လှကျော်ဇော - ဖေဖေ့ကို အသက်ကယ်ခဲ့ရစဉ်က ...

(မိုးမခ) ဩဂုတ် ၂၁၊ ၂၀၂၁ကျွန်မဆက်၍ ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးအမှတ် (၅၅)
အရေးတော်ပုံဂျာနယ်၊ အတွဲ (၃) ၊ အမှတ် ၅ မှာ ဖော်ပြမယ့် ဆောင်းပါး
ဖေဖေ စစ်တပ်က အနားယူရတဲ့ ၁၉၅၇ ခုနှစ်ကစလို့ ၁၉၇၃ ခုနှစ် မြောင်းမြလမ်း အိမ်ကို ပြောင်းတဲ့အထိ ၁၆ နှစ်ကျော်ကျော် ကျွန်မတို့ မိသားစုတွေ စမ်းချောင်းက ဆီဆုံလမ်း၊ အိမ်အမှတ် (၃၆) မှာ နေခဲ့ကြရပါတယ်။
အဲဒီအိမ်လေးဟာ ပေ ၂၅-၅၀ မြေအပြည့်ဆောက်ထားတဲ့ တလိုင်းအိမ်လေးပါ။ ထပ်ခိုးလေးလည်း ပါပါတယ်။ အိမ်လေးက ကျဉ်းလည်းကျဉ်း၊ မှောင်လည်းမှောင်။ ဒီကြားထဲ ကျွန်မတို့မောင်နှမတသိုက်က တန်းစီပြီး တယောက်ပြီး တယောက် ဖျားကြ နာကြနဲ့။ နှစ်အချို့ အတော့်ကို ကသီလိုက်ပါတယ်။ နေရေး ထိုင်ရေး စားရေး သောက်ရေး ဘက်စုံ ကသီတာပါ။ မောင်နှမ ၅ ယောက်စလုံး အနီးအနားက စိန့်ဖီလိုမီနာ သာသနာပြုကျောင်းမှာ နေတော့ ကျောင်းစရိတ်၊ ကျောင်းကားခနဲ့ ဖေဖေနဲ့ မေမေ ဘယ်လိုများ ကျော်ဖြတ်ခဲ့တယ် ဆိုတာ မတွေးရက်ပါဘူး။
ဖေဖေက သူ့စာအုပ်မှာ ဒီလို ရေးထားတာ တွေ့ရပါတယ်။
‘ကျောင်းဖွင့်စရက်များဆိုလျှင် နှစ်စဉ်ကြေး အဝတ်အစားဖိုး၊ စာအုပ်ဖိုး၊ အားကစားဖိုး စသဖြင့် နင့်နေအောင် ပေးရရာ ကျွန်တော့်ဇနီးက ဒီလတော့ ဆင်နဲ့ ဆွဲရမ်းသလိုပဲဟု ညည်းတွားတတ်ပါသည်’ … တဲ့။
အဲဒီအိမ်မှာနေစဉ် ဖေဖေ အစာအိမ်အနာ ရောဂါရခဲ့တာပါ။
အစားအသောက် အနေအထိုင် ဆင်းရဲမှုကြောင့် ဖြစ်နိုင်ပါတယ်။ သိပ်အပြင်းအထန်တော့ မဟုတ်ပါဘူး။ တခါတလေ နာလာလိုက် ပျောက်သွားလိုက်နဲ့။
အမှတ်တမဲ့ပါပဲ။ ဆေးတခါ စစ်မိတော့မှ အစာအိမ်မှာ အနာရှိကြောင်း သိလိုက်ရတာပါ။ ဖေဖေကလည်း သိပ်အရေးတယူပြောမနေပါဘူး။
၁၉၇၆ ခုနှစ် ကျွန်မတို့ပါတီဆီ ပြန်ရောက်ပြီး အခြေခံဒေသတွင်း ဝင်ခါနီးမှာ ဆေးတခါစစ်တော့ ဖေဖေမှာ အစာအိမ် အနာဖြစ်ဖူးကြောင်း၊ အခုတော့ အနာကျက်နေပြီဖြစ်ကြောင်း ဆေးစစ်စာက ရေးထားပါတယ်။
၁၉၈၂ ခုနှစ်ဆန်း (ဆောင်းတွင်းကာလ ပန်ဆန်းမှာ အလေ့ရှိတဲ့အတိုင်း) နမ်ခချောင်းက မျောပါလာတဲ့ ထင်းချောက်တွေ ကမ်းအကွေ့တွေမှာ တင်ကျန်တာတွေကို ကျွန်မနဲ့ ဖေဖေ ဆင်းကောက်ကြပါတယ်။ အဲဒါ ဖေဖေ ချွေးအေးမိပြီး ဖျားပါတော့တယ်။ ကျွန်မကလည်း စခန်းရှိတဲ့ဆေးများ အေပီစီ အမှုန့်ကြိတ်ပြီး ဘာမီတွန်တလုံး တိုက်လိုက်ပါတယ်။ နောက်နေ့မနက် ဖေဖေ ဝမ်းသွားတော့ ဝမ်းအမည်းတွေသွားပြီး မူးလဲပြီး သတိလစ်သွားပါတော့တယ်။
အစာအိမ်အနာဟောင်းက ပြန်ပေါ်လာပြီး သွေးကြောပေါက်သွားတာပါ။ သွေးဖိအားကလည်း ၂၀ လောက်ပဲ ရှိပါတော့တယ်။ သွေးဖိအားတိုင်းတဲ့ လက်တဖက်ပဲ အလွတ်ထားပြီး ကျန်လက်တဖက်နဲ့ ခြေနှစ်ချောင်းစလုံး မှာ ရှိသမျှ ဆေးရည်အမျိုးမျိုး (ဂလူးကို့စ်၊ ဓာတ်ဆားရည်၊ သွေးရည်ကြည်အစားထိုး)ကို အမြန်နှုန်းနဲ့ သွင်းပေးပြီး သွေးတိတ်ဆေးတွေလည်း ထိုး၊ သွေးဖိအားမြင့်တဲ့ဆေးတွေလည်း ထိုးနဲ့၊ အမြန်အသက်ကယ်ရပါတော့တယ်။ သွေးက တိတ်ဟန်မတူဘဲ ဝမ်းတခါသွားပြီးတိုင်း သွေးဖိအားက ဝေါခနဲ ပြန်ပြန်ကျသွားပါတယ်။ တခါတလေ (၀) အထိ ကျသွားတာပါ။ စစ်ဒေသဆေးရုံကြီးက ဆရာဝန်တွေရော၊ ပန်ဆန်း ရောက်နေတဲ့ ညီနောင်ပါတီတချို့က ဆရာဝန်တွေရော အကုန်ဝိုင်းဝန်း ကူညီကုသပေးကြပါတယ်။
ဗဟိုရုံးမှာလည်း အဲဒီနေ့က အစည်းအဝေးရှိလို့ ခေါင်းဆောင် အတော်များများလည်း စုံနေပါတယ်။ ဒီတော့ ဖေဖေ့ကို တဖက်နိုင်ငံ ဆေးရုံကိုပို့ဖို့ ဆုံးဖြတ်ပြီး ရဲဘော်ထွန်းက တဖက်ကမ်းပြေးပြီး စီစဉ်ပါတော့တယ်။ ဆေးရုံကား (လူနာတင်ကား)လွှတ်လိုက်မယ်ဆိုပြီး စောင့်ခိုင်းပါတယ်။ ဖေဖေ အခြေအနေဆိုးလာလို့ လူနာတင်ကား မစောင့်တော့ဘဲ တဘက်ကမ်း ကင်းစခန်းကရှိတဲ့ကား(ပီကင်းဂျစ်)နဲ့ ပို့ဖို့ပဲ စီစဉ်ရပါတော့တယ်။
ဥက္ကဋ္ဌ သခင်ဗသိန်းတင်က ဖေဖေနဲ့ ထည့်လိုက်ဖို့ ဆေးကျောင်းသားထဲက ဗမာလိုရော၊ တရုတ်လိုရော တတ်တဲ့ ကျောင်းသားတယောက်ရှာဖို့ ကျွန်မကို ခိုင်းပါတယ်။ ဗဟိုရုံးကို အစည်းအဝေးတက်ဖို့ ရောက်နေပြီး ဖေဖေ့ကို လူနာလာမေးနေတဲ့ ရဲဘော်တင်ရီ(ပဲခူးနေဝင်း အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးမှူး၊ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) က “တခြားလူ ဘာရှာစရာလိုလဲ။ သူ့သမီးပဲ ထည့်လိုက်ပေါ့။ သူလည်း စကားပေါက်နေတာပဲ” လို့ ဝင်ပြောလိုက်လို့ ကျွန်မ လိုက်ခွင့်ရလိုက်ပါတယ်။
ဒီတော့ ဖေဖေ့ကို ကားနောက်ခန်းမှာတင်၊ ဆောင်းတွင်းလည်းဖြစ်တော့ ဂွမ်းကပ်စောင်တွေနဲ့ မလှုပ်နိုင်အောင် ပတ်ထားပြီး၊ သွေးကြောသွင်းထားတဲ့ ဆေးပုလင်းကို တုတ်တချောင်းထိပ်ချိပ် တုတ်ကို ကားပြတင်းပေါက် အပြင်ဘက် ထုတ်ထားရပြီး ကျွန်မက ခြေနင်းခုံမှာ ဒူးထောက်ထိုင်ပြီး ကိုင်ထားရပါတယ်။ ဆရာမကြီးဒေါ်ငွေက ကားရှေ့ခန်း ကားမောင်းသူဘေးမှာ ထိုင်ပါလာပါတယ်။
ဒီလိုနဲ့ ကားက ဖြည်းဖြည်းမှန်မှန် မောင်းလာတာ။ ကျွန်မတို့ ၂ နာရီလောက်အကြာမှာ နယ်စပ်က (လန်ချန်း)ခရိုင် ဆေးရုံလေးကို ရောက်လာပါတော့တယ်။
နယ်စပ်ဆေးရုံလေး ဖြစ်လေတော့ အစစအရာရာ ချို့တဲ့ဟန်ရှိပါတယ်။ ဒါပေမဲ့ အဲဒီက ဆေးဝန်ထမ်းတွေဟာ မရှိ ရှိတာလေးနဲ့ တတ်နိုင်သမျှ အသက်ကယ်ကြပါတယ်။ အရေးပေါ်ကယ်တင်ခန်းလည်း မရှိပါဘူး။ ကျွန်မက ဖေဖေ့ဘေးမှာပဲ တချိန်လုံး ထိုင်နေပြီး နည်းနည်းလေးမသင်္ကာတာနဲ့ (ဥပမာ- ဖေဖေ အသက်ရှူမြန်လာတာ၊ မျက်နှာတွေ ဖြူဖျော့သွားတာ စတဲ့ ကိုယ်တွင်းသွေးထွက်တဲ့လက္ခဏာများ) နှလုံးခုန်နှုန်းတိုင်း၊ သွေးဖိအားတိုင်း၊ နှလုံးခုန်နှုန်းမြန်လာရင်၊ သွေးဖိအားကျလာရင်၊ သွေးသွင်းပေးဖို့ တောင်းဆို စသဖြင့် ဘေးက တချက်မလပ် လုပ်နေရပါတယ်။
သွေးသွင်းတယ် ဆိုလို့ ပြောရဦးမယ်။အဲဒီတုန်းက သွေးလှူဘဏ် ဆိုတာ ဆေးရုံတွေမှာ မရှိဘူး။ သွေးကို လိုအပ်မှ သက်ဆိုင်ရာဌာနတို့ ရပ်ကွက်တို့၊ လူနာရဲ့ ဆွေမျိုးမိတ်ဆွေတွေ စသဖြင့် ရရာလူတွေ လှုံ့ဆော်ပြီး သွေးလှူခိုင်းရတာ။ ဒီတော့ ဖေဖေ့အတွက် သွေးလိုတော့ သူတို့ဆေးရုံမှာ သွေးရောင်းဖို့ စာရင်းပေးထားသူတွေကို ခေါ်ရတာပေါ့။ (အဲဒီခေတ်က အရေးပေါ်ငွေအသုံးလိုသူများဟာ ဆေးရုံတွေမှာ သွေးရောင်းလို့ ရတယ်။) အဲဒီသွေးရောင်းတဲ့လူကို ကြည့်လိုက်ပြန်တော့ ဖြူဖပ်ဖပ် ဖောသွပ်သွပ်နဲ့။
ကျွန်မ အတော်စိတ်ဆင်းရဲမိတယ်။ ဘယ်လောက်မှ သွေးအားကောင်းမလာနိုင်ဘူး။ ပထမတော့ အဲဒီလူရဲ့ သွေးအား(ဟီမိုဂလိုဘင်)ကို အရင်စစ်ပေးပါလို့ ပြောမယ် စိတ်ကူးသေးတယ်။ နောက်မှ ဗဟိုက မှာလိုက်တဲ့စကားတွေ သတိရပြီး စိတ်ကို ထိန်းလိုက်ရတယ်။
ကျွန်မကို ဥက္ကဋ္ဌက “ဟိုဘက်ရောက်ရင် ဟိုဘက်က ဆရာဝန်တွေစကား နားထောင်ပါ။ သူတို့ ယုံလို့ အပ်ထားပြီးဖြစ်လို့၊ သူတို့ ကုသမှုကို ပေါင်းစပ်ပါ” လို့ မှာလွှတ်ပြီး ရဲဘော်တင်ရီကလည်း “ဟိုဘက်ကလူတွေနဲ့ ရန်သွားမဖြစ်နဲ့” လို့ မှာလွှတ်လိုက်တာပါ။
(ကျွန်မကလည်း ကျွန်မပါပဲ။ ပါတီထဲ ရောက်ခါစက မျက်စိထဲ အမြင်မတော်တာတွေ့ရင် ပါးစပ်က အင်မတန်မြန်တာ။ ဒီတော့ ဆေးရုံမှာက စည်းလုံးရေးမကောင်းဘူး၊ ဆက်ဆံရေးညံ့တယ်၊ မာနကြီးတယ် စတဲ့ နာမည်ပျက်တွေကလည်း ရှိထားပါတယ်။ ဒါတွေ ခေါင်းဆောင်တွေနားထဲ ရောက်နေဟန်တူပါတယ်။)
တကယ်တော့လည်း အဲဒီတဖက်နိုင်ငံဆေးရုံက ဆရာဝန်များက သူတို့ တတ်စွမ်းသလောက် ကုသပေးပါတယ်။ ဒါပေမဲ့ ဖေဖေ့အခြေအနေက သိပ်သက်သာလာတာ မရှိဘူး။ တချက် တချက် ပြန်မြောသွားလိုက်၊ သွေးဖိအား (၀) အထိ ကျသွားလိုက်၊ တချက် တချက် ပြန်သတိလည်လာပြီး ဖေဖေ ဘယ်ရောက်နေလဲ၊ ဖေဖေ ဘာဖြစ်လို့လဲလို့ မေးလိုက်၊ တခါ တခါ ကယောင်ကတမ်းတွေ ပြောလိုက်နဲ့။
ကျွန်မတို့ရောက်ပြီး နှစ်ရက်၊ သုံးရက်လောက်အကြာမှာ မေမေနဲ့ ကိုခိုင်အောင်(ကျော်ဇောဦး)တို့ ရောက်လာပါတယ်။ ဥက္ကဋ္ဌက သူ့စစ်ရေးဆိုင်ရာ အတွင်းရေးမှူး ကိုအောင်မြင့်(အခု ဝ-ဒေသ ပြောရေးဆိုခွင့်ရှိသူ) နဲ့ အတူလွှတ်လိုက်တာပါ။ ကိုအောင်မြင့်က တဆင့် ကျွန်မကိုရော၊ ဆေးရုံက တာဝန်ခံတွေကိုရော ဥက္ကဋ္ဌက မှာလိုက်တဲ့စကားလည်း ရှိပါတယ်။ ‘အတတ်နိုင်ဆုံး အချိန်ဆွဲထားပါ။ နည်းနာတွေရှာပြီး ကူမင်းစစ်ဆေးရုံကြီးဆီ ပို့နိုင်ဖို့ လုပ်နေတယ်’ ဆိုတာပါပဲ။ မေမေတို့က ၂ ရက်ပဲနေပြီး ပြန်သွားပါတယ်။
မေမေတို့ ပြန်သွားပြီးနေ့လည် ၃နာရီလောက်မှာ ဆေးရုံပေါ်လေယာဉ်ဝဲနေသံ ကြားရပြီး ကျွန်မတို့အခန်းဆီ ဆရာဝန်လေးတယောက် ပြေးလာပြီး ပြောပြတာက “ကူမင်းဆေးရုံကြီးက ဆေးအဖွဲ့ ရဟတ်ယာဉ်နဲ့ ရောက်လာပြီ၊ ဖေဖေ့ကို အသက်ကယ်ပြီး တည်ငြိမ်တာနဲ့ အဲဒီကိုခေါ်သွားမှာ”တဲ့။
(နောင်မှ သိရတာက ဥက္ကဋ္ဌကိုယ်တိုင် ပီကင်း ဗဟိုကို ဖုန်းဆက်ပြီး ဖေဖေဟာ ပါတီရဲ့ အရေးကြီးခေါင်းဆောင် တယောက်ဖြစ်လို့ အတတ်နိုင်ဆုံး အသက်ကယ်ပေးပါလို့ တောင်းဆိုလိုက်တယ် ဆိုတာပါပဲ။ ဒါနဲ့ ဗဟိုက ယူနန် ကူမင်းစစ်ဆေးရုံကို လှမ်းအကြောင်းကြား တာဝန်ပေးလိုက်တာပါ။)
ဆေးအဖွဲ့မှာ ဆရာဝန်ကြီး ၃ ဦး (အူလမ်းကြောင်းခွဲစိတ်ဆရာဝန်မကြီး အဖွဲ့မှူးဖြစ်၊ အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်၊ မေ့ဆေးဆရာဝန်၊) နဲ့ အရေးပေါ်ခွဲစိတ်ခန်းတာဝန်ခံ သူနာပြုမှူး ၁ ဦး၊ စုစုပေါင်း ၄ ဦး ပါလာပါတယ်။
သူတို့လည်း ရောက်မဆိုက် ကျွန်မတို့အခန်း ရောက်လာပြီး ဖေဖေ့ အခြေအနေကို လေ့လာ၊ ချက်ချင်း ဆေးရုံ အစည်းအဝေးခန်းမမှာ အစည်းအဝေးလုပ်ပြီး ဘယ်လို ကုသမယ် ဆိုတာ ဆွေးနွေးကြပါတယ်။
(မှတ်ချက်။ ။ ဆေးရုံအစည်းအဝေးက အကြောင်းအရာတွေကတော့ ကျွန်မက ဟိုဆရာဝန် နည်းနည်းမေးလိုက်၊ ဟိုဆရာမ မေးလိုက်၊ ဆရာဝန်အုပ်တွေ ဖေဖေ့ဘေးလာပြီး တချို့ကိစ္စတွေ ညှိနှိုင်းလိုက် စတာတွေကြည့်ပြီး ဆက်စပ်ယူကြည့်တာပါ။)
ဖေဖေ့ရဲ့ လက်ရှိအခြေအနေအရ (သွေးဖိအား မတည်မငြိမ်ဖြစ်နေတာ၊ အသက်အရွယ် ၆၀ ကျော်၊၊ သွေးထွက်မှုကလည်း စိမ့်ထွက်ရုံပဲဖြစ်နေတာ စတာတွေကြောင့်) ချက်ချင်းခွဲစိတ်မှု မလုပ်သေးဘဲ သွေးဖိအားငြိမ်ရေး၊ သွေးအားပြန်တက်လာရေး၊ သွေးတိတ်ရေးတွေကို အရင်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဆရာဝန်များ အုပ်လိုက် ကျွန်မတို့အခန်းထဲ ပြန်ဝင်လာပြီး ဖေဖေ့ကိုယ်ခန္ခာတွင်းက ထွက်သွားတဲ့အရည်တွေ အမြန်ပြန်သွင်းနိုင်ဖို့ (သွေးဖိအား ပြန်တက်လာဖို့) ဖေဖေ့ ပေါင်သွေးပြန်ကြောကို ဖောက်၊ ပြွန်သွင်းပါတယ်။ ပြီးတော့ သွေးသွင်းဖို့ စီစဉ်ပါတယ်။ ဖေဖေ့ကို အရင် သွေးသွင်းပေးနေတဲ့ အခြေအနေကို သိသွားတဲ့ ဆရာဝန်မကြီးက အတော်စိတ်ဆိုးသွားပြီး ဆေးရုံအုပ်ကို ဒီမြို့မှာ ဘယ်စစ်တပ်ရှိလဲလို့ မေးပါတယ်။ ကင်းတပ်ရင်းရှိတယ်လို့ ပြန်ဖြေတော့… “ကဲ ခေါ်လိုက်၊ ငါ စကားပြောမယ်”တဲ့။
စစ်သားလေးတွေ ၁၀၀ ကျော်လောက် ရောက်လာပါတယ်။ အဲဒီအုပ်ကို ဆေးရုံခန်းမကြီးထဲမှာ စုခိုင်းပြီး ဆရာဝန်မကြီးက တရားဟောပါတယ်။
အဲ… ပြောရဦးမယ်။ ဟယ်လီကော်ပတာက မြို့ပေါ်ဝဲပြီး မြို့ဘောလုံးကွင်းမှာ ဆင်းတာ ဖြစ်လေတော့ တမြို့လုံး အုံးအုံးကျွက်ကျွက်နဲ့။ အရေးကြီးလူနာ ကယ်ဖို့ အထူးဆေးအဖွဲ့ ရောက်တာဆို ပြန်တော့ တခြားဆေးရုံတွေက ဆေးဝန်ထမ်းတွေကလည်း တရုံးရုံး ရောက်လာပြန်တယ်။ ဒီတော့ ဆေးရုံခန်းမကြီး တခုလုံး လျှံထွက်နေတာပဲ။ တကယ်တော့ ည၇ နာရီ၊ ၈ နာရီလောက်ဖြစ်နေပြီ။
ကျွန်မလည်း မယောင်မလည်နဲ့ ပြတင်းပေါက်အပြင်ဘက်က သွားနားထောင်တော့ အတော့်ကို အံ့သြသွားပါတယ်။
အဲဒီဆရာဝန်ကြီးတွေကို သူတို့ဗဟိုက ဘယ်လိုညွှန်ကြား ပြောဆိုလိုက်တယ် မသိပါဘူး။ ဖေဖေ့ရဲ့ရာဇဝင်ကို အတော်အသေးစိတ်ကို ပြောပြနေတာပါ။(ဥက္ကဌကလည်း ပီကင်းဗဟိုကို ပြောပြထားဟန်လည်း ရှိပါတယ်။)
အခု အသက်ကယ်နေရတဲ့ လူနာဟာ အခု ဗမာပြည်မှာ မင်းလုပ်အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့အတူ ဗမာ့တပ်မတော်ကြီးကို ထူထောင်ခဲ့တဲ့သူ ဖြစ်ကြောင်း၊ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ မြေအောက်လုပ်ငန်းတွေ လုပ်ရင်း ပေါ်သွားလို့ ထွက်ပြေးလာရတာဖြစ်ကြောင်း၊ အခု သူတို့ရဲ့နယ်စပ် အေးချမ်းသွားတာကလည်း ဒီလူနာ ဗိုလ်ချုပ်ကြီးက နယ်စပ်မှာ သောင်းကျန်းနေတဲ့ ကူမင်တန်တွေကို တိုက်ပေးလို့ ဖြစ်ကြောင်း… စတာတွေပါ။
အဆုံးသတ်မှာတော့… “အခုလို ငါတို့တိုင်းပြည်အတွက် အကျိုးပြုဆောင်ရွက်ပေးခဲ့တဲ့ သူရဲကောင်းကြီး တယောက် အသက်ကယ်ဖို့ တာဝန်ကို ငါတို့ ထမ်းဆောင်ရတာ အလွန်ဂုဏ်ယူဖို့ ကောင်းတယ်။ ဒါကြောင့် အားလုံး ဝိုင်းဝန်းပြီး တက်တက်ကြွကြွ သွေးလှူဒါန်းကြပါ”တဲ့။
သူတို့နိုင်ငံမှာက ကူမင်တန်တပ်ထဲ တရုတ်ကွန်မြူနစ်ပါတီဝင်တွေ အများအပြား မြေအောက်လုပ်ငန်းတွေ လုပ်ဆောင်ကြတာ၊ ပေါ်သွားလို့ ချန်ကေရှိတ်က လိုက်သတ်လို့ တောထဲ ပြေးရတာ။ ၁၉၄၉ တော်လှန်ရေး အောင်ပြီးနောက် နယ်စပ်တလျှောက် ကျန်ခဲ့တဲ့ ကူမင်တန်စစ်သားများက အနှောင့်အယှက်အမျိုးမျိုးပေးတာ စတာတွေနဲ့ ဇာတ်လမ်းဆင် ရုပ်ရှင်တွေ ရိုက်ထားတာတွေ ရှိတယ်။
ဒီတော့ သူတို့တွေအတွက် ဒီလိုအဖြစ်အပျက်မျိုးတွေက ကြားဖူးနားဝတွေ ရှိပြီးသား။ သူတို့ရင်ထဲ ကျပြီးသား ဇာတ်လမ်းတွေ။ ဆရာမကြီး အပြောအဟောကလည်း ကောင်းလေတော့ စစ်သားတွေရော၊ ဆေးဝန်ထမ်း အချို့ရော၊ နည်းတဲ့ လူတန်းရှည်ကြီး မဟုတ်ဘူး။ သွေးလှူဖို့ တန်းစီနေတာများ။ ညလုံးပေါက် သွေးစစ်လိုက်ကြ၊ သွေးထုတ်ကြနဲ့။
ည ၁၀ နာရီလောက်မှာ ဖေဖေ့ကို သွေးစသွင်းပါတယ်။
သူတို့ အစည်းအဝေးလုပ်စဉ်က သွေးတိတ်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ ဝိုင်းစဉ်းစားကြစဉ်က ဆရာဝန် တယောက်က သူ ဖတ်ခဲ့ရတဲ့ ဆေးဆောင်းပါးတစောင်ထဲက အကြောင်းတဲ့။ ရှေးနည်းလမ်းတခုတဲ့။ လူနာကို အအေးခံထားတဲ့ နွားနို့တိုက်တာတဲ့။ ဒီတော့ ကျန်ဆရာဝန်များကလည်း ဘာအန္တရာယ်မှမရှိတဲ့ကိစ္စ မဟုတ်လို့ စမ်းကြည့်ဖို့ ဆုံးဖြတ်ကြပါတယ်။
ဖေဖေ့မှာကလည်း အဆင်သင့် နှာခေါင်းပြွန်တပ်ထားပြီးသား။ ဖေဖေက သတိလည်တချက် မလည်တချက်မို့ အစာအိမ်ထဲကထွက်တဲ့ သွေးတွေ စုပ်ထုတ်ဖို့ သွင်းထားတာ။ အတော်ပဲ၊ အဲဒီပြွန်ကတဆင့် ရေခဲစိမ်ထားတဲ့ နွားနို့တွေကို ထည့်ပေးပါတယ်။ နွားနို့ထဲလည်း သွေးတိတ်ဆေးတွေ၊ သွေးကြောကျုံ့တဲ့ဆေးတွေ ဖောက်ထည့်တာလည်း တွေ့ရပါတယ်။
လုပ်လို့ရသမျှ နည်းလမ်းပေါင်းစုံနဲ့ ကယ်တာပါပဲ။ အထူးကုဆရာဝန်ကြီးများအဖွဲ့လို့ မပြောရဘူး။ လုပ်တာ ကိုင်တာများ ဇယ်ဆက်သလို၊ ရေပက်မဝင်အောင် ထောင့်စေ့အောင် လုပ်သွားတာများ အခု ရေးပြနေတာကမှ ကြာဦးမယ်။
ဖေဖေ့ကို သွေးစသွင်းပြီဆိုကတည်းက ဖေဖေ အတော်တည်ငြိမ်စပြုလာတာ တွေ့ရတယ်။ မျက်နှာမှာ သွေးရောင်လေး စသန်းလာပါတယ်။ သွေးဖိအားလည်း တဖြည်းဖြည်း တက်လာပါတယ်။ သွေးလှူရှင်တွေက အသက် ၂၀ ကျော်လေးတွေ၊ အရွယ်ကောင်းလေးတွေ အများစု။ ပြီးတော့ လတ်လတ်ဆတ်ဆတ်သွေးတွေ၊ သွေးအားတင်မက သွေးထဲပါတဲ့ အချက်အလက်တွေ (ဥပမာ သွေးခဲစေနိုင်တဲ့ပစ္စည်းများ)ကိုပါ ရလိုက်နိုင်တဲ့အတွက် ဖေဖေ့အခြေအနေဟာ အကောင်းဘက် ရောက်လာခဲ့ပါပြီ။ ဖေဖေကိုယ်တိုင်ကလည်း အသက်အရွယ်အရသာ စိုးရိမ်စရာအရွယ်ဖြစ်ပေမယ့် ဘာရောဂါကြီးမှ (သွေးတိုး၊ ဆီးချို) မရှိတာလည်း အတော်ကံကောင်းသွားပါတယ်။
အကြောင်းအရာအားလုံး သွားစုစည်းမိလို့ သေကံမရောက် သက်မပျောက် ဖြစ်သွားရတာပါ။ ဘာသာရေး အယူအဆအရ ပြောရရင်တော့ သေနေ့မစေ့သေးလို့ပေါ့လေ။
သွေးတွေ ဆက်တိုက်သွင်းရာမှာ သွေး(၅၀၀၀-ငါးထောင်စီစီ) ၄၈ နာရီအတွင်း သွင်းလိုက်တာပါ။ အဲဒီနှစ်ရက် အပြီးမှာတော့ ဝမ်းသွားရာမှာ ပထမ ခပ်ညိုညိုနဲ့ နောက်ပိုင်း လုံးဝဝါသွားပါတော့တယ်။ အစာအိမ် သွေးတိတ်သွားပြီ ဆိုတဲ့သဘောပါ။ အဓိကပြဿနာကြီး ဖြေရှင်းလိုက်နိုင်ပေမယ့် နောက်ရှုပ်ထွေးမှုတွေက တခုပြီးတခု တက်လာပါတယ်။
အစာအိမ် သွေးတိတ်သွားပြီဖြစ်လို့ အာဟာရလိုက်ဖို့ ပါးစပ်က နွားနို့တို့၊ ကြက်ဥပေါင်းလေးတွေ စကျွေးကြည့်တဲ့နေ့မှာပဲ ချောင်းတွေ စဆိုး၊ အပူချိန်တွေ တက်လာပြီး အဆုတ်ရောင်လက္ခဏာတွေ ဝင်လာပါတော့တယ်။ ပဋိဇီဝဆေးနိုင်နိုင်နဲ့ ဖိချလိုက်နိုင်တာကြောင့် အဆုတ်ရောင်သက်သာသွားပေမဲ့ နောက်အန္တရာယ်ကြီးတရပ် ဖြစ်လာပြန်ပါတယ်။
ဆီးပြိုတယ်လို့ ခေါ်တတ်ကြတဲ့ ဆီးတွေ တအားများလာတာပါ။ နေ့ရော ညပါ ဆီးတွေသွားနေတာပါ။ လူလည်း ချောင်ကျသွားပါတယ်။ အဲတော့ အကြောင်းရင်းရှာကြရတော့တာပေါ့။ ထုံးစံအတိုင်း ဆရာဝန်တွေ အစည်းအဝေးခန်းထဲ စုပြီး ဆွေးနွေးကြ၊ အတွေ့အကြုံတွေ ဖလှယ်ကြနဲ့။
(ကျွန်မ ရန်ကုန်ဆေးရုံကြီးမှာ အလုပ်လုပ်နေတုန်းကလည်း ဒီလို ဆွေးနွေးပွဲတွေ တက်ဖူးတယ်။ (Clinical Meeting) လို့ ခေါ်တယ်။
ကျွန်မတို့ လူနာဆောင်တွေထဲက ရောဂါရှာဖွေရခက်တဲ့ လူနာတွေ၊ ရှုပ်ထွေးမှုအမျိုးမျိုး (complications) ရှိနေတဲ့ လူနာတွေကို အစည်းအဝေးခန်းမကြီးထဲ ခေါ်ချသွားပြီး (လူနာ ပြင်းထန်နေရင်တော့ လူနာခေါ်မသွားဘဲ အဲဒီလူနာနဲ့ပတ်သက်တဲ့ အချက်အလက်အပြည့်အစုံ သယ်သွားပြီး) ဆရာကြီးတွေရှေ့ လူနာအကြောင်း တင်ပြပြီး ဆရာကြီးတွေရဲ့ အကြံပေးချက်တွေ ရယူတာတွေ ရှိပါတယ်။ အလွန်ကောင်းပြီး အကျိုးလည်း အလွန်ရှိတဲ့ အလေ့အထပါ။)
ဖေဖေက သွေးဖိအား(၀)နဲ့ ရှော့ခ်အကြိမ်အချို့ ဖြစ်လိုက်သေးတာကြောင့် ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်သွားပုံ ရပါတယ်။ အထူးသဖြင့် ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်သွားနိုင်ပါတယ်။ (Sheehan Syndrome) လို့ခေါ်တဲ့ ဦးနှောက်တွင်းက ပစ်ကျူထရီ အကြိတ်လုပ်ငန်း ကျဆင်းမှုဖြစ်ပြီး ဆီးထိန်းတဲ့ ဟော်မုန်းတွေ မထွက်နိုင် ဖြစ်သွားတာပါ။ ဒါဖြင့် ဘယ်လို ကုသကြမလဲဆိုတာ ဆက်ဆွေးနွေးတော့ ဆရာဝန်တယောက်ရဲ့ အကြံပေးမှုကတော့ ဆီးရွှင်ဆေး ထိုးဖို့တဲ့။ ဒါလည်း သူ ဖတ်ဖူးတဲ့ ဆေးဆောင်းပါးတစောင်မှာ ရေးထားတာ တွေ့ဖူးတာတဲ့။ ဆီးတွေ တအားသွားနေရလို့ မောပန်းနေတဲ့ ကျောက်ကပ်ကို ဆီးရွှင်ဆေးက ကျာပွတ်နဲ့ ရိုက်သလိုဖြစ်သွားလို့ ကျောက်ကပ် အလုပ်ဆက်မလုပ်နိုင်ဘဲ ရပ်သွားနိုင်တယ်။ ပြီတော့မှ ကျောက်ကပ်လုပ်ငန်း ပြန်လည်ပတ်ရေးအတွက် ဖြည်းဖြည်းအကျင့်လုပ်မယ်တဲ့။
ကျွန်မလည်း ရင်မ နေရပါတယ်။ (Frusemide-Lasix) ဆိုတဲ့ ဆီးရွှင်ဆေးကို သွေးကြောကနေ ၂ နာရီခြား ထိုးပေးပါတယ်။ ၂ ခါ၊ ၃ ခါပဲ ထိုးလိုက်ရတယ်။ ဆီးက တညလုံး ရပ်သွားပါတော့တယ်။ ဆီးစနည်းသွားကတည်းက ဆေးထိုးရပ်လိုက်ပါတယ်။ နောက်နေ့တရက် ဆီးနည်းသွားပြီး နောက်တရက်က စပြီး ပုံမှန်တဖြည်းဖြည်း ပြန်ရောက်လာပါတယ်။ လူနာရဲ့ ကိုယ်တွင်းအရည် အဝင်အထွက်ကို အတော်ဂရုစိုက်လိုက်နိုင်တာလည်း ပါပါတယ်။ ဇယားကွက်များနဲ့ စနစ်တကျ ၂၄ နာရီအပြည့် ထိန်းချုပ်ထားတာပါ။
ဒီလိုနဲ့ ဖေဖေ တဖြည်းဖြည်း နာလန်ထူလာပါတယ်။ အထူးကုဆေးအဖွဲ့လည်း စုစုပေါင်း နှစ်ပတ်နေပြီး ဖေဖေ အတော်တည်ငြိမ်သွားတော့ ညွှန်ကြားစရာတွေ ညွှန်ကြားပြီး ပြန်သွားပါတယ်။ အပြန်မှာတော့ လေယာဉ်ကွင်းရှိတဲ့မြို့(ပေါက်စန်း)ကို သွားရပြီး အဲဒီကမှ ပြန်ရပါတယ်။
ဖေဖေ့ကို နောက် နှစ်ပတ်လောက် စနစ်တကျ ပြုစုလိုက်တော့ အတော်ထူထူထောင်ထောင် ဖြစ်လာပါတယ်။ သွေးအားတွေလည်း အတော်တက်လာနေပြီဖြစ်လို့ ကူမင်းပို့ဖို့ စီစဉ်ရပါတယ်။ အစာအိမ်သွေးထွက်တာ ရပ်သွားပြီဖြစ်ပေမဲ့ အရေးပေါ်အခြေအနေကာလတွေမှာ သွေးဖိအား အမြန်တက်ဖို့လိုလို့ သွေးကြောရှုံ့စေတဲ့ ဆေးတွေ သွင်းရတဲ့ ခြေထောက်နှစ်ဖက်စလုံးက အပေါ်ယံအရေပြားတွေ မည်းကုန်ပြီး ကွာကျလာပါတယ်။ ပိုးမဝင်နိုင်အောင် အထူးဂရုစိုက်နိုင်လို့ အနာတော့မဖြစ်ပေမဲ့ အရေပြားကွာတာတွေက ကျယ်ပြန့်လာတာ တချို့နေရာတွေမှာဆိုရင် အရိုးတွေ၊ အရွတ်တွေတောင်ပေါ်လာနေပါတယ်။ နေ့စဉ် ပိုးသတ်ဆေးကြော၊ ပိတ်စိမ်းပါးအုပ်ပြီး ဓာတ်ကင်ပေးရပါတယ်။
ဒီလိုနဲ့ ကျွန်မတို့သားအဖ ဆရာဝန်တယောက် သူနာပြုတယောက်အပါ လူနာတင်ကားနဲ့ ပေါက်စန်းကို ထွက်လာခဲ့ရပါတယ်။ တောင်ဆင်း တောင်တက်လမ်းတွေ ဖြစ်လေတော့ ဖေဖေ့ခမျာ လူနာတင် ခုတင်ပေါ်မှာ တလူးလူး တလိမ့်လိမ့်ပါ။ ကျွန်မမှာ ဖေဖေ့ကို ဘေးကထိန်းပေးနေရင်းက ပန်ဆန်းကနေ ဖေဖေကို ခေါ်လာခဲ့စဉ်က လူနာတင်ကား မရလို့ ရိုးရိုးပီကင်းဂျစ်ကားရဲ့ နောက်ခန်းမှာ ကြပ်ကြပ်သပ်သပ် ထုပ်ပိုးခေါ်လာခဲ့ရတဲ့အဖြစ်ဟာ အဆိုးထဲက အကောင်းပါလားလို့ သဘောပေါက်မိတယ်။ အခုလို လူနာတင်ကားနဲ့သာ ခေါ်ခဲ့ရရင် သွေးတွေထိန်းမရအောင်ထွက်နိုင်ပြီး ဆေးရုံတောင် ရောက်နိုင်တော့မယ် မထင်ဘူး။
ကူမင်းက ပြည်နယ်စစ်ဆေးရုံကြီး ရောက်တော့ ဖေဖေ့ကို လာကုသပေးခဲ့တဲ့ ဆရာဝန်ကြီးတွေကပဲ ဦးစီးပြီး တကိုယ်လုံး အပြည့်အစုံ ပြန်စစ်ဆေး။ လိုအပ်သမျှတွေကို နယ်ပယ်အသီးသီးက အထူးကုဆရာဝန်ကြီးများ စုစည်း၊ ဆွေးနွေးတိုင်ပင်ကြပါတယ်။ ပြီးမှ ကုသရေးအစီအစဉ်ကို အဆင့်လိုက် ရေးဆွဲကြပါတယ်။ ကျွန်မတို့ သားအဖကိုလည်း လာရှင်းပြပြီး သဘောတူ၊ မတူ မေးပါတယ်။
ကျွန်မတို့ သဘောတူကြောင်း ပြောပြီးနောက် အဲဒီအစီအစဉ်များအတိုင်း ဆက်လုပ်ဆောင်ကြပါတယ်။
သူတို့ရဲ့အစီအစဉ်ဟာ အတော်အသေးစိတ်ပြီး သိပွံနည်းကျလည်းဖြစ်ပါတယ်။ တလကျော် နှစ်လနီးပါး ဘက်စုံက ဖေဖေ့ရဲ့ ကျန်းမာရေးအခြေအနေ ခိုင်မာတည်ငြိမ်အောင် လုပ်ဆောင်ပြီးမှ ဖေဖေ့ အစာအိမ် ခွဲစိတ်မှုကြီးကို လုပ်ပါတယ်။ အစာအိမ်က အက်စစ်ဓာတ်အထွက်များတဲ့ ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ အစာအိမ်ရဲ့ လေးပုံ သုံးပုံကို ဖြတ်ထုတ်လိုက်နိုင်ပေမယ့် အစာအိမ် အနာဟောင်းကတော့ အနာရွတ်ဖြစ်နေပြီး အောက်ဘက်က တခြားအင်္ဂါများနဲ့ သွားကပ်နေလို့ မထုတ်ဘဲ ထားခဲ့ရပါတယ်။ ဒါကြောင့် ဒီနောက် အလွန်သတိထားနေခဲ့ရပါတယ်။ သွေးက အချိန်မရွေး အနာဟောင်းက ပြန်ထွက်နိုင်နေတာပါ။
အဲဒီခွဲစိတ်မှုကြီးအပြီးမှာ ခြေထောက်က အနာတွေကို ပေါင်က အရေပြား ခွာယူပြီး ပြန်အုပ်ပြီး ချုပ်ပေးပါတယ်။ ဆေးရုံမှာ ဖေဖေ ၈ လလောက် နေခဲ့ရပါတယ်။
ဒီလို အချိန်မီ အလွန်စနစ်ကျစွာ အသက်ကယ်လိုက်နိုင်မှုကြောင့် ဖေဖေဟာ နောက်ထပ်နှစ်ပေါင်း ၃၀ (၂၀၁၂ အထိ) အသက်ရှည်ခဲ့ပါတယ်။
ဒီအတွက် ပန်ဆန်းဘက်က ဥက္ကဋ္ဌကစလို့ ဌာနအသီးသီး၊ အဆင့်အသီးသီးက ရဲဘော်တွေရဲ့ ကူညီမှု၊ တဘက်နိုင်ငံကလည်း ပီကင်းဗဟိုကစလို့ ဒေသအသီးသီးက တာဝန်ခံရဲဘော်များရဲ့ လိုလေသေးမရှိ ကူညီမှု စတာတွေကို ကျွန်မတို့ မိသားစုအတွက် တသက်တာမမေ့နိုင်အောင် တန်ဖိုးထား ကျေးဇူးတင်လျက် ရှိနေပါတော့တယ်။
လှကျော်ဇော
၁၇-၈-၂၀၂၁။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar