စိုင်းဇင်ဒီဒီဇုံ - လျှို့၀ှက်တပ်မတော် (ချန်ကေရှိတ်နှင့် ရွှေတြိဂံက ဘိန်းစစ်ဘုရင်များ) - အခန်း (၁၁) ကုလသမဂ္ဂသို့
၁၉၅၃ ခုနှစ် အစောပိုင်းမှာ ဟိုင်ထျန်းသင်္ဘောနဲ့ တနင်္သာရီ ကမ်းရိုးတန်းဘက်ကို ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ပေးဖို့ ကြိုးစားခဲ့တဲ့အခါ တရုတ်ဖြူတွေရဲ့ ရန်လိုမှု တစတစကြီးထွားလာကြောင့် “ပေါက်ကွဲလာမည့် အခြေအနေ” ထိန်းချိုပ်နိုင်ရန် အတွက် တိုက်ရိုက်ဝင်ရောက် စွက်ဖက်ဖို့ လိုအပ်နေပြီလို့ အမေရိကန် အစိုးရက ကောက်ချက်ချပါတယ်။ မြန်မာနိုင်ငံက သူ့တပ်တွေဟာ “မြန်မာနိုင်ငံသာမက အရှေ့တောင်အာရှ တလွှားရဲ့ လုံခြုံရေးကိုပါ ခြိမ်းခြောက်နေပြီး အဖျက်သဘောဆောင်နေပြီ” လို့ ချန်ကေရှိတ် ကို ပြောလိုက်ပြီး တပ်တွေ ရွှေ့ထုတ်ဖို့ အမိန့်ပေးပါမယ်လို့ ကတိရအောင်တောင်းရန် နိုင်ငံခြားရေးဌာနက ရန်းကင်ကို ညွှန်ကြားလိုက်ပါတယ်။ လက်ထောက်ဝန်ကြီး အာလီဆန် ဖိအားပေးမှုကြောင့် နောက်သုံးပတ်အကြာ ဖေဖော်ဝါရီ ၂၁ ရက်မှာ သံမှူးကြီး ရန်းကင် က လေယာဉ်နဲ့သွားပြီး ချန်ကေရှိတ်ကို ကောင်းရှုံက သူ့အိမ်တော်မှာ တွေ့ပါတယ်။ ထိုင်ပေကသာ သူ့တပ်တွေကို မြန်မာနိုင်ငံက မဖယ်ရှားပေးဘူးဆိုရင် မြန်မာအစိုးရက ကုလသမဂ္ဂမှာ စွဲချက်တင်ဖို့ စီမံနေပြီလို့ ရန်းကင် က ချန်ကေရှိတ်ကို သတိပေးပါတယ်။ ဒီလိုဖယ်ရှားပေးဖို့ တောင်းဆိုတာက အိုင်စင်ဟောင်ဝါရဲ့ အစိုးရသစ်က ပထမဆုံး အရေးတကြီး တောင်းဆိုလိုက်တာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိအောင် ပြောပြရပါတယ်။ ရန်းကင် က စီအိုင်အေနဲ့ ကာကွယ်ရေးဌာနတွေကို ကိုယ်စားပြုပြောတာမဟုတ်ဘူးလို့ ချန်ကေရှိတ်က ယူဆပြီး နိုင်ငံခြားရေးဌာနက တောင်းဆိုတာက မဖြစ်နိုင်ဘူးလို့ တုံ့ပြန်ပါတယ်။ အဲဒီလို နားလည်မှုမှားတာကို ရန်းကင် က ပြန်ရှင်းပြရတယ်။ အခုသူလာပြောပြနေတာ နိုင်ငံခြားရေးဌာနရဲ့ ရပ်တည်ချက် တခုတည်း မဟုတ်ဘူး။ ဒါဟာ အမေရိကန်အစိုးရ တခုလံးရဲ့ အသေအချာစဉ်းစားပြီး ချမှတ်ထားတဲ့ မူဝါဒဖြစ်တယ်။ ဒါပေမယ့် တွေ့ဆုံမှုဟာ မရေမရာနဲ့ ပြီးဆုံးသွားတယ်။ တပ်တွေ ဆုတ်ခွာဖို့ အတွက် ဘယ်လိုပဲ အမိန့်ပေးပေး သူ့တပ်တွေ လိုက်နာမှု ရှိမရှိကို လီမီက ဘယ်လောက် အာမခံပေးနိုင်မှာလဲ ဆိုတာရယ်၊ ထိုင်းနဲ့ မြန်မာတွေက ပူးပေါင်းဆောင်ရွက်ဖို့ အာမခံခြင်း ရှိမရှိ ဆိုတာတွေပေါ် မူတည်နေတယ်လို့ ချန်ကေရှိတ်က မရမက ပြန်ပြောပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ အဲဒီနေ့မှာပဲ လီမီဟာ ဖုရှင်း ပီဘီဝိုင် လေယာဉ်နဲ့ မိုင်းဆတ် ကနေ ထိုင်ဝမ်းကို ထွက်လာပါတယ်။ စစ်ဦးစီးအရာရှိချုပ် ကျိုးကျိကျိုနဲ့ တွေ့ပြီး နောက်ထပ် ထောက်ပံ့ရေး ပစ္စည်းတွေရဖို့၊ ဖုရှင်း လေကြောင်းလိုင်းနဲ့ စာချုပ်သစ် ချုပ်ဖို့၊ ထောက်ပံ့ရေးလုပ်ငန်းအတွက် ပိုမိုကြီးမားတဲ့ လေယာဉ်တွေ ဝယ်နိုင်ရင် ဝယ်ဖို့ ကိစ္စတွေ ဆွေးနွေးရန် ဖြစ်ပါတယ်။
ဝါရှင်တန်က ထိုင်ပေကို ဖိအားပေးတဲ့အချိန်မှာပဲ တရုတ်ဖြူတပ်တွေ ဖယ်ရှားပေးဖို့ ကုလသမဂ္ဂကို တရားဝင် တောင်းဆိုသွားမှာ ဖြစ်ကြောင်း မတ်လ ၂ ရက်နေ့မှာ ဦးနု က ကြေညာလိုက်ပါတယ်။ ဒွိုက် ဒီ အိုင်စင်ဟောင်ဝါ နဲ့ ရီပါဗလီကင်တွေ ဝါရှင်တန်မှာ အသာစီး ရလာတာဟာ ပြည်မကြီးကို ပြန်လည် သိမ်းပိုက်ချင်တဲ့ ချန်ကေရှိတ်ရဲ့ အိပ်မက်ကို အရင်ထက်ပိုပြီး ကူညီထောက်ပံ့တော့မယ့် ရှေ့ပြေးနိမိတ် ဖြစ်မယ်လို့ စိုးရိမ်ပြီးတော့ မြန်မာနိုင်ငံ ခေါင်းဆောင်က အခုလို ထကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ ကံအားလျော်စွာ အိုင်စင်ဟောင်ဝါ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတရာထူး လက်ခံရယူလိုက်တဲ့ အချိန်ဟာ တရုတ်ဖြူ ယူနန်တပ်တော်က မြေကမ္ဘာစစ်ဆင်ရေး လုပ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ တရုတ်အမျိုးသားတပ်မတော်က စစ်သား ၃၀,၀၀၀ လာအိုနိုင်ငံကို ကုန်းလမ်းက ဖြတ်သန်းပြီး မြန်မာနိုင်ငံက လီမီရဲ့တပ်နဲ့ သွားပေါင်းဖို့ အရေး တရုတ်သမ္မတနိုင်ငံက ပြင်သစ်ကို နားချနေတာဟာ မြန်မာနိုင်ငံရဲ့ စိတ်ပူမှုကို ပိုမိုဆိုးဝါးစေပါတယ်။ ပဲရစ်က ထိုင်ပေရဲ့ တောင်းဆိုမှုကို ပယ်ချလိုက်တယ်။ ဒါပေမယ့် လီမီ မြန်မာ့ပိုင်နက်ကနေ ယူနန်ကို ထပ်မံတိုက်ခိုက်မှု ပြင်ဆင်နေတာကြောင့် မြန်မာနိုင်ငံက စိတ်ပူနေရဆဲပဲ ဖြစ်ပါတယ်။ အဲဒီအတောအတွင်း ၁၉၅၁ ခုနှစ်တုန်းက လီမီ ယူနန်ကို ဝင်တိုက်ခဲ့တုန်းက အမေရိကန်တွေ ပါဝင်တာနဲ့ ပတ်သက်တဲ့ ကာလကြာရှည် အမြစ်တွယ်နေတဲ့ မြန်မာ့သံသယတွေဟာ အဲဒီစစ်ဆင်ရေးကို စီအိုင်အေကို ဘယ်လိုထောက်ပံ့ခဲ့သလဲ ဆိုတာကို သတင်းစာဆရာ စတီးဝပ် အိုးဆပ် က အသေးစိတ် ရေးလိုက်တဲ့ သတင်းကြောင့် လွင့်ပြယ်သွားပါတော့တယ်။
“မဟာ” စစ်ဆင်ရေးနှင့် ဝမ်ဆာလား တိုက်ပွဲ
ဦးနု က ကုလသမဂ္ဂဆီက အကူအညီရအောင် ကြိုးစားနေတုန်းမှာပဲ မြန်မာစစ်တပ်က လီမီရဲတပ်ကို အကြီးအကျယ် တိုက်ခိုက်ဖို့ အစပျိုးနေပါတယ်။ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် သူ့ကို နိုင်ငံရေးအရ ဝေဖန်နေတာတွေ တိတ်သွားမယ်၊ လူထုကိုလည်း စိတ်သက်သာရာစေမယ်၊ ချန်ကေရှိတ် ဒုက္ခပေးနေတာကို မြန်မာအစိုးရက သည်းခံမှာ မဟုတ်ကြောင်း ပေကျင်းကို အာမခံပေးရာ ရောက်မယ်လို့ ဦးနု က မျှော်လင့်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းက တရုတ်ဖြူတပ်တွေကို သံလွင်မြစ်အရှေ့ဘက် ရောက်သွားအောင် မောင်းထုတ်ဖို့အတွက် ၁၉၅၃ ခုနှစ် မတ်လ အစောပိုင်းမှာ မြန်မာစစ်တပ်ရဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဒီ အေ ဘလိတ် က “မဟာ” စစ်ဆင်ရေးကို စတင်လိုက်တယ်။ ဗိုလ်မှူးချုပ် ဘလိတ်ရဲ့တပ်ဖွဲ့တွေက မြန်မာပြည်လမ်းမကြီး တလျှောက် ဗန်းမော်၊ ကွတ်ခိုင်နဲ့ လားရှိုး အနီးတဝိုက်က တရုတ်ဖြူ ပျောက်ကြားတွေကို အလွယ်တကူ ရှင်းလင်းနိုင်ခဲ့တယ်။ ဘရင်းကယ်ရီယာတွေ၊ ထရပ်ကားတွေနဲ့ အမြောက်တွေ ပါတဲ့ တပ်ရင်းတွေဟာ ဝါးဖောင်တွေဖွဲ့ပြီး မြစ်ချောင်းတွေကို ဖြတ်သန်းကာ ဖုချင်းယွင်ရဲ့တပ်တွေကို မိုင်းရှူးနဲ့ မိုင်းအော့ ဘက်ကနေ မောင်းထုတ်ပစ်လိုက်နိုင်တယ်။ စစ်မြေပြင်မှာ အမေရိကန်ထုတ် နောက်ဆုံးပေါ် လက်နက်တွေ သိမ်းဆည်းရမိလို့ မြန်မာက ဝါရှင်တန်ကို ပိုပြီးစိတ်ဆိုး ဒေါသထွက်စရာ ဖြစ်လာပါတော့တယ်။
ရှမ်းပြည်နယ် တောင်ပိုင်းမှာလည်း ဒုတိယဗိုလ်မှူးကြီး ကျော်စိုး ကွပ်ကဲတဲ့ ခြေလျင်တပ်မဟာ တခု က ဘုရင့်နောင် စစ်ဆင်ရေး ကို ဆင်နွှဲတယ်။1 သံလွင်မြစ်ကို ဖြတ်ကူးတဲ့ ဝမ်ဆာလား ကူးတို့ဆိပ်က တရုတ်ဖြူ တပ်ဖွဲ့ကို ရှင်းလင်းပြီးနောက် ဒုတိယဗိုလ်မှူးကြီး ကျော်စိုး က မိုင်းဆတ်ကို ဆက်ချီတက်တယ်။ မတ်လ ၁၆ ရက်နေ့ သံလွင်မြစ်ကို ကူးပြီး သိပ်မကြာဘူး သူ့တပ်ရင်းတွေက ဗိုလ်မှူးကြီး ချန်မောက်ရှိုး ကွပ်ကဲတဲ့ တရုတ်ဖြူ ယူနန်တပ်တော်က အမြဲတမ်းတပ်သား ၄၀၀ လောက်နဲ့ ဝမ်ဆာလား အရှေ့ဘက်က တောင်တန်းပေါ်မှာ ရင်ဆိုင်မိကြတယ်။ မြန်မာတပ်ဖွဲ့တွေဟာ လေကြောင်းပစ်ကူနဲ့ ရှေ့ကို ဆက်တက်တိုက်တဲ့အခါ အင်အားပိုများ ချန်မောက်ရှိုးတို့တပ်ဖွဲ့ဟာ အရှေ့ဘက်က မိုင်းဆတ်ဆီ ဆုတ်ခွာကြပါတယ်။ နောက်ကလိုက်တိုက်တဲ့ မြန်မာတပ်ဖွဲ့ဟာ မိုင်းတုံအရောက်မှာ ရပ်လိုက်ပါတယ်။ ရန်ကုန်မြို့ စစ်ရုံးက မြန်မာဘက်က သေကျေဒဏ်ရာသူ ၂၇၆ ယောက်၊ တရုတ်ဖြူဘက်က ၅၀၀ လောက်ရှိမယ်လို့ ကြေညာပါတယ်။ အမေရိကန် သံတမန်တွေကတော့ “ပုံကြီးချဲ့ကြေညာတာ” လို့ ဝေဖန်ကြပါတယ်။ မြန်မာအစိုးရက သူတို့ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေမှာ အမေရိကန်လုပ် နောက်ဆုံးပေါ် ၇၅−မမ နောက်ပွင့်ရိုင်ဖယ်တွေ ကိုင်ဆောင်ထားတဲ့ တရုတ်ဖြူတပ်တွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ကြေညာပါတယ်။ ဒီလက်နက်တွေဟာ အမေရိကန်က ထိုင်ပေကို ပေးထားတဲ့ စစ်ရေးအကူအညီတွေကနေ တရားမဝင် ခိုးထုတ်ပို့ပေးထားကို မြန်မာအစိုးရက သိပုံမပေါ်ပါဘူး။
၁၉၅၃ မတ် ၂၅ ရက် ဝမ်ဆာလား တိုက်ပွဲအတွင်းမှာ မြန်မာတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်လို့ သေသွားတဲ့အထဲမှာ တရုတ်ဖြူစစ်သားတွေနဲ့ အတူ မျက်နှာဖြူ သုံးယောက်ရဲ့ အလောင်းကိုလည်း တွေ့ခဲ့ရတယ်။ မပုပ်မသိုးအောင် ထိန်းထားနိုင်တဲ့ ဓာတုဆေးတွေ လက်ဝယ်မှာ မရှိတာကြောင့် မြန်မာတွေက သူတို့ အလောင်းတွေကို တခြားသိမ်းဆည်းရမိတဲ့ အလောင်းတွေနဲ့အတူ မီးရှို့ပစ်ခဲ့ရတယ်။ ရန်ကုန် စစ်ရုံးက အလောင်းတွေရဲ့ ဓာတ်ပုံတွေ၊ စပဲမိုင်ယာ၊ ဆေဗာ နဲ့ လော့သာ အစရှိတဲ့ မိသားစုနာမည်တွေပါတဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာရွက်တမ်းတွေကို ထုတ်ပြပါတယ်။ သူတို့ရဲ့ မှတ်စုစာအုပ်တွေ၊ နေ့စဉ်မှတ်တမ်း စာအုပ်တွေမှာ အမေရိကန် ပြည်ထောင်စုက လိပ်စာတွေ ရေးသားထားလို့ စစ်ရုံးက ဒီသေဆုံးသူ သုံးယောက်ဟာ “အမေရိကန်တွေ ဖြစ်နိုင်တယ်” လို့ ကြေညာပါတယ်။ တကယ်တော့ အဲဒီလူသုံးယောက်ဟာ အင်ဒိုချိုင်းနားမှာရှိတဲ့ ပြင်သစ်နိုင်ငံခြားတပ်ဖွဲ့က ဂျာမန်လူမျိုး တပ်ပြေးတွေ ဖြစ်ကြပြီး ပဲရစ်မှာ ပညာသင်ကြားခဲ့ဖူးတဲ့ ဒေါက်တာ ထင်းကျိုရှောက်နဲ့ ရင်းနှီးသူတွေ ဖြစ်ကြပါတယ်။ လီရဲ့လူတွေက သူတို့သုံးယောက်ကို ထိုင်းနိုင်ငံမှာ တွေ့ခဲ့ပြီး လက်နက်နည်းပြတွေအဖြစ် မိုင်းဆတ်မှာ အမှုထမ်းဖို့ ငှားခဲ့တာဖြစ်ပါတယ်။ အလောင်းတွေနဲ့အတူ သိမ်းဆည်းရမိတဲ့ ဓာတ်ပုံတွေထဲမှာ အဲဒီဂျာမန်တွေက တရုတ်စစ်သား၊ ထိုင်းစစ်သားနဲ့ ကရင်စစ်သားတွေ အတော်များများနဲ့ တွဲရိုက်ထားတာကို တွေ့ရပါတယ်။
သေဆုံးသူတွေဟာ ဂျာမန်တွေ ဖြစ်နိုင်ကြောင်း၊ သူတို့အလောင်းတွေဆီကရတဲ့ ဓာတ်ပုံတွေထဲက နှစ်ပုံဟာ သူတို့ ဂျာမန်တွေဖြစ်ကြောင်း ဖော်ပြနေတယ်လို့ မြန်မာအရာရှိတွေက အမေရိကန်သံတမန်တွေကို သီးသန့် အသိပေးပါတယ်။ မြန်မာတွေနဲ့အတူ အလုပ်လုပ်နေကြတဲ့ ဗြိတိသျှစစ်မစ်ရှင်က အရာရှိတွေကလည်း အလောင်းတွေကရတဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးကြည့်ရှုကြပြီး အဲဒီလူသုံးယောက် စလုံးဟာ ဂျာမန်တွေ ဖြစ်မယ်လို့ ကောက်ချက်ချပါတယ်။ ဒါပေမယ့် ရန်ကုန်က သတင်းစာတွေကတော့ “အမေရိကန်” သုံးယောက်သေတယ်ဆိုတဲ့ သတင်းကိုပဲ စိတ်ပါလက်ပါ ရေးကြပါတယ်။ ကေအဲန်ဒီအိုက လီမီဆီကို ရေးတဲ့စာမှာ “ဥရောပတိုက်သား နည်းပြသုံးယောက်” လို့ ရေးထားတဲ့စာ ကို သိမ်းဆည်းရထားတာတောင်မှ မြန်မာအစိုးရက မှားယွင်းတဲ့ အဲဒီထင်မြင်ချက်ကို တမင် လွှတ်ပေးထားလိုက်တယ်။
ထိုင်ပေကို ဖိအားပေးတဲ့ ဝါရှင်တန်
တရုတ်ဖြူ ကျူးကျော်သူတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးဖို့ ဦးနု က ကြေညာလိုက်တဲ့ ၁၉၅၃ မတ်လ ၂ ရက်နေ့မှာပဲ ရန်းကင်က လီမီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယဲ့ ကို ထိုင်ပေမှာ တွေ့ပါတယ်။ လီမီက သူဘာမှ အမှားမလုပ်ကြောင်း၊ မြန်မာနိုင်ငံက သူ့တပ်တွေကို ဆုတ်ပေးဖို့လည်း ငြင်းဆန်ပြီး မြန်မာစစ်တပ်ဟာ ပေကျင်းရဲ့ နောက်လိုက်ဖြစ်လို့ တိုက်ခိုက်ရတာ ဖြစ်ကြောင်း တောင်စဉ် ရေမရ ပြောပြီး သူ့လုပ်ရပ်ကို ကာကွယ်ပါတယ်။ မြန်မာအစိုးရက ကွန်မြူနစ် ဆန့်ကျင်ရေး အစိုးရဖြစ်တယ်လို့ ရန်းကင်ကပြောတော့ မြန်မာတွေက သူ့တပ်ကို တိုက်ရမယ့်အစား ကွန်မြူနစ် သူပုန်တွေကိုသာ တိုက်သင့်တယ် လီမီက သရော်တော်တော်နဲ့ တုံ့ပြန်ပါတယ်။ သူ့တပ်ဟာ တရုတ်နီတပ်တွေ မြန်မာနိုင်ငံကို မကျူးကျော်အောင် တားဆီးပေးထားတာဖြစ်ကြောင်း၊ သူ့တပ်က မြန်မာနိုင်ငံက ထွက်ပြီး ထိုင်ဝမ်းရဲ့ “နိုင်ငံခြားနိုင်ငံ” ကို သွားမှာ မဟုတ်ဘူးလို့ ပြောပြပါတယ်။ အမေရိကန်တို့ရဲ့ အတိတ်က အကူအညီကြောင့် ရန်းကင်ကို ကျေးဇူးတင်ကြောင်းပြောပြီး ထောက်ပံ့ရေး ရပ်ဆိုင်းသွားပြီးတဲ့နောက်ပိုင်း ထိုင်ပေအစိုးရက ထောက်ပံ့ပေးနေတဲ့ ငွေဟာ မလောက်ငတော့ကြောင်း ပြောပါတယ်။ အစတုန်းက ထိုင်ပေက တလကို ထိုင်းဘတ်ငွေ ၅၅၀,၀၀၀ (အမေရိကန် ဒေါ်လာ ၂၇,၇၅၀) ထောက်ပံ့ပေးနေတာကနေ အခုဆိုရင် တလကို ထိုင်းဘတ်ငွေ ၂၀၀,၀၀၀ (အမေရိကန် ဒေါ်လာ ၁၀,၀၀၀) ပေးတော့တယ်လို့ ဆိုပါတယ်။
လီမီက သူ့လုပ်ရပ်ကို ကာကွယ်ပြီး သူ့တပ်ကို ထောက်ပံ့ကူညီပေးဖို့ ကြိုးပမ်းအားထုတ်တာက သူ့ကိုပဲ ပြန်ထိခိုက်စေပါတယ်။ ရန်းကင်နဲ့တွေ့ပြီး တပတ်အကြာ မတ် ၉ ရက်နေ့ ထိုင်ပေမြို့ အပြင်ဘက် ယန်မင်ရှန်း (မြက်ခင်းတောင်ကုန်း လို့လည်း ခေါ်တယ်) မှာ ရှိတဲ့ ဟာဗေး တွိုင်းရဲ့အိမ်မှာ ညစာစာနေတုန်း လီမီ လေဖြတ်သွားတယ်။ ဆရာဝန်မခေါ်ဖို့ လီမီ ကပြောတော့ ဟာဗေး တွိုင်းနဲ့ ထိုက်အန်းကော် တို့ နှစ်ယောက်သားက လီမီကို ယူနန်ပြည်နယ် လွှတ်တော်အမတ် ယွမ် ရဲ့ အိမ်ကို ခေါ်သွားတယ်။ လီမီ သတိရတချက် မရတချက် ဖြစ်နေတဲ့အခါ သူ့မိတ်ဆွေတွေက ထိုင်ပေမြို့ ဗဟိုဆေးခန်းကို ခေါ်သွားကြပါတော့တယ်။ လေဖြတ်တဲ့ဝေဒနာက သက်သာလာခဲ့ပေမယ့် ထူထူထောင်ထောင်ဖြစ်အောင် သီတင်းပတ် အတော်ကြာ အချိန်ယူခဲ့ရပြီးနောက် လီမီဆီမှာ စိတ်ဓာတ်တက်ကြွမှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ လျော့ပါးသွားပါတော့တယ်။
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ဖို့ စီအိုင်အေက ထွက်လာတဲ့ ဝေါ်တာ စမစ် က ဝါရှင်တန်မှာ ရှိတဲ့ တရုတ်သမ္မတနိုင်ငံ သံအမတ်ကြီး ဝယ်လင်တန်ကု (ကုဝေကျွင်း) ကို သမ္မတ အိုင်စင်ဟောင်ဝါ နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒါးလက်စ် တို့ နှစ်ယောက် စလုံးက တရုတ်ဖြူတပ်တွေ မြန်မာနိုင်ငံက “ဖြစ်နိုင်သမျှ အမြန်ဆုံး” ထွက်ခွာရန် လိုလားတယ်လို့ မတ်လ ၆ ရက်နေ့မှာ တဲ့တိုး ပြောပါတယ်။ လီမီရဲ့တပ်တွေ ပြောင်းရွှေ့ထွက်ခွာဖို့ ထိုင်ပေဆီက “မူအားဖြင့် သဘောတူညီချက်” ရအောင် ယူထားဖို့ စမစ် က ရန်းကန် ဆီ ကြေးနန်းရိုက်ပြီး ညွှန်ကြားလိုက်တယ်။ လက်ထောက်ဝန်ကြီး အာလီဆန်နဲ့ အမေရိကန်ပြည်ထောင်စု ဆိုင်ရာနဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဂျိမ်း ဘာရင်တန် နဲ့ မတွေ့ခင် သုံးရက်အလိုမှာ ဖြစ်ပါတယ်။ ထိုင်ပေမှာတော့ လီမီတပ်တွေ ပြောင်းရွှေ့ထွက်ခွာဖို့အတွက် သူ့အနေဲ့ မူအားဖြင့်တောင် သဘောမတူနိုင်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဂျော့ယဲ့ က ရန်းကင်ကို ပြောပါတယ်။
အာလီဆန် ဟာ ခေါင်းမာတဲ့ တရုတ်ဖြူတွေကို စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အပြင် ချန်ကေရှိတ်နဲ့ ဆက်ဆံရတဲ့နေရာမှာ တင်းတင်းမာမာလေးလုပ်ပြဖို့ လိုတယ်လို့ မြင်တယ်။ ဒါ့ကြောင့် မတ်လ ၉ ရက်နေ့ ဝါရှင်တန်မှာ အိုင်စင်ဟောင်ဝါနဲ့ ချန်ကေရှိတ်ရဲ့ ဇနီး တွေ့ကြတုန်းက ထိုင်ပေ အနေနဲ့ တပ်တွေဆုတ်ခွာဖို့ “မူအရ” ကတိပေးစေလိုတာကို ရှင်းရှင်းလင်းလင်းပြောလိုက်ကြောင်း အာလီဆန် ခပ်စွာစွာနဲ့ပဲ ရန်းကင် ဆီ အကြောင်းကြားလိုက်တယ်။ နောက်သုံးရက် အကြာ မဒမ် ချန်ကေရှိတ် ထိုင်ပေကို ပြန်ဖို့ ပြင်ဆင်နေတဲ့ အတောအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ကာကွယ်ရေးဌာနနဲ့ စီအိုင်အေ က အရာရှိတွေက ထပ်ပြောလိုက်ကြတယ် ဆိုတာလည်း ပါတယ်။ ရန်းကင်ရဲ့ ကြေးနန်းဟာ ထိုင်ပေက သူ့ကိုယ်သူ မြန်မာနိုင်ငံနဲ့ စစ်ဖြစ်နေတယ်လို့ မြင်နေတာကြောင့် လီမီရဲ့တပ်တွေ ဆုတ်ခွာရမှာကို အရှုံးလို့ မြင်နေတယ်လို့ သွယ်ဝိုက်ညွှန်းဆိုနေကြောင်း အာလီဆန်က ဖော်ပြပါတယ်။ ချန်ကေရှိတ် အဆိုပြုထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဆိုတာဟာ “မြန်မာ့တောင်းဆိုချက်ကို တရားဝင်ဖြစ်အောင် လုပ်တဲ့ အစည်းအဝေး” ဖြစ်အောင်လုပ်မယ့် သဘောဖြစ်တယ်လို့ ရန်းကင်က မြင်ပါတယ်။ ဒါပေမယ့် ထိုင်ပေက သူ့တပ်တွေ ပြောင်းရွှေ့ဖယ်ရှားပေးဖို့ တောင်းဆိုရန် မြန်မာအစိုးရမှာ အခွင့်အရေး အပြည့်အဝရှိတယ် ဆိုတာကို အာလီဆန်ရဲ့ သတိထားမိတယ်။ နောက်ဆက်တွဲ အနေနဲ့ လေးရက်ဆက်တိုက် စာတတန် ပေတတန်နဲ့ လိုက်ပြီးနောက် “တပ်တွေ ဆုတ်ခွာပေးဖို့ အတွက် တရုတ်အစိုးရက မူအရ မဖြစ်မနေ သဘောတူဖို့ လိုအပ်ပါတယ် … ဒီချဉ်းကပ်မှုကတော့ အရင်က ခင်ဗျားကြိုးစားခဲ့ဖူးတာတွေထက်တော့ ပိုပြီး ထိရောက်လိမ့်မယ်လို့ ကျနော်ကိုယ်တိုင် မျှော်လင့်ထားပါတယ်။ ဒီကိစ္စကို သဘောတူနိုင်ဖို့ အလားအလာ ရှိကြောင်း မဒမ်ချန် ဆီက ကျနော်တွေ့ထားတယ်” လို့ စမစ်က ရန်းကင် ကို တုံးတိတိကြီး ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဖော်စတာ ဒါးလက်စနဲ့ ဝယ်လင်တန်ကု (ကုဝေကျွင်း) တို့ မတ် ၁၉ ရက်မှာ အမေရိကန်−တရုတ်သမ္မတနိုင်ငံ ဆက်ဆံရေးအကြောင်း အထွေထွေ ကိစ္စတွေ ဆွေးနွေးကြတုန်းကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖိအားထပ်ပေးခဲ့တယ်။ သံအမတ်ကြီး ဝယ်လင်တန်ကု ထပြန်မယ် အလုပ်မှာ ဒါးလက်စ် က “ခင်ဗျားတို့တပ်တွေ ဘယ်အချိန်မှာ မြန်မာပြည်က ထွက်မှာလဲ” လို့ ကောက်ကာငင်ကာ မေးလိုက်ပြီး ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဝါရှင်တန်က အလေးအနက်ထားကြောင်း ထပ်ပြောလိုက်ပါတယ်။
နောက်ဆုံးတော့ မတ် ၂၁ ရက်မှာ ရန်းကင်က ချန်ကေရှိတ် ကိုတွေ့ရတဲ့အခါ “မူအရ” သဘောတူပေးဖို့ ဝါရှင်တန်က တောင်းဆိုတာဟာ “အစိုးရလက်အောက်က အဆင့်မြင့် အဖွဲ့အစည်းတွေ စုပေါင်းပြီး ဆုံးဖြတ်ထားတာ” ဖြစ်ပြီး “ဝါရှင်တန်ရဲ့ တောင်းဆိုချက်ကို လက်ခံဖို့ သူ့အစိုးရက ငြင်းပယ်လိုက်မယ် ဆိုရင် အမေရိကန် က တရုတ်သမ္မတနိုင်ငံကို ပေးအပ်တဲ့ အကူအညီကို ထိခိုက်လိမ့်မယ်” လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ရန်ကုန်က ဆီးဘော ရဲ့ အမြင်မှာတော့ နောက်ပိုင်းမှာ ထိုင်ပေက သူ့တိုက မူအားဖြင့် သဘောတူပေးရမယ့် ကိစ္စဟာ “အဓိပ္ပာယ် မရှိဘဲ ကျေနပ်စရာ မကောင်းတဲ့ ဖြေရှင်းနည်းတခု” သာဖြစ်တယ်လို့ ပြောသလို ဖြစ်နေပါတယ်။
မြန်မာတွေ ကုလသမဂ္ဂ တက်ပြီ
၁၉၅၃ မတ် ၂၅ ရက်မှာ ဝန်ကြီး စဝ်ခွန်ချို က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ထရစ်ဗီ လိုင်း ဆီကို “ဖော်မိုဆာ [ထိုင်ဝမ်] ရှိ ကူမင်တန်အစိုးရ၏ ကျူးကျော်ရန်စခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု မြန်မာနိုင်ငံ၏ တိုင်ကြားချက်” လို့ ခေါင်းစဉ်တပ်ပြီး ကြေးနန်းရိုက်ပါတယ်။ “ဖော်မိုဆာကျွန်းက ကူမင်တန် အစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့များ ချထားပြီး ရန်လိုသည့် လှုပ်ရှားမှုများ” ကို ရှုတ်ချပြစ်တင်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် မူကြမ်းကိုလည်း ကြေးနန်းမှာ တွဲလျက် ထည့်ပေးလိုက်ပါတယ်။ ဒါ့အပြင် လုံခြုံရေးကောင်စီကလည်း ဒီကျူးကျော်မှုကို ရှုတ်ချပြစ်တင်ပြီး ရပ်တံ့သွားအောင် ချက်ခြင်းဆောင်ရွက်ရန်လည်း တောင်းဆိုလိုက်ပါတယ်။ ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပိုက်နက် ဂုဏ်သိက္ခာနဲ့ လွတ်လပ်ရေးကို လေးစားကြရန် တိုက်တွန်းကြောင်း ပါရှိပါတယ်။ မြန်မာနိုင်ငံက ပို့လိုက်တဲ့ မူကြမ်းဟာ မတ် ၃၁ ရက်မှာ အထွေထွေညီလာခံရဲ့ ပထမကော်မတီ ဆီ ရောက်သွားပါတယ်။ အမေရိကန် အစိုးရ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲမှု မပါအောင် မြန်မာ ကိုယ်စားလှယ်အဖွဲ့က ရှောင်လိုက်ပြီး ကုလသမဂ္ဂအပြင်ဘက်မှာ ဖြေရှင်းဖို့ စဉ်းစားချင်ကြပါတယ်။ လီမီရဲ့ တပ်တွေ ဆုတ်ခွာခြင်း အတွက် ညှိနှိုင်းနိုင်ရန် အမေရိကန်က ဦးဆောင်ပြီး စစ်ရေးကော်မရှင် တခုဖွဲ့စည်းဖို့ မြန်မာတွေက သီးသန့် အကြံပေးတယ်။ မြန်မာနိုင်ငံက လက်တွေ့အကျိုးကို မျှော်သူတွေက ဒီလို ဖြေရှင်းမှာကို ကျေနပ်ပေမယ့် ဆိုရှယ်လစ်ပါတီ ခေါင်းဆောင် ခေတ္တ နိုင်ငံခြားရေးဝန်ကြီး ခေါင်းမာတဲ့ ဦးကျော်ငြိမ်း က လက်မခံပါဘူး။
တပ်တွေကျူးကျော်မှု၊ ကရင်နဲ့ မွန် သူပုန်တွေကို အကူအညီပေးမှုတွေနဲ့ ပတ်သက်ပြီး ပထမကော်မတီ အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်တွေက ထိုင်ပေကို စွပ်စွဲပါတယ်။ ထိုင်ပေ ကိုယ်စားလှယ် ဒေါက်တာ ကျန်ထင်ဖူ က မြန်မာတွေ စွပ်စွဲတာကို ငြင်းလိုက်ပါတယ်။ သူ့အစိုးရဟာ မြန်မာအစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို အလိုရှိကြောင်း၊ မြန်မာနိုင်ငံမှာ ရှိတဲ့တပ်တွေဟာ ဒေသခံ ပျောက်ကြားတပ်ဖွဲ့တွေသာ ဖြစ်ပြီးတော့ ထိုင်ပေရဲ့ ကွပ်ကဲမှုအောက်က တပ်ဖွဲ့တွေ မဟုတ်ကြောင်း ပြောပါတယ်။ ဒေါက်တာ ကျန်ထင်ဖူ က ထိုင်ပေက လီမီရဲ့တပ် အတွက် ရန်ပုံငွေရှာဖွေတာကို ရပ်လိုက်ပြီကြောင်း၊ အဲဒီတပ်ဖွဲ့ အတွက် လေယာဉ်စင်းလုံးငှားပြီး ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ပေးနေတာနဲ့ ပတ်သက်ပြီးလို့ ငြင်းဆိုပါတယ်။
ဒေါက်တာ ကျန်ထင်ဖူ ရဲ့ ပြောဆိုချက်တွေက တခုမှ မမှန်ပါဘူး။ ထိုင်ပေက လီမီရဲ့တပ်ကို လျှို့ဝှက် ထောာက်ပံ့ရေးကို တိုးချဲ့ရန် လေယာဉ်တွေရအောင် ကြိုးပမ်းနေတယ်လို့ ဝါရှင်တန်က သံအမတ်ကြီး ရန်းကင်2 ကို ပြောလိုက်ပါတယ်။ ထောက်ပံ့ရေးလေယာဉ်တွေ အသစ်လဲဖို့ ထိုင်ပေက တောင်းဆိုတာကို စီအေတီ လေကြောင်းလိုင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဝါရှင်တန်က စီအိုင်အေတွေက (ထိုင်ဝမ်းမှာ မှတ်ပုံတင်ထားတဲ့) စီအေတီ လေကြောင်းလိုင်းက လေယာဉ်တွေကို ချောဆွဲဖို့လုပ်တာပဲလို့ စဉ်းစားပြီး ငြင်းလိုက်ကြတယ်။ ဒီလိုမျိုး ချောဆွဲဖို့ လုပ်တာ၊ ပြောတာတွေနဲ့ ပတ်သက်ပြီး ရန်းကင်က သတိပေး ကန့်ကွက်လိုက်တယ်။
ကုလသမဂ္ဂမှာ ဆွေးနွေးကြတာ ရှေ့ဆက်နိုင်ဖို့ အတွက် ထိုင်ပေက တပ်တွေဆုတ်ခွာပေးဖို့ “မူအားဖြင့် သဘောတူ” ပေးဖို့ အမေရိကန် အစိုးရက တောင်းဆိုတယ်။ မြန်မာဘက်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းပြီး အပစ်အခတ်ရပ်စဲရေးနဲ့ အနည်းဆုံးတော့ ထိုင်ပေရဲ့ ကွပ်ကဲမှုအောက်က အမြဲတမ်းတပ်ဖွဲ့တွေ ပြောင်းရွှေ့ဖယ်ရှားရေး အတွက် တရုတ်သမ္မတနိုင်ငံ စစ်ဘက်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန်က အဆိုပြုတယ်။ မြန်မာက သဘောတူပေမယ့် ထိုင်ပေက သဘောမတူဘူး။
ပထမကော်မတီ အစည်းအဝေးမှာ ဆွေးနွေးကြသူ အားလုံးဟာ မြန်မာနိုင်ငံကို စာနာကာ ပြောဆိုပေးကြပေမယ့် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ဖြစ်ပြီး စွာလှတဲ့ တရုတ်သမ္မတနိုင်ငံကို စွပ်စွဲပြောဆိုဖို့တော့ မဝံ့မရဲ ဖြစ်နေတယ်။ ဒါ့ကြောင့် လီမီဟာ တရုတ်အမျိုးသား တပ်မတော်ရဲ့ လက်ရှိ တာဝန်ထမ်းနေတဲ့ အရာရှိစာရင်းမှာ ပါဝင်နေဆဲဖြစ်ကြောင်း မြန်မာတွေက ကိုယ်စားလှယ်တွေကို အသိပေးပါတယ်။ အပေးအယူကိစ္စ တခုအနေနဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ ထိုင်ပေကို ကျူးကျော်သူ အဖြစ် စွပ်စွဲတဲ့ အချက် ချန်လှပ်ထားလိုက်ဖို့ ဗြိတိသျှတွေက မြန်မာတွေကို တိုက်တွန်းတယ်။ မြန်မာဘက်က သူတို့ကိုယ်တိုင် ဒီလို ပြောင်းလဲဖို့ ငြင်းဆန်လိုက်တယ်။ ဒါပေမယ့် တခြားနိုင်ငံ ကိုယ်စားလှယ်တွေက ဒီလိုပြောင်းလဲဖို့ အဆိုပြုလာရင်တော့ ကန့်ကွက်မဲ မပေးဘဲ ကြားနေဖို့တော့ သဘောတူလိုက်တယ်။
နောက်ဆုံးတော့ ထိုင်ပေကို မရည်ညွှန်းဘဲ “နိုင်ငံခြားတပ်ဖွဲ့တွေ” ဆိုပြီး မက္ကဆီကိုနိုင်ငံက ပြင်ဆင်လာတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ပထမကော်မတီက သဘောတူလိုက်ပါတယ်။ မက္ကဆီကိုနိုင်ငံက ပြင်ဆင်လာတဲ့ မူကြမ်းမှာ ဒီပြဿနာကို လုံခြုံရေးကောင်စီဆီ ဆက်လွှဲဖို့မပါလို့ မြန်မာတွေ ပြင်ဆင်လာတဲ့ နဂိုမူကြမ်းနဲ့ ကွဲပြားပါတယ်။ ယူဂိုဆလားဗီးယား၊ အိန္ဒိယနဲ့ ဆိုဗီယက် အုပ်စုကတော့ မြန်မာနိုင်ငံရဲ့ နဂိုအသုံးအနှုန်းကိုပဲ ထောက်ခံကြပေမယ့် ကိုယ်စားလှယ် အများစုကတော့ မက္ကဆီကို မူကြမ်းကို ပိုကြိုက်ကြတယ်။ အဲဒီမူကြမ်းကို မဲပေးကြတော့ ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ နှစ်မဲ (၅၀−၀−၂) ရှိတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်သမ္မတနိုင်ငံ ကတော့ ကြားနေကြပါတယ်။ လူစုံတက်စုံ တက်ရောက်တဲ့ ဧပရယ် ၂၃ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုလိုက်ကြပါတယ်။ မက္ကဆီကိုနိုင်ငံက ပြင်ဆင်လာတဲ့ မူကြမ်းဟာ ဆုံးဖြတ်ချက် အမှတ် ၇၀၇ (၇) ဖြစ်လာပါတယ်။ ကုလသမဂ္ဂရဲ့ သတ္တမ ပုံမှန် အစည်းအဝေးက စဉ်းစားရမယ့် ၇၀၇ ခုမြောက် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်မှာ မြန်မာ့ပိုင်နက်ပေါ်မှာ ရှိနေတဲ့ “နိုင်ငံခြားတပ်ဖွဲ့တွေ” ကို ရှုတ်ချပြစ်တင်လိုက်ကြောင်း၊ မြန်မာနိုင်ငံက ဆုတ်ခွာသွားဖို့ သို့မဟုတ် မြန်မာနိုင်ငံမှာ လက်နက်အပ်ပြီး အထိန်းသိမ်းခံဖို့ တောင်းဆိုကြောင်း ပါရှိပါတယ်။ ဒီဆုံးဖြတ်ချက်မှာ “လက်ရှိ တိုးတက်ဖြစ်ထွန်းနေသည့် ညှိနှိုင်းဆွေးနွေးများကို [ဘန်ကောက်မှာ ပူးတွဲစစ်ရေးကော်မတီ ဖွဲ့စည်းဖို့ အမေရိကန် ကြိုးပမ်းခဲ့ဖူးတာကို ရည်ညွှန်းပြီး] သင့်လျော်သည့် အဖွဲ့ဝင် နိုင်ငံများနှင့် ဆက်လက်ဆောင်ရွက်” သွားကြရန်၊ အဖွဲ့ဝင်နိုင်ငံတွေကလည်း နိုင်ငံခြားတပ်ဖွဲ့တွေ ပြောင်းရွှေ့ထွက်ခွာဖို့အတွက် အတူတကွ ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းထားပါတယ်။ တိုးတက်မှု အခြေအနေတွေကို လာမယ့် ၁၉၅၃ စက်တင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အဋ္ဌမ အကြိမ် အစည်းအဝေးမှာ မြန်မာနိုင်ငံက လာရောက်တင်ပြပါဖို့ ဖိတ်ခေါ်လိုက်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar