Breaking News

ညီတင့် - ထမင်းသိုးစားသူ

ထမင်းသိုးစားသူ
ညီတင့်
(မိုးမခ) သြဂုတ် ၂၁၊ ၂၀၂၁

"အလှူမင်္ဂလာ ပွဲတိုင်းမှာကွယ် ဆေးလိပ်ယပ်တောင် ပန်းတွေကမ်းတဲ့ငယ်ကျွမ်းရယ် "ဓါတ်စက်ကဒီသီချင်းသံကြားရရင် ရွာထဲမှာအလှူရှိတာသေချာပြီ။ ဒီဓါတ်ပြားပြီးရင် စိန်ဗေဒါ့လက်သံဓါတ်ပြားလာပါလိမ့်မယ်။ စိန်ဗေဒါ့ဆိုင်းနောက်ထိုင်ငပွကြီးရဲ့ "ချသာချ ကွဲပလေ့စေ ငရဲမကြီးဘူး" ပြက်လုံး ကျနော်တို့ကလေးတွေတောင်အလွတ်ရနေကြတယ်။ အမေကအင်္ကျီဘောင်းဘီ အသစ်လဲပေး သနပ်ခါးလိမ်းပေးတယ်။ ကျနော်တို့သူငယ် ချင်းတစုဓါတ်စက်သံကြားရာအလှူအိမ်ကို ချီတက်ကြပါတော့တယ်။

အလှူမဏ္ဌပ်ရောက်ရင် ဓါတ်စက်ထားရာဆီတန်းသွားကြတယ်။ ဓါတ်စက်ဆရာကိုခင်မောင်က ဓါတ်စက်သံပတ်လှည့်ပေးနေတယ်။ သူ့နံဘေးမှာ ဓာတ်ပြားမျိုးစုံထည့်ထားတဲ့ ဧရာမဓာတ်ပြားသေတ္တာကြီး။ လူကြီးနှစ်ယောက်မနည်းမ ယူရတယ်။ ဓါတ်ပြားအိတ်က စက္ကူအိတ်အညိုတွေ။ စက္ကူအိတ်ပေါ်ကအရုပ်တွေ ဓါတ်ပြားရဲ့အလယ်ဝိုင်းထဲကအရုပ်တွေက ကျနော့်ကို ငေးမောကြတယ်။ ဓါတ်ပြားနဲ့အပ်သွားထိတဲ့ရွဲခနဲအသံဟာ ကျနော့်ကိုရင်ဖိုလှိုက်စေတယ်။ အပ်ခေါင်းကို မလိုက်၊ ဓါတ်ပြားပေါ်တင်လိုက်နဲ့ ကိုခင်မောင် ခဏခဏအပ်ကြောင်း ထပ်ဖွင့်ပြတာလည်းသဘောကျမဆုံး။ကိုခင်မောင်လွှင့်ပစ်လိုက်တဲ့ အပ်သွားအတုံးကလေများကောက်ရရင် မဟာကံထူးရှင်ပေါ့။ ဓါတ်စက်ကြား အားရပါးရငေးပြီးရင်တော့ အလှူမဏ္ဌပ်ပေါက်  စုပြုံကြတော့တယ်။

အလှူမဏ္ဌပ်ပေါက်မှာပူစီပေါင်းသည်တွေရှိတယ်။ သူတို့ကဝင်ပေါက်ဘေးတဖက်တချက် တန်းစီရောင်းချကြတယ်။ မှိန်း ခက်ရင်းခွလိုဟာမျိုးကိုမြေကြီးမှာစိုက်တယ်။ မှိန်းရိုးကိုဝါးခြမ်းပြားကန့်လန့်တွဲချည်ပြီး ပူစီပေါင်းတွေအလှပြချိတ်ဆွဲထားတယ်။ ပူစီပေါင်းအဝိုင်း အရှည် ဘဲရုပ်ပုံ ပူစီပေါင်းနှစ်ခုကြားကျူရိုးလေးနဲ့ဆက်ထားတဲ့ဘယ်ဖက်နှိပ်နှိပ် ပိပိမြည်တဲ့ပူစီပေါင်း ကျူရိုးထိပ်မှာပူစီပေါင်းကိုချည် လေမှုတ်လိုက်ရင် မွမ့် လို့မြည်တဲ့မွမ့်ပူစီပေါင်း အမျိုးစုံပေါ့။ ရိုးရိုးပူစီပေါင်းက ငါးပြား။ ဘဲရုပ် ပိပိ မွမ့်ပူစီပေါင်းကဆယ်ပြား။

ကျနော်တို့က ပူစီပေါင်းသည်တွေရဲ့ရှေ့မှာ စျေးခံတောင်းပေါ်တင်ပြထားတဲ့ မှန်သေတ္တာလေးကိုပိုပြီးငေးမောကြတယ်။ အဲဒီမှန်သေတ္တာထဲမှာ ပုလဲပုတီး ဖန်ပုတီး ဖန်လက်ကောက် နားကပ် ဆွဲကြိုး လက်စွပ်အစုံပါတယ်။ ခေါင်းလိမ်းဆီဗူး နှုတ်ခမ်းနီဗူး ပေါင်ဒါမှုန့် သနပ်ခါးခဲ မျက်နှာချေ အလှအပပစ္စည်းတွေ။ ကျနော်တို့တင်မက အစ်ကိုလူပျို အစ်မအပျိုတွေလဲ မှန်သေတ္တာထဲကပစ္စည်းတွေ ဝိုင်းအုံကြည့်ရှုဝယ်ယူကြတယ်။ ငါးမူးတန် တကျပ်တန်ပစ္စည်းတွေဆိုတော့ ကျနော်တို့ကလေးတွေမဝယ်နိုင်ဘူးပေါ့။ ကျနော်တို့ဝယ်ကြတာက ပူစီပေါင်းနဲ့ ငါးပြားဖိုးငါးကွင်းရတဲ့ကြက်ပေါင်ကွင်းတွေ။

ကြက်ပေါင်ကွင်းဝယ်ပြီးရင်တော့ အလှူအိမ်လမ်းကြားမှာ ကျနော်တို့တတွေကြက်ပေါင်ကွင်းပစ်ကြပါတော့တယ်။ ကြက်ပေါင်ကွင်းရှုံးလို့ကုန်ရင်ဖြစ်ဖြစ် ပစ်ရတာရိုးသွားရင်ဖြစ်ဖြစ် ဝိုင်းကိုဖျက်ပြီး အလှူမဏ္ဌပ်ထဲသွားကြပြန်ရော။ အလှူမဏ္ဌပ်ထဲကဆေးလိပ်တိုတွေ လိုက်ကောက်ကြတယ်လေ။ ပြောင်းဖူးဖက်ဆေးလိပ်တိုကိုမကောက်ပါ။ သနပ်ဖက်ဆေးလိပ်တိုတွေသာ သူ့ထက်ငါဦးကောက်ကြတယ်။ ပြီးတော့ဆေးလိပ်တိုတွေထောင် ခေါင်ဇယ်ပစ်ကြပြန်ရော။ တခါတလေဆေးလိပ်တိုတွေခါးပုံနဲ့မဆန့်။

ညနေစောင်းလာတဲ့အခါ ထမင်းကျွေးရုံနဲ့ချက်ဖိုဆီက ဟင်းနံ့ကျွေးနံ့ရလာပြီ။ ကျနော်တို့ကလေးတွေလဲ ကစား ဝိုင်းကို ထမင်းကျွေးရုံနားရွှေ့ကြတော့တယ်။ထမင်းကျွေးရုံက တိုင်စိုက် ဝါးတန်းပစ်ပြီးထန်းရွက်မလုံမလဲကာထားတာပါ။ အပေါ်ကရိုင်ပတ်တွေကျိုးတိုးကျဲတဲဖြန့်မိုးထားတယ်။ စားပွဲဝိုင်းပုကလေးတွေနဲ့ မြေကြီးပေါ်ဖင်ချထိုင်ပြီးစားရတာမျိုး။ ထမင်းကျွေးရုံလူကြီးတွေက ကျနော်တို့ကလေးတွေကိုအဝင်မခံပါ။ လူကြီးတွေစားပြီးမှ ကျနော်တို့ကလေးဝိုင်းကိုသပ်သပ်ပြင်ကျွေးလေ့ရှိပါတယ်။ ကျနော်တို့ကဆော့ကစားရင်း ကျွေးရုံလူကြီးတွေက "ကလေးတွေ ကလေးတွေ" လို့အော်ခေါ်မဲ့အသံကိုနားစွင့်နေကြရပါတယ်။

ကျနော်တို့ဆော့ကစားနေတုန်း "ကလေးတွေ ကလေးတွေ" လို့ခေါ်သံကြားရတယ်။ ကျွေးရုံလူကြီးတွေခေါ်သံမဟုတ်။ အရူးမကြီးမရွှေမိခေါ်သံ။ မရွှေမိဆီ ကျနော်တို့လှမ်းကြည့်ကြတယ်။ မရွှေမိလက်ထဲမှာ ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ပဲပြုတ်ဖြူဖြူတွေ အငွေ့တထောင်းထောင်း။ ကျနော်တို့လက်တွေဖုတ်ဖက်ခါ မရွှေမိရှေ့လက်ဝါးလေးတွေဖြန့်တောင်းခံကြတယ်။ မရွှေမိက ကလေးတိုင်းစေ့ငအောင်ဝေပေးတယ်။ ဆာဆာနဲ့စားကောင်းလိုက်တဲ့ဖြစ်ခြင်း။ မရွှေမိလက်ထဲကပဲပြုတ်ကုန်သွားတော့ "ကျုပ်တို့မဝသေးဘူးမရွှေမိ သွားတောင်းပေးအုံး" ဆိုပြီးခိုင်းကြပြန်တယ်။ မရွှေမိလည်းချက်ဖိုကိုသွားတောင်းပြန်တယ်။ ချက်ဖိုလူကြီးတွေက ကျနော်တို့ကလေးတွေလာရင်အနားမကပ်ရ။ ငေါက်ထုတ်ပါတယ်။ မရွှေမိကိုကျတော့ တောင်းတိုင်းပေးပါတယ်။

မရွှေမိကိုကျနော်တို့ကလေးတွေသာမက အမေတို့လူကြီးတွေလည်းခင်မင်ကြတယ်။ မရွှေမိက သူခူးလာတဲ့အဝေရာရွက် အဝေရာသီး ကျီးအာရွက် ပဲပင်ပေါက်စတာတွေ အမေ့ကိုလာပေးလေ့ရှိတယ်။ "ဆရာမလေး စိတ်သန့်သန့်စားနော် ကျုပ်ချေးတောထဲကခူးလာတာမဟုတ်ဘူး" လို့ပြောတတ်တယ်။ ကျနော်တို့ရွာမှာ အိမ် သာရှိတဲ့အိမ်ကနည်းတယ်။ ရွာဘေးတောတန်း သချ င်္ိုင်းကုန်းတွေမှာ ချေးထွက်ပါကြတယ်။ မရွှေမိခူးလာပေးတဲ့ဟင်းသီးဟင်းရွက်တွေကို အမေကကျနော်တို့ကိုချက်ကျွေးတာပဲ။ မရွှေမိက အမေ့မှမဟုတ်ဘူး။ ဘယ်သူ့ကိုမဆိုကြုံရင်ကြုံသလိုဟင်းရွက်ခူးပေးလေ့ရှိပါတယ်။ မရွှေမိပေးတဲ့ဟင်းသီးဟင်းရွက် ဘယ်သူမှလွှင့်မပစ်ကြပါ။ ချက်စားကြတာချည်းပဲ။

မရွှေမိက ပိန်ပါးပါး။ အသားညိုညို။ မျက်နှာသွယ်တယ်။ ဖျင်အင်္ကျီအဖြူကိုမဲနယ်ဆိုးပြီးဝတ်တယ်။ အစိမ်း အပြာ အနီစတဲ့ပြောင်ဖျင်လုံချည် အမြဲဝတ်တယ်။ သူ့အဝတ်အစားတွေကဟောင်းနေပေမဲ့အမြဲတမ်းဖြူဖြူစင်စင်။ သန့်သန့်ရှင်းရှင်း။ အစုတ်အပြဲဆိုရင်လည်းသပ်သပ်ရပ်ရပ်ဖာထေးဝတ်ဆင်တတ်တယ်။ ဆံပင်ကိုနောက်မှာစုပြီးထုံးထားတတ်တယ်။ ဘီးမပါ။ ဆံပင်ကဆီနဲ့ဝေးပြီးနီကြောင်ကြောင်ဖြစ်နေပေမဲ့ ပိပြားနေအောင်ဖီးထားတယ်။ သူ့ဘယ်ဖက်လက်တံထောင်ဆစ်ကွေးမှာတော့ ရေငင်နှီးပုံးစုတ်ကလေးချိတ်ထားတယ်။ အဲဒီရေငင်နှီးပုံးစုတ်လေးထဲမှာ သူစားမဲ့စားစရာတွေ။ဘယ်သူ့မှအကိုင်မခံပါ။ လူမမြင်အောင်အနံ့မထွက်အောင် ငှက်ပျော ဖက်နဲ့အထပ်ထပ်ဖုံးအုပ်ထားလေ့ရှိတယ်။ အရူးမကြီးမရွှေမိဟာထမင်းသိုး ဟင်းသိုးများကိုသာစားသောက်သူတဦးပါ။
ရွာထဲမှာ မရွှေမိကနေရာအနှံ့ရောက်တယ်။ မီးဖိုချောင်နားသွားတတ်တယ်။ တအိမ်အိမ်က ထမင်းကျန်ဟင်းကျန်အသိုးတွေလွှင့်ပစ်နေတာတွေ့ရင် "လွှင့်မပစ်ပါနဲ့ ကျုပ်ကိုပေးပါ" ဆိုပြီးတောင်းတတ်တယ်။ "ရွှေမိရယ် အသိုးတွေမယူပါနဲ့။ အကောင်းပေးမယ်" ဆိုပြီးအကောင်းပေးရင်မယူပါ။ အကောင်းကျွေးလို့လည်းမစားပါ။ ခွေးစားအိုးထဲထည့်ထားတဲ့ထမင်းသိုးဟင်းသိုးတွေ နွားကျွေးဖို့အပုတ်စိမ်ထားတဲ့နှမ်းဖတ်ရည်အိုးထဲကနှမ်းဖတ်တွေ နှိုက်ယူပြီးရေငင်နှီးပုံးစုတ်ထဲထည့်တယ်။ လူမမြင်တဲ့နေရာမှာ သွားပြီးစားလေ့ရှိတယ်။ ထမင်းသိုးဟင်းသိုးစားပေမဲ့ သူ့ကိုယ်က အပုတ်နံ့အသိုးနံ့မရပါ။

မရွှေမိက အလုပ်လုပ်ခိုင်းလို့လဲရတယ်။ တောင်သူသိမ်းချိန်အလုပ်မနိုင်ရင်အမေက"ရွှေမိရယ် ငါ့ကိုမြေပဲကူဖြန့်ပေးစမ်းပါ" ဆိုပြီးခိုင်းလေ့ရှိတယ်။ မရွှေမိက "ငါးမူးပေးရမယ်နော်ဆရာမလေး" လို့တောင်းတတ်တယ်။ အေးပါပေးပါ့မယ်ဆိုရင် သူ့ရေငင်နှီးပုံးစုတ်လေးလူမမြင်ကွယ်ရာချ။ အမေ့ကိုကူလုပ်တော့တာပဲ။အလကားခိုင်းလို့မရပါ။ တန်ရာတန်ကြေးပေးရပါတယ်။ အမေကသနားလို့တကျပ်ပေးရင်လက်မခံ။ ငါးမူးကိုအတင်းပြန်ပေးတယ်။ အမေက"ငါအနုတ်မရှိလို့။ ဒီကျပ်စေ့လေးယူသွား " လို့ပေးလိုက်ရင် ဦးပေါငြိမ်းလက်ဖက်ရည်ချိုဆိုင်သွားအနုတ်ခတ်ပြီးငါးမူးပြန်လာပေးတယ်။ သူသတ်မှတ်ထားတဲ့လုပ်အားခကိုပဲတိတိကျကျယူတတ်တယ်။

မရွှေမိဟာ ကျနော်တို့ကလေးတွေအတွက်သာမက အမေတို့လူကြီးတွေအတွက်ပါ အားကိုးခင်မင်စရာဖြစ်ခဲ့ပါတယ်။


ကံကြမ္မာမုန်တိုင်းက ကျနော့်ကို ဇာတိရွာကနေဝေးလွင့်သွားအောင် တိုက်ခတ်ပါတယ်။ နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်ကြာ။ အိပ်မက်ထဲမှာ အမေဟာ အသက်ရှင်လျက်။ တခါတရံ ကွယ်လွန်သွားတဲ့သူငယ်ချင်းတွေနဲ့စကားလက်ဆုံကျလို့။ လန့်နိုးလာတော့ ဘယ်သူမှမမြင်တဲ့မျက်ရည်တွေ ကိုယ့်ဘာသာ အသာအယာတို့သုတ်ရတယ်။ 

ဖုန်တထောင်းထောင်း အညာကျေးလက်ရှုခင်း စိမ့်ညို့ညို့ မြေပဲခင်း၊ လတ်ဆတ်မွှေးရီ နှင်းဆီခြံများတွေ တမျှော်တခေါ် ရေပြင်ကျယ်။ အသံ အနံ့ အရုပ် အရောင် အရိပ် အာရုံခြောက်ပါးစလုံး အလွမ်းတံဆိပ်ခပ်နှိပ်လျက်သား။ ပဲပြုဖြူဖြူလေးတွေမြင်ရင် ကျနော့်အာခံတွင်းစိုလိုက်လာကာ အရူးမကြီးမရွှေမိကို သတိရမိနေတတ်တယ်။ 

ဇာတိရွာကိုပြန်ရောက်ခွင့်ရတော့ ဆွေတွေ မျိုးတွေ ငယ်သူငယ်ချင်းတွေနဲ့စကားလက်ဆုံ ပြောလို့မကုန်။ အရူးမကြီးမရွှေမိရှိသေးရဲ့လား။ တခုတ်တရမေးမိတယ်။ အော် မရွှေမိတယောက်လူကြီးရောဂါနဲ့ကွယ်လွန်ရှာပေါ့။ ကလေးသူငယ်တွေရဲ့စနောက် ပြောင်လှောင်ခြင်းမခံရ။ လူကြီးတွေရဲ့မထီလေးစားပြုခြင်းမခံရ။ အရူးမတောင်မရှောင် ရာဂကျူးတတ်တဲ့တဏှာကောင်တွေရဲ့စော်ကားခြင်းလည်းမခံရ။ လူသားတယောက်ပီပီ လူ့ဂုဏ်သိက္ခာရှိရှိနဲ့သူကွယ်လွန်ခဲ့ရမှာသေချာပါတယ်။

ကျနော်ဟာမရွှေမိအကြောင်းအတွေးစဉ် အမျှင်တန်းမိပါတယ်။ မိခင်တယောက်ရဲ့မေတ္တာစိတ်က သူ့ရင်သွေးဘယ်အချိန်ဆာလောင်တတ်တယ်ဆိုတာ အလိုလိုသိလိမ့်မယ်ထင်တယ်။ မရွှေမိကလည်းကျနော်တို့ကလေးတွေရဲ့ဆာလောင်မှုကို မိခင်စိတ်နဲ့သိရှိခဲ့ဟန်တူပါတယ်။ ကျနော်တို့သူငယ်ချင်းတွေထဲမှာ မရွှေမိကျွေးခဲ့တဲ့ပဲပြုတ်ကို မစားဘူးသူမရှိ။ ရွံစရာကြီးဆိုပြီးလွှင့်ပစ်ခဲ့သူမရှိ။

ထမင်းအသိုးအပုတ်စားခဲ့သူ၊ ခုခေတ်ကျန်းမာရေးအသိနဲ့ကြည့်ရင် ရောဂါဖြစ်စရာပေါ့။ ဒါပေမဲ့မရွှေမိနေမကောင်းတာ တခါမှမမြင်ဘူးခဲ့ပါ။ ပိန်ပါးပါးသူ့ခန္ဓာကိုယ်လေးဟာအမြဲတမ်းသွက်လက် ဖျတ်လတ်နေခဲ့တယ်။ အလဟဿဖြစ်မဲ့ လွှင့်ပစ်ရမဲ့စွန့်ပစ်ပစ္စည်းတွေကို သူအတွက်အာဟာရဖြစ်အောင်ဖန်တီးခဲ့သူပဲ။ သူ့အတွက်တခြားလူတွေမှာတာဝန်ပိုမရှိ။ ပြီးတော့မရွှေမိဟာ အလုပ်သမားကောင်းတယောက်လဲဖြစ်သေးတယ်။ သူ့လုပ်အားကိုတန်ရာတန်ကြေးနဲ့ရောင်းချတယ်။ အပိုပေးလို့လည်း အချောင်ယူလိုစိတ်မရှိ။

ဗုဒ္ဓဘာသာဝင်တွေက အလှူအတန်းရက်ရောလွန်းကြတယ်။ ပွဲလမ်းသဘင်ရှိရင်ပစ္စည်းပစ္စယစွန့်ကြဲ။ ရွှေငွေစွန့်ကြဲလှူဒါန်းကြတယ်။ လူအများကလည်းတစုတဝေးတပျော်တပါး ကောက်ယူကြတယ်။ ဒါဟာအချောင်လိုချင်စိတ်ကိုဖြစ်ပေါ်စေတာပဲဆိုပြီး ကျနော်ကတော့မနှစ်မြို့ပါ။ ကျနော့ကိုလာဝေတဲ့ပိုက်ဆံဆိုလည်းဘယ် တော့မှလက်ခံယူလေ့မရှိပါ။ မရွှေမိက သူ့ကိုမလိုအပ်ဘဲသနားပြီးပေးကမ်းလာတဲ့ စားစရာ ငွေကြေးကိုဘယ်တော့မှလက်ခံလေ့မရှိတဲ့ အတုယူစရာအမျိုးသမီးကြီးတယောက်ပါ။ ကလေးတွေကိုစားစရာကျွေးခြင်း အိမ်ရှင်မတွေကိုဟင်းသီးဟင်းရွက်ရှာဖွေပေးခြင်း သူ့အတွက်ဘာအလိုရမ္မက်မှမပါ။ တကယ့်စေတနာသန့်သန့်နဲ့လုပ်ခဲ့ခြင်းပါ။ သေချာတွေးကြည့်တော့ မရွှေမိဟာအရူးမကြီးမဟုတ်။ ကျနော်တို့လေးစားရမဲ့ စံနမူနာယူရမဲ့ အမျိုးသမီးကြီးတဦးဖြစ်နေပါတယ်။ ကျနော်တို့ကလေးအားလုံးရဲ့မိခင်။ သူရဲကောင်း။

ကျနော်ကိုယ်တိုင်မဖြေရဲမဖြေဝံ့တဲ့မေးခွန်း ကျနော့်ကိုကျနော် ပြန်မေးကြည့်ဖြစ်ပါတယ်။ ကိုယ်ကမကောင်းတာစားပြီး သူတပါးကိုကောင်းတာကျွေးရဲတဲ့ မရွှေမိလိုသတ္တိမျိုး မင်းမှာရှိရဲ့လားလို့ ။  ။

ညီတင့်
၁၇ ၈ ၂၀၁၈


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar