မိုးမခအမှတ်တရ - မိုးမြင့်ယံ '' သတိရခြင်း မြစ်တစင်း '' (22.6. 2021 တွင် ကျဆုံးသွားသော အာဇာနည် 'လွန်းအိမ်' သို့... )
စက်တင်ဘာ ၂၂၊ ၂၀၂၁
'' သတိရခြင်း မြစ်တစင်း ''
မိုးမြင့်ယံ
လွင့်ဝေးတိမ်စိုင်တွေနောက်သို့ ကျွန်တော့်စိတ်သည် တရိပ်ရိပ် ။
မျှော်ရည်ရာမနက်ဖြန်တို့၌ သွေးနဲ့ ရေးမဲ့ကဗျာတွေကို ကျွန်တော်ငေးမောနေမိပြန်သည် ။
အလွမ်းသည် ညနေခင်း ငါးကင်တကောင်ကို တံဆို့ထားသလို ။
သေဆုံးခြင်းမှာမှ လင်းပဝင်းမြခွင့်ရဖို့ ဘယ်လိုကြယ်မျိုးကမှ ဆုမတောင်းခဲ့ပါဘူးလေ ။
ချစ်ခြင်းသည် ခရီးဝေးသို့ ဘာကြောင့်များထွက်ခွာခဲ့လေသည်ဆိုတာကို ကျွန်တော်တို့သိသင့်ပေသည်ထင်ပါရဲ့ ။
သို့သော် ကျွန်တော်သည် ကြယ်တပွင့်လိုလင်းလက်တောက်ပဖို့ကို ကြောက်ရွံ့နေပြန်သည် ။
ထိုခဏ .......
တိမ်ကိုတိုးမိတဲ့မြစ်တွေအကြောင်းကို ခေါင်းထဲ ရောက်လာမိပြန်သည်လေ ။
လွန်းအိမ်သည် သားကောင်ဖြစ်ခဲ့တာလား?
ကျွန်တော်သည် ထိုသို့တော့မထင်မိပြန်ပါလေ။ အဘယ်ကြောင့်ဆိုသော် လွန်းအိမ်သည် သူ့ ကိုယ်သူ ဓားလိုသွေးရင်း အမှောင်းတံတိုင်းကို ပစ်ခွင်းလင်းမြစေခဲ့သည့် ရဲရင့်လှပစွာထွန်းလင်းပစ်ခဲ့သော လူငယ်ကြယ်တစင်းပင် ဖြစ်ပေသည်ပဲ ။
ကျွန်တော်သည် လွန်းအိမ်နှင့် လူချင်းမရင်းနှီးခင်ကပင် ညီငယ် နိုင်မင်းညို {မြစ်ခြေ} ကိုအကြောင်းပြု၍ သူ့ ကဗျာတွေနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်ပဲလေ။ သူ့ကဗျာတွေထဲမှာပဲ ကျွန်တော်သည် သူ၏ရိုးသား ဖြူစင်ခြင်းနှင့် ကြမ်းရှသော သူ့ဘဝခပ်အက်အက်ကို လှမ်းမြင်ခဲ့ရဖူးသည် ။
အခန်းကျဉ်းလေးတခုထဲက မလှုပ်သာမလူးသာ သူ့၏မြိုပြနေ့ရက်များကို ကဗျာများနဲ့ အားတင်းထူမတ်ရင်း ရင့်ရင့်ရဲရဲ ဖြတ်လျှောက်ခဲ့သော လူငယ်ကဗျာဆရာလေးတယောက် ။
မြို့ပြနေ့ရက်တွေပျောက်ဆုံးနေခဲ့ရဖူးသော ကျွန်တော့်အိမ်ဝေးနေ့ရက်များ၏တနေ့သား၌ နယ်မြို့လေးတခုတွင် လွန်းအိမ် နှင့်ကျနော် ရင်းနှီးလာခဲ့ကာ ဖုန်းမှတဆင့် စကားတွေပြောဖြစ်ခဲ့ကြဖူးသည်ပဲ။
သူ့နဲ့စကားပြောမိတဲ့အချိန်တိုင်း သူ့ရဲ့ မြင့်မြတ်ခိုင်ကျည်သော စိတ်ဓာတ်၊ ကဗျာ နှင့် တိုင်းပြည်အပေါ်ချစ်သော စိတ်ထားလှလှလေးများကို ပိုမိုမြင်တွေ့လာခဲ့ရခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဇွန်လ ရဲ့ တတိယအပတ်လောက်တွင် သူနဲ့ နောက်ဆုံးအကြိမ်အဖြစ် စကားတွေပြောဖြစ်ခဲ့ကြတော့ သည်အခြေအနေကြီးအောက်တွင် ကျွန်တော့်ကိုအရာရာဂရုစိုက်ဖို့ သူမှာခဲ့သေးသည်လေ။
ဒီလိုနဲ့ ဇွန်လ ရဲ့ ၂၂ ရက်နေ့မှာတော့ လွန်းအိမ်သည် ရဲရင့်မြင့်မြတ်စွာနဲ့ ဒီကမ္ဘာမြေပေါ်ကနေ ရိုးသားခြင်းယာဉ်တစင်းကိုစီးနင်း၍ ထွက်ခွာသွားခဲ့လေပြီ။
တကယ်တော့ လွန်းအိမ်သည် စိတ်၏ညွတ်ကိုင်းမှု နာကျင်ခြင်းပစ်မှတ်တခုဆီ သူ့အသက်ကို ကျည်ဆံတတောင့်ပမာအသွင်ပြောင်းရင်း ပစ်ခွင်းထိုးနှက်ခဲ့သော ရဲရင့်မြစ်တစင်းပင်ဖြစ်သည်ဟုု ကျနော်ဆိုချင်သည်။
သူမျှော်လင့်ခဲ့သည်က အနာဂတ် လေးကြောင်းမျဉ်းလေးတွေ၏ဘဝ လင်းလက်ဖြူစင်လှပဖို့အတွက်ဆိုတာကိုတော့ ကျွန်တော့်နှလုံးသားနဲ့ ခံစားနားလည်မိပါရဲ့ ။
ကျွန်တော့်၏ညနက်နက်တွေထဲ အိပ်မပျော်နိုင်ဖြစ်လေတိုင်းမှာ ကောင်းကင်ကိုမော့ကြည့်ရင်း လွန်းအိမ်ဆိုသည့် ရဲရင့်ကြယ်တပွင့်ကို အမြဲတမ်းမော့ငေး ရှာဖွေနေတတ်ခဲ့ပြီလေ။
တကယ်တမ်းတွင် လွန်းအိမ်ဆိုတဲ့ ကဗျာလေးသည် တိမ်ယံအမြင့်အဖျားကို ထိုးဖောက်ထွက်ခဲ့လေသော မြစ်တစင်းလေလား ?
အို ... ကမ္ဘာလောကကြီးအတွက် လူ့ဘဝဒွန္နယာကြီးတခုလုံးအတွက် သူ့ကိုုယ်သူ လောင်စာတခုအဖြစ် လှပစွာ ထွန်းလင်းခဲ့ပါသော လွန်းအိမ် ...
လွန်းအိမ်ရေးခဲ့လေသည့် ကဗျာတပုဒ်က စိတ်အလျဉ်နဲ့အတူ စီးမျောလာလေသည်။
# သားကောင် #
စိတ်အလျဉ်တိုင်း ကြဲချလိုက်တယ်
ထိုးထိုးထောင်ထောင်နဲ့
ဘာအပင်တွေလဲပေါ့
စားရင်လည်း ကောင်းတဲ့အသီး
ပန်ရင်လည်း တင့်တဲ့ပန်း
ဘယ်လိုပင်စမ်းစမ်း
အေးချမ်းပါတယ်တဲ့
မျှော်လင့်ချက်အပြည့်နဲ့
တခေါင်းလုံးဝေပြီး
တစ်ခင်း သီးပစ်လိုက်တယ်
ဘယ်သူ့ ပယောဂလဲတော့ မသိ
အမေ့ ယုံကြည်မှုနဲ့ လွဲတဲ့စနစ်မှာ
ကျွန်တော် ကျရှုံးခဲ့တယ်
ကမ္ဘာကုန် ကျယ်သည့်ထိ
နာကျင်ခဲ့ရပါတယ် ....။
လွန်းအိမ်
တိမ်ထဲကိုမှ ထိုးဖောက်ထွက်သွားတဲ့ မြစ်တစင်း မယုံကြည်နိုင်စွာ ငါ့ရဲ့နှလုံးသားမှာ စီးဆင်းနေတုန်းပါပဲကွာ ။
ကာလ ဒေသ ပရောဂ တဲ့ ... ဘုရားတွေဘယ်လို တရားပဲဟောဟော... ငါ က မင်းကို မျက်ရည်တွေနဲ့ တဘဝလုံး သတိရနေမှာ လွန်းအိမ်ရာ .... ။
ခက်တယ်၊ သတိရခြင်းမှာ မျက်ရည်မကျဖို့အတွက် ကာလတော်တော်များများ ငါ ကြိုးစားရဦးမယ် လွန်းအိမ်ရယ် ....။
22 .June 2021 တွင် ကျဆုံးသွားသော အာဇာနည် လွန်းအိမ် ရဲ့ ၃ လပြည့် မေ့မရခြင်း အမှတ်တရအလွမ်း ......
မိုးမြင့်ယံ
28 . Aug . 2021
19 . Sep . 2021
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar