမှာပတ် ညှိုးငယ်နေတဲ့ မျက်နှာနဲ့ လက်ဖဝါးလေးနှစ်ဖက်ပေါ်မှာ တခုခုတင်ထားသလို ရှေ့မှာဖြန့်ထားပြီး တွံတေးသိန်းတန်ရဲ့ “စကားပြောသော အသဲနှလုံး” သီချင်းကို စဆိုလိုက်တယ်။ “မွေးမေပေးသော xx အသဲကိုယူကာ xx ကလျာနွဲ့နှောင်းထံ xx အပြေးလာခိုက်ဝယ် xx ခရီးလမ်းမ ဗွေခွင်အလယ် xx ခလုတ်ကန်သင်း xx တိုက်ကာလဲတယ် xx အမေ့ အသဲနှလုံး xx လွင့်ကာကျတယ် xx အသဲနှလုံးက xx စကားပြောလာပြီကွယ်”ဆိုပြီး ခဏနားလိုက်တယ်။ မူရင်းသီချင်းမှာကတော့ “သားလူလေး xx ဘယ်များနာသွားသေးလဲ xx သားရယ်” ဆိုတဲ့ စကားပြောလေးပေါ့။ ဒါပေမယ့် ကိုတက်တိုး မျက်ရည်သုတ်ပြီး ပြောလိုက်တာက “သားလူလေး xx ညကျ စောစောပြန်ခဲ့နော် xx မိုးမချုပ်စေနဲ့ xx ပေါ်တာတွေ ဆွဲနေတယ်တဲ့” ဆိုတော့ ပရိဿတ်က ဝါးကနဲ ပွဲကျသွားတာပေါ့။

ရဲဘော်တို့ ပြည်သူလူထုအပေါင်းတို့

အဲဒီခေတ်က “ရဲဘော်တို့ ပြည်သူလူထုအပေါင်းတို့” ဆိုတာနဲ့ မီတာ ၆၀ ဗကပ အသံလွှင့်အစီအစဉ် စတင်ကြေညာတာလို့ အတော်များများက သဘောပေါက်ကြပါတယ်။ လုံခြုံရေး အနေအထားတွေအရ ခိုးပြီး နားထောင်ကြရတာပါ။ ဒါပေမယ့် ခေတ်မှီသူတိုင်း နားစွင့်ကြသည်လို့ ဆိုရတဲ့ကာလပေါ့။ အဲဒါမျိုးကို လမင်းတရာက ပြက်လုံးထဲရအောင်ထည့်ပြီး ပြက်ပါတယ်။ အငြိမ့်ခန်းမှာ လူရွှင်တော် ကိုမွတ်တားက ကောက်ကာငင်ကာနဲ့ လက်သီးလက်မောင်းတန်းပြီး “ရဲဘော်တို့ ပြည်သူလူထု အပေါင်းတို့” ဆိုပြီး ထအော်ပါတော့တယ်။ ကျန်တဲ့ လူရွှင်တော်တွေ ဖြစ်ကြတဲ့ ကိုတက်တိုးတို့၊ ကိုပေါစိန်ကြီးတို့ ရုတ်တရက် အံ့အားသင့်သွားတဲ့ အမူအရာနဲ့ ဟိုကြည့်ဒီကြည့်လုပ်၊ ကိုတက်တိုးက ကိုမွတ်တားနား အသာကပ်သွားပြီး “သူငယ်ချင်း ကြည့်လည်းလုပ်ပါဦးကွာ၊ မင်း ငပိကြော် စားချင်နေပြီထင်တယ်”လို့ သတိပေးစကား ပြော ကာမှ မွတ်တားကြီးက အင်္ကျီလက်တွေပင့်တင် ပုဆိုးကိုလည်း ခါးတောင်းတွေကျိုက် ရင်ဘတ်ကြယ်သီးတွေလည်း ဖြုတ်ပစ်ပြီး “မတတ်နိုင်ဘူး ဗျာ၊ ဒီအချိန်မှာ လုပ်သင့်တာ လုပ်ရတော့မှာပဲ၊ ဖြစ်ချင်တာဖြစ်ပေ့စေ၊ ရင်ဆိုင်ရမှာပဲ၊ ခင်ဗျားတို့ မလိုက်ရဲရင် နေခဲ့ကြ”ဆိုပြီး ခပ်တင်းတင်း အသံနဲ့ မေးကြောကြီးတွေထောင် လက်သီးတွေဆုပ်နေတော့ . . . ။

ကိုပေါစိန်ကြီးက ရှေ့က ကာဆီးကာဆီးနဲ့ “ငါ့ညီရာ အကိုကြီးလည်း ငဲ့ပါဦး၊ ဒီညတော့ အငြိမ့်လေး ပြီးအောင် ကသွားပါရစေကွာ၊ တို့အငြိမ့် ထောင်ဆရာက ဒီည ကပြီးရင် ကြိုသုံး ထုတ်ပေးမယ် ပြောထားတာကွ၊ မင်းသိတဲ့အတိုင်း အိမ်မှာလည်း ဘိုင်ပြတ်နေကြပြီ” တောင်းတောင်း ပန်ပန် ပြောနေပေမယ့် မွတ်တားကတော့ “တားမနေနဲ့တော့ဗျာ၊ ခင်ဗျားတို့ သွေးကြောင်ရင် နေခဲ့ကြ” လို့ လုပ်နေတော့ ကိုတက်တိုးလည်း စိတ်ပျက်လက်ပျက်လေသံနဲ့ “တားမရလည်း လွှတ်သာပေးလိုက်ပါ ကိုပေါစိန်ရာ၊ မတတ်နိုင်ဘူး၊ သတ္တဝါတစ်ခု ကံတစ်ခုပဲ” ဆိုတော့ မွတ်တား က ဒုန်း၊ ဒုန်း၊ ဒုန်း ဆိုပြီး ခြေသံပြင်းပြင်းနဲ့ မိုက်ခွက်ဆီထွက်လာ၊ အသံကို ခုနကထက် ပိုမြှင့်ပြီးတော့ “ရဲဘော်တို့ ပြည်သူလူထုအပေါင်းတို့” ဆိုပြီး ခဏရပ်လိုက်တယ်။ တကယ်ဆိုရင် “ဗမာပြည်ကွန်မြူနစ်ပါတီက အသံလွှင့်နေပါတယ်” ဆိုတာ လာရတော့မှာ မဟုတ်လား။ ကိုတက်တိုး တို့ ကိုပေါစိန်ကြီးတို့လည်း ဟိုကြည့်ဒီကြည့်နဲ့ ခေါင်းတွေကုတ်နေပြီ။ ပွဲခင်းကြီး တခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်နေ။ အဲဒီမှာ ကိုမွတ်တား ဆက်ပြီး ပြောလိုက်တာက “နွေရာသီရောက်ရှိလာပြီ ဖြစ်ပါသဖြင့် မီးကပ် မီးချိတ်များကို” ဆိုတာနဲ့ ကျန်တဲ့သူတွေက “အဟုတ်မှတ်လို့ကွာ” ဆိုပြီး တဖုန်းဖုန်းနဲ့ ဝိုင်းတွယ်လိုက်ကြတာ ပရိဿတ်တွေလည်း တအုန်းအုန်းနဲ့ ပွဲကျနေတော့တာပါပဲ။

မီတာခြောက်ဆယ်

အဲဒီည အငြိမ့်ပြီးလို့ ပြန်လာကြတော့ ဆရာကိုစန်းတင် လိုက်လာပြီး ဗိုလ်ချုပ်လမ်း ၈၄ လမ်း X ၃၃ လမ်းဒေါင့်က အီးဗီးနင်းစတားမှာ ဆရာလေး ကိုသင်းပန်၊ ကိုငြိမ်းဦး၊ ကိုစန်းလွင်နဲ့ ကျနော်တို့ကို လ္ဘက်ရည်လိုက်တိုက်ပါတယ်။ အီးဗီးနင်းစတားရဲ့ ညကောင်းကင်ထက်မှာ ဆရာက သင်းသတ်ခံနေရတဲ့ ယဉ်ကျေးမှုအကြောင်း၊ မီတာခြောက်ဆယ်သတင်းများနဲ့ ခေတ်ပေါ်ကဗျာကိစ္စအထိ ပြောဖြစ်ကြပါတယ်။ ကျနော်က ကိုတက်တိုးနဲ့ ကိုမွတ်တားတို့ ပြက်လုံးတွေကို သဘောကျကြောင်း၊ ပရိဿတ်တွေလည်း တော်တော်အားပေးတာ တွေ့ရကြောင်း ပြောတော့ ဆရာက “အဲဒါ ဇာတ်တိုက်ထားတဲ့ ပြက်လုံးခွင်တွေ မဟုတ်ဘူး။ သူတို့ဖာသာ ထပြက်ကျတဲ့ ဘောက်လုံးတွေကွ၊ ပရိဿတ်တွေ သဘောကျ တယ်ဆိုတာက ပြည်သူလူထု ကြားထဲမှာ ပါတီရှိနေတယ်ဆိုတာကို ဖော်ပြတာပဲ၊ ပါတီဟာ လူထုနဲ့ ဘယ်တော့မှ မကင်းကွာလို့ အမြဲရှင်သန် နေတာပေါ့ ထွန်းထွန်းရာ” ဆိုပြီး ပြောပြခဲ့တာ အမှတ်ရမိပါတယ်။ တချို့ အထိမ်းအမှတ်နေ့တွေမှာ မီတာ ၆၀ ကနေ ခပ်ဖြည်းဖြည်း လွှင့်ပေး နေတဲ့ အရှေ့မြောက် ပန်ဆန်း ပါတီဗဟိုက ဥက္ကဌကြီး မိန့်ခွန်းကို လက်ရေးနဲ့ လိုက်ရေးခိုင်းပြီး ဆရာရဲ့ မြို့ထဲက မိတ်ဆွေအချို့ကို ပေးခိုင်း တာမျိုးလည်း ရှိပါတယ်။ ဆရာက ရေဆန်မှာ ရွက်လွှင့်ရင်း ကောင်းကင်ရဲ့မာယာကို သုခုမအနုပညာအဖြစ် ဖန်တီးတင်ပြခဲ့သူ မဟုတ်ပါလား။

ထက်အောက်ဝဲယာ

လမင်းတရာရဲ့ အောင်မြင်မှုက မန္တလေးမြို့တဝိုက်မှာပဲ မဟုတ်ပါဘူး။ အထက်ဗမာပြည်၊ မြေလတ်ဒေသနဲ့ အောက်ဖက်တွေမှာလည်း ပွဲချီတွေ စိပ်ပြီး မနားရလောက်အောင် က ခဲ့ရတာပါ။ အခုခေတ်လို မီဒီယာတွေ မထွန်းကားသေးပေမယ့် တီဗွီပေါ်ကာစမှာတောင် သဘင်အနှစ်ပြည့်ဝ တဲ့ လမင်းတရာကို တီဗွီဖန်သားပြင်ပေါ်မှာ တင်ဆက်ထုတ်လွှင့်ခွင့်ရခဲ့တာ တွေ့ရပါတယ်။ အနုပညာသည် ပြည်သူ့အတွက်လို့ ခံယူထားသူမို့ ပြည်သူကိုချစ်တဲ့ အနုပညာသည်တွေရဲ့ အနုပညာဖန်တီးမှုတွေကို ပြည်သူကပြန်ပြီး ချစ်ချစ်ခင်ခင် လိုလိုလားလား တုန့်ပြန်အားပေးကြတာ သဘာဝ ကျလှပါတယ်။

၁၉၈၅ ခုနှစ်က မြန်မာ့ရေနံကော်ပိုရေးရှင်း ပြည် မြောက်နဝင်းဆည် လမ်းခွဲနားက တီတွတ် ရေနံအခြေစိုက်စခန်းမှာ ကျနော်က အငယ်တန်း စက်မှုအင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လမင်းတရာ အငြိမ့် ရွှေတောင်ချည်မျှင်နဲ့ အထည်စက်ရုံ တည်ထောင်တဲ့ ၁၀ နှစ် မြောက် အခမ်းအနားကိုလာပြီး က ကြတော့ တီတွတ်မှာရှိနေတဲ့ ကျနော့်ဆီ ဆရာကိုစန်းတင်နဲ့ ကိုငြိမ်းဦးတို့ နှစ်ယောက်သား စခန်းထဲကို ဝင်လာကြပါတယ်။ ကျနော်က နယ်မှာတာဝန်ကျနေတော့ မတွေ့ရတာကြာပြီဖြစ်တဲ့ လမင်းတရာ အဖွဲ့သားတွေနဲ့လည်း ဝမ်းသာအားရ နုတ်ဆက်ရင်း ဆရာတို့က ညကျရင် ပွဲလာကြည့်ဖို့ ဝင်ပြောကြတာပါ။ အဲဒီတုန်းက မြန်မာ့ရုပ်သံကလည်း လမင်းတရာအငြိမ့်နဲ့ ပန်တျာ ဌေး ဌေးမြင့် ဖျော်ဖြေခန်းကို ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ ကာလပေါ့။ ကျနော်က ရေနံစခန်းထဲကို သတင်းလွှင့်လိုက်တော့ ညဖက်ကျ တီအီး ဟီးနိုးကား လေး ငါးစီးနဲ့ ပွဲသွားကြည့်ကြပါတယ်။ ပွဲခင်းက ရွှေတောင် ချည်မျှင်နဲ့အထည်စက်ရုံရှေ့ ပြည်၊ ရန်ကုန် ကားလမ်းဘေးက ဘော်လုံး ကွင်းထဲမှာပါ။ အဲဒီညက ကွင်းတခုလုံး ပြည့်လျှံနေအောင် စက်ရုံအလုပ်သမားတွေနဲ့ ပြည်သူလူထုက လမင်းတရာကို တခုတ်တရ အားပေး ကြတဲ့ မြင်ကွင်းကို အခုချိန်အထိ အမှတ်ရနေမိပါတော့တယ်။

ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ

၁၉၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်တော့ ဆရာ စစ်ငြိမ်းအေး၊ အကို ကိုငြိမ်းဦးနဲ့ ကျနော်တို့ ဝိုင်းကူလုပ်ပေးနေတဲ့ ဂဠုန်နီ သတင်းစဉ်မှာ ဆရာ မောင်မြတ်မှိုင်း က မှိုင်းသူရ ကလောင်နဲ့ “မင်းသားပေါင်ကို မင်ကြောင်ချော့ထိုး မနေသင့်တော့” ခေါင်းစဉ်နဲ့ မျက်နှာဖုံး သတင်း ဆောင်းပါး ရေးပေးခဲ့တာ မှတ်မိပါသေးတယ်။ အဲဒီအချိန်က တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်ဇောင်းမကျန် မဆလကို ဆန့်ကျင်ပြီး ဆန္ဒပြနေချိန်မှာ မန္တလေး နန်းတွင်းထဲက ပဉ္စမံတပ်သားတွေကို ပြည်သူလူထုက တာဝန်သိသိ တာဝန်ရှိရှိနဲ့ လက်ကမ်းကြိုဆိုခဲ့ ကြတာပါ။ သူတို့ကသာ ကမ်းတဲ့လက်ကို ပုတ်ချပြီး ပြည်သူကိုကျောခိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကာလတခုအထိ တုတ်တုတ်မှ မလှုပ်တော့လည်း ဆရာက “မင်းသား ပေါင်ကို မင်ကြောင်ချော့ထိုး မနေသင့်တော့” ဆိုပြီး ဆောင်းပါး ရေးလိုက်တာ ဖြစ်ပါတယ်။ တချိန်ထဲမှာပဲ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့အတူ တဆက်တစပ်ထဲ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ကြွေးကြော်သံတင်ဖို့ ဆရာက အားတက်သရော တိုက်တွန်းခဲ့တာကို ပြည်သူကြားမှာ ပြန့်နှံ့အောင် ကျနော်တို့ ဆောင်ရွက်ခဲ့ကြပါတယ်။


ပြည်သူချစ်တဲ့ အနုပညာသည်

၁၉၈၉ ဇွန်ထဲမှာ အမေလူထုဒေါ်အမာရဲ့ “ပြည်သူချစ်သောအနုပညာသည်များ” စာအုပ် ၂၅ နှစ်မြောက် ငွေရတုပွဲကို တောင်သမန် အင်းစောင်းက ဆရာတော်ဦးပညာရဲ့ တောင်လေးလုံးကျောင်းမှာ ကျင်းပပါတယ်။ အရေးတော်ပုံကြီးကိုနှိမ်နင်းပြီး စစ်အာဏာသိမ်းပြီးစ။ ငါးဦးထက်ပိုပြီး လူမစုရဆိုတဲ့ ကာဖျူးအမိန့်ကလည်း မရုပ်သိမ်းသေးတဲ့အချိန်။ ကျနော်တို့ အရေးတော်ပုံ ဘက်တော်သားတွေလည်း ပြေးရ လွှားရ၊ ရှောင်တိမ်းနေကြရသလို ဆရာလည်း မြေလျှိးနေရတဲ့ ကာလပါ။ ရှမ်းပြည်နဲ့ ကရင်ပြည်နယ်ဘက်မှာလည်း စစ်အစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တိုက်ပွဲကြီးငယ်တွေ တဂျိမ်းဂျိမ်း ဖြစ်နေတော့ နာမည်ကျော် အနုပညာရှင်တချို့က စစ်တပ်ကို ထောက်ခံ အားပေးကြောင်း၊ ရှေ့တန်းအတွက် ငွေနဲ့ ပစ္စည်းတွေ လှူဒါန်းကြောင်း ဆိုတဲ့သတင်းတွေ ဝါဒဖြန့်နေချိန်မှာ ဆရာမောင်မြတ်မှိုင်းက “ပြည်သူချစ်တဲ့ အနုပညာ သည်ဆိုတာ” စာတမ်းကို အဲဒီ ငွေရတုပွဲမှာ ဖတ်ပါတယ်။

စာတမ်းက အမေလူထုဒေါ်အမာ စာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဇာတ်မင်းသားဖိုးစိန်နဲ့ ၁၉၂၀ ပထမကျောင်းသားသပိတ်ကြီးကာလက သမိုင်း သင်ခန်းစာယူစရာတွေကို ထုတ်နုတ်သုံးသပ် တင်ပြထားတာလို့ မှတ်မိပါတယ်။ စာတမ်းရဲ့နိဂုံးချုပ်ကတော့ ကျောင်းသားတွေဟာ တမျိုးသား လုံးနဲ့ သက်ဆိုင်တဲ့ ပညာရေးစနစ်အတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ မင်းသားဖိုးစိန်ကြီးက ကျောင်းသားတွေရဲ့သပိတ်ကို ဆန့်ကျင်တာ၊ အသိအမှတ်မပြုတာဟာ တမျိုးသားလုံးရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တာ၊ အသိအမှတ်မပြုရာရောက်တယ်။ ကျောင်းသားတွေကို ပြည်သူ တရပ်လုံးက ထောက်ခံနေချိန်မှာ ပြည်သူတွေအားပေးလို့ ထင်ရှားလာတဲ့ အနုပညာရှင်တွေကလည်း တမျိုးသားလုံးရဲ့အကျိုးစီးပွားကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေတဲ့ ကျောင်းသားတွေကို မဆန့်ကျင်သင့်ဘူး။ အနုပညာရှင်ဆိုတာ ပြည်သူကို တကယ်ချစ်မှ ပြည်သူကလည်း အနုပညာရှင်ကို တကယ်ချစ်မှာဖြစ်ကြောင်း၊ ပြည်သူလူထုကိုဆန့်ကျင်တဲ့ အနုပညာရှင်တွေဟာ ပြည်သူလူထုရဲ့ ဒဏ်ခတ်ခြင်းကိုခံရမှာဖြစ် ကြောင်း တင်ပြခဲ့တယ်လို့ အမှတ်ရမိပါတယ်။


မန္တလေးအငြိမ့်သဘင်ရေစီး

စစ်အာဏာသိမ်းပြီး အဖမ်းအဆီးတွေ ကြမ်းလာတော့ ဆရာလည်း ကိုယ်ရောင်ဖျောက်နေရပါတယ်။ ၁၉၈၉-၉၀ မှာ လမင်းတရာ သုခုမ စွမ်းအားစုကို အဝေးကနေပဲ စီစဉ်ညွှန်ကြားခဲ့ရတာပါ။ ၁၉၉၀ ကနေ ၁၉၉၂ ခုနှစ်အထိ ဆရာမောင်မြတ်မှိုင်း မန္တလေးထောင်မှာ အထိန်းသိမ်း ခံရပါတယ်။ ဒါကြောင့်လည်း ဇနီးဖြစ်သူ တင်ဆက်တဲ့ “ပန်းမှုန်ကြွယ် သီချင်းကြီး” တေးသရုပ်ဖော် အော်ပရာကို ထောင်ထဲကနေ နုတ်နဲ့ ဇာတ်ညွှန်းခွဲပေးခဲ့ရပါတယ်။ ဆရာ မရှိတဲ့အချိန်တွေမှာ လမင်းတရာကို ဦးဆောင်ခဲ့ရတဲ့ ဆရာ့ဇနီး အမ ပန်တျာဌေးဌေးမြင့်ရဲ့ စစ်အစိုးရခေတ် မန္တလေးအငြိမ့်သဘင်ရေစီးထဲက အတွေ့အကြုံတွေကိုလည်း အခုလို သိရပါတယ်။

“အားကောင်းမောင်းသန် ရှိခဲ့တဲ့ မန္တလေးအငြိမ့်သဘင်ရဲ့ရေစီးဟာ ၁၉၈၈ ခုနှစ် တပ်မတော် အာဏာသိမ်းယူလိုက်ချိန်မှာ ညမထွက်ရအမိန့် ထုတ်ခဲ့တာက စပြီး ကျဆုံးခဲ့ရတာပါပဲ။ အငြိမ့်တွေက နေ့ပွဲတွေပဲ လက်ခံပြီး ကပြပေးရတော့တယ်။ အငြိမ့်ကြည့်တယ်ဆိုတာ နေ့ပိုင်း အလုပ် လုပ်၊ ညပိုင်းအပန်းဖြေတဲ့ သဘောနဲ့ကြည့်ကြတာ။ ညပိုင်း မကရတော့ ပွဲငှားတွေက မငှားချင်ကြတော့ဘူး။ ပွဲမိန့်ခံရတယ်ဆိုတာလည်း အဲဒီအချိန်က စခဲ့တာပဲ။ ဒီကြားထဲ လူရွှင်တော်တွေရဲ့ ပြက်လုံးတွေကို ဘာမပျက်ရ ညာမပျက်ရဆိုပြီး ပွဲငှားတွေကို ဝန်ခံကတိ လက်မှတ်တွေ ထိုးခိုင်းကြတော့ တော်ရုံနဲ့ ပွဲမငှားတော့ပါဘူး” ဆိုပြီး ဧရာဝတီနဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။ အမ ပန်တျာဌေးဌေးမြင့်က အငြိမ့်တွေ နလန်မထူတော့တာနဲ့ ပတ်သက်ပြီး ဆက်လက်ရှင်းပြရာမှာ

“ပွဲမိန့်ခံရရုံတင် မကဘူး။ ကျမတို့ အငြိမ့်က နိုင်ငံရေးသမား ဒါရိုက်တာ မောင်မြတ်မှိုင်း ထောင်ထားတဲ့ အငြိမ့်ဆိုတော့ ပိုပြီးအငြိုးထားတာပေါ့။

နယ်ပွဲထွက်ဖို့ အိမ်ရှေ့ကားဆိုက်ပြီး ပစ္စည်းတွေ တင်ပြီးချိန်မှ ဟိုနေ့က ဘယ်ပွဲမှာ ပြက်လုံးထုတ်သွားတာကို လာပြီး ဖြေရှင်းချက်ပေးဖို့ လူရွှင်တော်တွေနဲ့ အငြိမ့်မင်းသမီးတွေ လာခေါ်တာလည်း ကြုံရတာပဲ။ ပွဲကနေစဉ်အတွင်း အသံဖမ်းပေးပါဦးဆိုပြီး ဖိအားပေးတာတွေလည်း ရှိခဲ့တယ်။ အငြိမ့်က အခြားအနုပညာရှင်တွေနဲ့ မတူဘူး။ ပရိတ်သတ်နဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အနုပညာ။ အဲဒီမှာ သဘင်သမားတွေနဲ့ ပရိဿတ်တွေ ထိတွေ့မှာကို စိုးရိမ်ပြီး နှိပ်ကွပ်လိုက်တာ။ အခုထိ နလန်မထူတော့တာပဲ။”


ပန်တျာဌေးဌေးမြင့်ရဲ့ အက၊ အလှ

လမင်းတရာ အငြိမ့်ရဲ့ အောင်မြင်ခဲ့တာဟာ ဆရာမောင်မြတ်မှိုင်း ယုံကြည်ခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ “ရွှေဒေါင်းတောင် ကလောင် တမျိုးရယ်နဲ့ ပြည်ကောင်းအောင် ဆောင်မကိုးရယ်လို့” ဆိုတဲ့ တိုင်းပြည်ကောင်းစားစေချင်တဲ့ ရွှေဒေါင်းတောင်ဝါဒရဲ့ အရင်းခံစိတ်ကြောင့်ဆိုရင် မမှားပါဘူး။ အဲဒါအပြင် ဆရာ့ဇနီးဖြစ်သူ အမ ပန်တျာဌေးဌေးမြင့်ရဲ့ သိမ်မွေ့တဲ့ အက၊ ကျက်သရေရှိတဲ့ အလှတွေအပြင် အော်ပရာတွေထဲမှာ အပြောအဆို အချီအချ သံနေသံထားကစ ဆွဲဆောင်မှု ရှိလှတာတွေ၊ ဂန္ထဝင်အငြိမ့် သီချင်းတွေကို ဧည့်ခံသီချင်းဆိုရာမှာဖြစ်စေ မင်းသမီး က ရာမှာဖြစ်စေ မြင်ရကြားရသူတွေ ငေးယူရလောက်အောင် ပိုင်နိုင်ကျွမ်းကျင်စွာ သီဆိုနိုင်တာတွေကလည်း လမင်းတရာ အောင်မြင်မှုရဲ့ သော့ ချက်တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

အမ ပန်တျာဌေးဌေးမြင့် သီဆိုခဲ့တဲ့ “ရွှေပြည်စိုး” “အောင်ပင်လယ်” “မြနန္ဒာ” “ဘုတ်တလုပ်ကန်” “ပါတော်မူ” “အာဇာနည်နေ့” “ဇာတိမာန်” “တုံးကျော်မ” “ဗမာ့သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း” “အိမ်တော်ရာဘုရားဈေး” “ကမ္ဘောဇ” စတဲ့ ဂန္ထဝင်အငြိမ့်သီချင်းတွေအပြင် ဆရာ မောင်မြတ်မှိုင်းရေးပေးတဲ့ “လမင်းတရာ”၊ ဂီတစာဆို ချင်းတွင်းချစ်သွေး ဂီတအမွေပေးခဲ့တဲ့ “ဘဝတစ်ရာ အကတစ်ရာ” စတဲ့ ကိုယ်ပိုင်သီချင်း တွေနဲ့လည်း အောင်မြင်ထင်ရှားခဲ့ပါတယ်။

ပန်းချီမောင်မြတ်မှိုင်း

ဆရာ ထောင်ကထွက်လာပြီး နောက်ပိုင်းမှာ ပန်းချီအတော်ရေးဖြစ်ပါတယ်။ ဆရာက ပန်းချီပညာကို ဆရာပေါ်ဦးသက်ရဲ့ ဖခင် ပန်းချီဦးလှကြီး၊ ပန်းချီဦးအေးမောင်တို့ဆီမှာ သင်ယူခဲ့သူပါ။ ၂၀ဝ၀ ပြည့်နှစ်မှာ "ပုံရိပ်သံစဉ် (Melody of Image)” ပန်းချီပြပွဲကို ပန်းချီနေဆန်းနဲ့ ပူးတွဲ ပြုလုပ်ခဲ့ ပါတယ်။ ၂၀ဝ၁ မှာတော့ “၂၁ ရာစုသို့ အဝင်” အမည်ပေးထားတဲ့ တကိုယ်တော်ပန်းချီပြပွဲ ပြုလုပ်ခဲ့ပါတယ်။ ဆရာက ငယ်စဉ် ကဗျာ သရုပ်ဖော် တွေ ရေးကတည်းက သဘာဝရဲ့ အရှိတရားထက် ကိုယ့်ခံစားမှု၊ ကိုယ်ပိုင်ရှာဖွေထားတဲ့ ဖန်တီးမှုကို အသားပေးတဲ့ ကျူဗစ်ဇင် ပန်းချီရေးဟန် ကို စွဲလန်းပုံရပါတယ်။ ဆရာ့ရဲ့ကျူဗစ်ဇင် ပန်းချီကားတွေမှာ အရာဝတ္ထု ဒြဗ်တွေကို အပြားသဘော ဒီဇိုင်းဆန်ပြီး ဖွဲ့စည်းပုံ အားကောင်းတဲ့ ဒိုင်မေးရှင်းတွေနဲ့ ဖော်ပြလေ့ရှိပါတယ်။ ဥပမာ - တောင်သမန်၊ မန္တလေးတောင်နဲ့ ဘုရားကျောင်းကန်၊ မနုဿီဟ စသည်ဖြင့် တွေ့ရပါတယ်။ ဆရာ့ပန်းချီကားအများစုမှာ ခေတ်သစ်ပန်းချီဆရာကြီး ဦးခင်မောင်၊ ဆရာပေါ်ဦးသက်၊ ဆရာဝင်းဖေတို့ရဲ့ ပန်းချီသြဇာကို မြင်ရပါတယ်။

တောင်လေးလုံးက ရေအိုးစင်လေး

ကျနော်လည်း ၁၉၉၀ ဒီဇင်ဘာမှာ ပုဒ်မ ၅(ည)၊ ၁၇(၁)နဲ့ အင်းစိန်၊ တောင်ငူ တောရတွေမှာ ၁၀ နှစ်ခွဲလောက် ဝါဆိုပြီး ၂၀ဝ၁ မတ်လကုန်ခါနီးမှ ပြန်လွတ်ပါတယ်။ ဘဝကလည်း ရန်ကုန်မှာ အခြေချဖြစ်တော့ ဆရာနဲ့ အဆက်ပြတ်သလို ဖြစ်ခဲ့ပါတယ်။ ဆရာ့ကို ပြန်တွေ့ဖြစ်တာက ၂၀ဝ၄ ခုနှစ် တောင်လေးလုံးကျောင်းမှာ ကျင်းပတဲ့ အမေလူထုဒေါ်အမာရဲ့ ၈၉ နှစ်မြောက် မွေးနေ့မှာပါ။ ကျနော်ပြန်ရောက်ပြီး နှစ်စဉ်လိုလို အမေလူထုဒေါ်အမာ မွေးနေ့ပွဲကို တက်ရောက်ဖြစ်ပါတယ်။ မွေးနေ့ပွဲမှာ အမ ပန်တျာဌေးဌေးမြင့်က လူထုအမေအတွက် တုံးကျော်မ သီချင်းနဲ့ နှစ်စဉ်ဂါရဝထားပြီး ဆို က ပေးနေတာ ကြည်နူးစရာပါ။

ဒါပေမယ့် အဲဒီနှစ်က အမရဲ့ တုံးကျော်မ အဆိုအကကို မတွေ့ရပါဘူး။ ပွဲရဲ့ အခမ်းအနားမှူးက ကြေညာရာမှာ ဆရာမောင်မြတ်မှိုင်း နှလုံးရောဂါနဲ့ ဆေးရုံ တင်ထားလို့ အမ ပန်တျာဌေးဌေးမြင့် စောင့်ပေးနေရကြောင်း သိရပါတယ်။ အခမ်းအနား ပြီးခါစမှာပဲ ပွဲထဲကို ဆရာနဲ့ အမတို့ ဇနီးမောင်နှံ စုံတွဲ ရောက်လာတာ တွေ့ရတော့ အံ့အားသင့်သွားတယ်။ “နင့်ဆရာလေ ပွဲကို အရောက်သွားချင်တယ်ဆိုပြီး ဆေးရုံကနေ တောင်းတောင်းပန်ပန်နဲ့ ဆင်းလာတာ” ဆိုပြီး အမ မဌေးဌေးမြင့် ပြောနေချိန်မှာ ဆရာက ရန်ကုန်ကလာတဲ့ မိတ်ဆွေတွေကို နှုတ်ဆက်ရင်း ကျနော့်ကို ပြုံးပြကာ “အိမ်လာခဲ့ဦးကွာ၊ ပြောစရာတွေ အများကြီးရှိတယ်” လို့ လှမ်းပြောလိုက်ပါတယ်။ ဆရာက အဲဒီလိုပြောခဲ့တာ နောက်ဆုံး စကားအဖြစ် ကျနော် မထင်မှတ်ခဲ့ပါ။ ဆရာနဲ့ဆုံပြီး နောက်နှစ်လလောက် ၂၀ဝ၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ မှာ နှလုံးရောဂါနဲ့ ဆရာ တိမ်းပါးခဲ့ရ ပါတယ်။

ဆရာက တောင်လေးလုံးကျောင်း ဝိဟာအနုပညာတောရနဲ့ ရေစက်ရှိသူလို့ ဆိုရမှာပါ။ ဒါ့ကြောင့် တောင်လေးလုံးကျောင်းရဲ့ ဝင်ပေါက်အဝ ညာဘက်မှာ အငြိမ့်စင်ပုံစံဒီဇိုင်းထုတ်ထားတဲ့ ရေအိုးစင်လေးကို ထူးထူးခြားခြား တွေ့မြင်နိုင်ပါတယ်။ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ လမင်းတရာ ဆရာမောင်မြတ်မှိုင်း အတွက် အမှတ်တရ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဘယ်ဘက်မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်း ကဗျာဆရာ နီမောင်(အင်းဝ)ရဲ့ ရေချမ်းစင်လေးကို တွေ့နိုင်ပါတယ်။ ဆရာမောင်မြတ်မှိုင်း ကွယ်လွန်ခဲ့တာဟာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ သဘင်ရဲ့ အော်ပရာ၊ ပြဇာတ်နယ်ပယ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလို့ ဆိုရမှာပါပဲ။


အနုပညာသမားစစ်စစ်

ဆရာမောင်မြတ်မှိုင်း ယုံကြည်ထားတာက “အနုပညာသမားစစ်စစ်ဆိုတာ လူမျိုးရဲ့ ရတနာတွေပါပဲ၊ ဖြစ်ထွန်းဖို့၊ ပေါက်မြောက်ဖို့၊ အစားထိုးဖို့ ခက်ခဲတယ်၊ ခေတ်နဲ့ ချီပြီး “ဥ”ယူရတဲ့ ရတနာတွေပါ” ဆိုပြီး နေဝင်းမြင့်ရဲ့ “ပလ္လင်အငြိမ့်၊ ကုတင်အငြိမ့်၊ စင်အငြိမ့်” စာအုပ်၊ အမှာစာမှာ ရေး သားခဲ့တယ်။ သူယုံကြည်ခဲ့တဲ့အတိုင်း အငြိမ့်ကို ရိုးရာအခြေခံပြီး ခေတ်ပေါ်ဇာတ်သွင်းမှု (Modernization) ပြုလာခဲ့တာ ဒီကနေ့ကာလ ဆိုရင် မန္တလေးအငြိမ့်ဟန်ရယ်လို့ သတ်သတ်မှတ်မှတ် ဖြစ်တည်လာခဲ့တာ ပြောဆိုနေကြတာ တွေ့ရတော့ ဆရာ့ရဲ့ အားထုတ်မှုကို ဂုဏ်ယူမိပါတယ်။

ဆရာက တိုးတက်တဲ့ အယူအဆကို ကိုင်စွဲပြီး အနုပညာတွေကို ဖန်တီးခဲ့သူဖြစ်တယ်။ တိုးတက်တဲ့ အယူအဆကို ကိုင်စွဲသူတွေရဲ့ တော်လှန်တဲ့ အဘိဓမ္မာမှာ အဖိနှိပ်ခံ ပြည်သူလူထုရဲ့ ယဉ်ကျေးမှုဘဝကို မြှင့်တင်ပြောင်းလဲရေးဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တခု ဖြစ် တယ်လို့ ခံယူထားသူလည်း ဖြစ်ပါတယ်။ “မြို့က ယဉ်တော့ သဘင်က ခန့်ရတယ်” ဆိုတဲ့ စကားလိုပါပဲ။ မန်းညဝိညာဉ် အငြိမ့်သဘင်ရဲ့ ပြည်ဖုံးကားကြီး တအိအိ ကျနေချိန်ထိ ဆရာက အငြိမ့်စင်ကို ပွေ့ပိုက်ထိန်းသိမ်းမှုတွေ တိုးချဲ့မွမ်းမံခြင်းတွေနဲ့ အားနဲ့ အင်နဲ့ ဆန္ဒမွန်တွေနဲ့ မြှင့်တင်ခဲ့တာပါ။ ဆရာပြောခဲ့တဲ့ “ပြောစရာတွေ အများကြီးရှိတယ်” ဆိုတာကို ကျနော် မကြာခဏ တွေးဆရင်း မှုတ်ထုတ်မိလိုက်တဲ့ အပူရောင် သက်ပြင်းတွေအစား အေးမြတဲ့ ဆရာ့ရဲ့ ဆန္ဒမွန်တွေကို ပြန်လည် ရှိုက်သွင်းနေမိပါတော့တယ်။

ထွန်းဝင်းငြိမ်း
၃၀၊ ၁၀၊ ၂၀၂၀
ကိုးကား
၁။ မောင်မြတ်မှိုင်း “ခွေးတိုးပေါက်ကဝင် ခြင်္သေ့တဲ့လား” ကဗျာများစုစည်းမှု၊ ပထမအကြိမ်၊ ဖေဖေါ်ဝါရီ၊ ၂၀၁၅။
၂။ မောင်သင်းပန် “လမင်းတရာအငြိမ့်ဆရာလေး ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ” ပုသိမ်ကြီး၊ မဂ္ဂဇင်း၊ အမှတ် ၅၊ ၂၀၁၇။
၃။ မောင်သင်းပန် “မန္တလေး နှလုံးသားကိုဖြတ်သန်းခြင်း” အက်ဆေး စာအုပ်၊ TK စာပေ၊ ပထမအကြိမ်၊ ဇန်နဝါရီ၊ ၂၀၂၀။
၄။ ငြိမ်းသစ် “သဘင်အနှစ်မှ အမြင်သစ်သို့” ရနံ့သစ် မဂ္ဂဇင်း၊ အမှတ် ၂၇၊ ၂၀၁၁။
၅။ ထက်မြက် “ကျွန်တော်လေးစားချစ်ခင်ရသူများ” စိတ်ကူးချိုချို စာပေ၊ ဒုတိယအကြိမ်၊ ဒီဇင်ဘာ၊ ၂၀၁၆။
၆။ နေဝင်းမြင့် “ပလ္လင်အငြိမ့်၊ ကုတင်အငြိမ့်၊ စင်အငြိမ့်” စာအုပ်၊ တူဒေး စာအုပ်တိုက်၊ ၂၀ဝ၀ စက်တင်ဘာ။
၇။ အောင်ထိပ် “တိမ်ပျိုတစ်ခင်းနဲ့ ပန်းပင်လယ်” ပြဇာတ်၊ မိတ်ဆွေများ စာပေ၊ ပထမအကြိမ်၊ နိုဝင်ဘာ၊ ၂၀၁၉။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar